| ဘ၀ဆက်တိုင်း |
|
|
မောင်ရေ...မငိုပါနဲ့။ ကျေးဇူးပြုပြီး မငိုပါနဲ့နော်။ မောင့် မျက်ရည်တွေကို ကျွန်မ ဘယ်တုန်းကမှ ရင်မဆိုင်နိုင်ခဲ့တာပါ။ ပထမဆုံး အကြိမ် မောင် ကျွန်မရင်ခွင်ထဲမှာ ငိုခဲ့ကတည်းက မောင့်ကို ဘယ်တော့မှ မျက်ရည်ကျအောင် မလုပ်တော့ဘူးလို့ ဆုံးဖြတ် ထားခဲ့တာပါ။ အခုလဲ မောင် ...မငို ပါနဲ့နော်။မငိုပါနဲ့ မောင် ။
ဒီရှုပ်ထွေးတဲ့ လောကကြီးမှာ ဘယ်လို ခရီးလမ်းကြမ်းကြမ်း ကျွန်မတို့ တွဲလက်တွေ မြဲနိုင်ခဲ့တယ်။ မောင်ဘေးမှာ ရှိရင် အရာရာကို ရင်ဆိုင်ဖို့ ကျွန်မ၀န်မလေးခဲ့ပါဘူး မောင်ရယ်။ မောင်ပေးတဲ့ တောင်ပံတစ်စုံနဲ့ ဝေဟင်ထဲ ပျံဝဲနိုင်စွမ်း ရှိခဲ့ပါတယ်။ မောင်ရဲ့အေးမြတဲ့ မေတ္တာရိပ်မှာ ကျွန်မ ငြိမ်းချမ်း လုံခြုံခဲ့ပါတယ်။ အနှစ်နှစ် အလလ ခိုင်မြဲတဲ့ မေတ္တာနဲ့ ချစ်ခဲ့တဲ့မောင်၊ အမြဲတမ်း ချူချာတဲ့ ကျွန်မကို " ပိုးလေး" လို့ချစ်စနိုးခေါ်ပြီး ဂရုစိုက်တတ်တဲ့ မောင်၊ ကျွန်မ မျက်နှာကို စာအုပ်တစ်အုပ်လို အရိပ်တကြည့်ကြည့် ဖတ်တတ်တဲ့မောင် ၊ မောင်ရယ်...ဧရာဝတီမြစ်ကြီး စီးဆင်းနေသရွေ့ ကျွန်မတို့ မေတ္တာ မပျက်ကြေးလို့ ဧရာဝတီမြစ်ကြီးကို တိုင်တည်ခဲ့တဲ့ သစ္စာအတိုင်း ကျွန်မတို့ ချစ်ခြင်းတွေ မပျက်ယွင်း ခဲ့ပါဘူးကွယ်။ မောင်ရေ.... ငြိမ်ငြိမ်လေးနေ မနေပါနဲ့။ ကျေးဇူးပြုပြီး...ကျွန်မကို တချက်လောက် ပြုံးပြပါလားမောင်....။ ဒီအချိန်မှာ မောင့်အပြုံးလေးတွေကိုပဲ ကျွန်မ တွေ့နေပါရစေနော်။ မောင့် အပြုံးလေးတွေ၊ မောင့် ရဲ့ပုံရိပ်လေးတွေကို ကျွန်မ အမြဲအမှတ်ရနေမှာပါ။ မောင့်ရဲ့ မထူမပါး မျက်ခုံးလေးတွေရယ်၊ ကျွန်မ မက်မောတဲ့ အညိုလဲ့လဲ့မျက်လုံးလေးတွေရယ်၊ နဖူးမို့မို့လေးတွေရယ် ၊ တိကျသေချာတဲ့ နှုတ်ခမ်းလေးတစ်စုံရယ်၊ ကျွန်မ စိတ်ညစ်တိုင်း ဖွဖွ ပစ်တတ်တဲ့ မောင့်ဆံပင်ကောက်ကောက်လေးတွေရယ်၊ နူးညံ့ပြီးနွေးထွေးတဲ့ လက်ဖ၀ါးလေးတွေရယ်၊ တခါတလေ စိတ်လိုလက်ရ ချီပိုးတတ်တဲ့ မောင့်လက်မောင်းတွေရယ်၊ နောက်ပြီး "ပိုးကြောက်လား"လို့မေးတတ်တဲ့ မျက်ဝန်းအောက်က မှဲ့နက်လေးရယ် ... မောင်ရေ...ကျွန်မ အသေအချာမှတ်မိနေမှာပါ။ မငိုနဲ့နော်.. မောင်။ မောင်ငိုလိုက်ရင် မောင့်ရဲ့ မျက်ဝန်းညိုညိုလေးတွေကို ကျွန်မဘယ်ကောင်းကောင်း မြင်နိုင်တော့မလဲ မောင်ရယ်။ ဒီမျက်ဝန်းလေးတွေနဲ့ ကျွန်မကို မောင်ညှို့ယူခဲ့ပါသလားလို့ ကျွန်မမေးတိုင်း "မောင်က မြွေတစ်ကောင် မဟုတ်ပါဘူး"လို့ဖြေခဲ့တယ်နော်။ မောင်ရယ် မောင်ရဲ့မျက်ဝန်းတွေက ကျွန်မကို တကယ့်ကို ညှို့ယူနိုင်ခဲ့တာပါ။ မောင်အကြည့်တွေမှာ မောင့်စိတ်ကူးတွေ၊မောင့်ခံစားချက်တွေကို ကျွန်မဖတ်လို့ရခဲ့တာပဲ။ မောင်ရေ..အခုလဲ မောင့်မျက်ဝန်းညိုလေးတွေကို ကျွန်မ အသေအချာ လွမ်းနေပြန်ပြီကွယ်။ တကယ်တော့ကျွန်မ ကိုယ်တိုင် မျက်ရည်တွေကြားက မောင်ကို့ မငိုပါနဲ့ လို့ပြောတာ ကျွန်မ မတရားမှန်းသိပါတယ်။ ဒါပေမဲ့ မောင်ရယ် ထုံးစံ အတိုင်း အငိုသန်တဲ့ကျွန်မ မောင့်ရင်ခွင်ကျယ်မှာ ခေါင်းအပ်လို့ နောက်ထပ်တစ်ကြိမ် ထပ်ငိုခွင့်ပြုပါနော်။ မောင်ရေ...ကျွန်မတို့ နှစ်ယောက်မုန်းလို့ ခွဲရတာမှ မဟုတ်တာနော်..။ တကယ်တော့ ကျွန်မ မောင့်ကို အရမ်းချစ်တဲ့ အကြောင်းတွေ ထပ်ခါထပ်ခါ ပြောပြနေချင်သေးတယ်မောင်။ မောင်ကသာ အမြဲတမ်း ချစ်တယ်လို့ စိတ်လိုလက်ရ ခဏခဏ ပြောတတ်ပေမဲ့ ကျွန်မ ကတော့ မပြောပြမိခဲ့ဘူး နော်။ မောင်ရေ...ကျွန်မ ချမ်းလာပြီ...ကျွန်မကိုလာဖက်ပေးပါဦးလားမောင်...။ကျွန်မကြောက်တယ်....။ မောင်ရယ်...အရင်ကတော့လေ ကျွန်မ တစ်ယောက်တည်း လောကကြီးထဲမှာ ကျန်ခဲ့ ရမှာစိုးလို့ အမြဲတမ်း ကျွန်မ အရင်သွားပါရစေလို့ ပြောခဲ့တယ်နော်။ တကယ်က ကျွန်မ တကိုက်ကောင်းဆန်ချင်တာပါ။ မောင့်ကိုပဲ ကျွန်မက နှုတ်ဆက်သွားချင်တာလေ...။ အခုတော့လေ....။ ကျွန်မ မသွားချင်ဘူး မောင်။ မောင့်ကို ခွဲပြီး ကျွန်မ ဘယ်လိုသွားရပါ့မလဲမောင်....။ "နောင်ဘ၀ဆိုတာရှိရင်ကော ကျွန်မကို ချစ်ဦးမှာလား" လို့ မေးတိုင်း "ဘ၀ဆက်တိုင်းချစ်မှာ" ဆိုတဲ့ မောင့်ရဲ့ အသံကိုမှတ်မိနေသေးတယ် ။မောင်ရေ ကျွန်မ ဘ၀ဆက်တိုင်း မောင့်ကို ချစ်ပါရစေနော်...။ တကယ်လို့ နောက်ဘ၀မှာ ပြန်ဆုံခဲ့ရင် မောင်ကို ပထမဆုံးပြောမဲ့ စကားက "ကျွန်မ မောင့်ကို အရမ်းချစ်တယ်" လို့လေ၊။ မောင်ရေ....အရင်ကဆို ကျွန်မ မရှိရင် ဆိုတဲ့ စကားကိုပြောတိုင်း မောင်တားမြစ်ခဲ့တယ်နော်။ ပြောပါရစေမောင်။ ဒီနေ့တော့ ပြောပါရစေ....။ ကျွန်မ မောင့်ဘေးမှာ မရှိတော့ရင်လေ...
... |
|
နားသယ်နားမှာ လေနုလေးတွေနဲ့ အနမ်းလေးတွေ ခြွေတတ်တဲ့ မောင်၊ ကျွန်မလန့်နိုးသွားမှာစိုးလို့ လက်တွေ ကျဉ်လာသည် အထိ မနှိုးရက်ပဲ ပွေ့ဖက်ထားတတ်တဲ့မောင်...မောင်ရေ အခုအချိန် ဆိုရင်မောင် တစ်ယောက် ကျွန်မ ပြန် အလာ ကို မျှော်နေရော့မယ်။ ခွင့်လွတ်ပါ မောင်ရယ်။ ကျွန်မ တောင်းပန်ပါတယ်။ မောင်ကို မချစ်လို့ မောင့်ကို တစ်ယောက်တည်းထားခဲ့ရတာ မဟုတ်ရပါဘူး...။ ကျွန်မလေ မောင်ကို ဘယ်လောက် ချစ်တယ် ဆိုတာ မောင် အသိဆုံးပါ။




Thanlwin Ainmat Online Magazine