Home    Old Issues    Contact   


 
လက်ကလေးများ
နန်းသက်ထား
 

တစ်နိုင်ငံလုံးရှိ ကျောင်းများပိတ်ထား၍ ကျွန်မသည် အိမ်တွင်းအောင်းနေရသည်။ အဖေနှင့်အမေက ကျွန်မတို့ ကလေးများအား အပြင်သို့မထွက်စေပါ။ သတ္တမတန်း ရောက်ရှိနေသော ကျွန်မအတွက် အိမ်တွင် အပျင်းပြေဖတ်စရာ မဂ္ဂဇင်း ၀တ္ထုများကို စီစဉ်ပေးထားသည်။ ကျွန်မသည် အားရင် အမေ့မီးဖိုချောင်ကို ၀င်ရောက်ကူသည်။နေ့ခင်းအားလပ်သည့် အချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကိုကုန်လွန်စေသည်။

ကျွန်မတို့အိမ်သည် အင်းစိန်ဈေးအနီးတွင်း တည်းရှိသည်။ အင်းစိန်ဈေး၏ တစ်ဖက်ခြမ်းတွင် နာမည်ကြီးလှသော အင်းစိန်ထောင်ရှိလေသည်။ အင်းစိန်ထောင်သို့သွားချင်လျင် ဈေးကိုဖြတ်ကာ သွားရသည်။ ဈေးအလွန် တွင် မီးရထားသံလမ်းရှိလေသည်။ တခါတရံ မီးရထားလာသည့်အချိန်များတွင် သံလမ်းဘေးရှိ အတားတံခါး နှစ်လက်ဖြင့် ကားလမ်းကို ပိတ်လိုက်သဖြင့်ကား၊ဆိုင်ကယ် နှင့် ယာဉ်ပေါင်းစုံတို့သည် တန်းစီကာ ရပ်နေကြရသည်။ ကားဟွန်းသံတို့သည် ထိုအချိန်တွင်ဆူညံစွာကြားရလေသည်။ ကားတန်း၏ တစ်ဖက်တစ်ချက်တွင် ဈေးသည်တို့ကို မြင်နိုင်သည်။ ကားရပ်နေရင်း ပါးစပ်နှင့် ဈေးဝယ်သော ကိုယ်ပိုင်ကားစီးနိုင်သည့် အိမ်ရှင်မများကိုလည်းတွေ့နိုင်ပေသည်။

စာဖတ်ရတာ ငြီးငွေ့လာလျင် မျက်စိညောင်းလာလျင် ကျွန်မသည် ဈေးဘက်သို့ လှမ်းမျှော်ကြည့်တတ်သည်။ တခါတလေတွင် ထောင်ကားပြာပြာတို့ကို လှမ်းမြင်ရသည်။ ထိုကားပြာပြာတို့၏ အတွင်းပိုင်းသည် အလင်းရောင်ကောင်းစွာရပုံမပေါ်ပေ။ မှောင်မဲနေ၏ ။ အကျဉ်းကျသူတို့၏ သံတိုင်တို့ကို ဆုပ်ကိုင်ထားသော လက်များကိုသာ မြင်တွေ့နိုင်သည်။ လူဆိုးလူမိုက်တို့သည်သာ ထိုကားပြာပြာပေါ်တွင်ပါသည်ဟူ ကျွန်မမှတ်ယူထားသည်။ သို့ရာတွင် ကျွန်မထင်မြင်ယူဆချက်များကို ပြောင်းလဲစေသော အကြောင်းအရာများ၊ ဘယ်သူကိုမေးရမှန်းမသိ မေးခွန်းများသည် ကျွန်မ၏ ရင်တွင်းသို့ ၀င်ရောက်လာခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်နေပြီဆိုသည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားမှသတင်းကိုကြည့်ခြင်းဖြင့်သော်လည်းကောင်း၊ အိမ်တွင် တိုးတိုးသာဖွင့်သော အဖေ၏ရေဒီယိုမှ အသံတို့ကို ကြား၍လည်းကောင်း ကျွန်မသိရသည်။ ညတိုင် ၈နာရီထိုးလျင် သံပုံးတီးသံတို့ကို ကြားရသည်။ ကျီးလှန့်စားစားနှင့် မာရှယ်လောဆိုသော စကားကို ကြားခဲ့ရသည်။

“မာရှယ်လောဆိုတာ ဘာလဲဖေဖေ”

“စစ်တပ်က အရေးပေါ်လုံခြုံရေးအတွက် ပြဌာန်းတဲ့ဥပဒေလို့ခေါ်တယ် ညမထွက်ရအမိန့်လို့လည်းခေါ်တယ်”

ထိုညမထွက်ရအမိန့် ကြောင့် ညနေ၆နာရီကျော်တွင် အိမ်ရှေ့လမ်းမပေါ်တွင် လူများကိုမတွေ့ရတော့ပေ။ တစ်ချက်တစ်ချက်တွင် ဖြတ်သွားသော ထောင်ကားပြာပြာ၊ ရဲကား နှင့် စစ်ကားများကိုတော့ တွေ့ရသည်။ နံနက်ခင်းတွင်မူ အင်းစိန်ဈေးကား ရောင်းသူ ၀ယ်သူ စည်စည်ကားကားပင်။ ရထားလာမည်ဖြစ်သောကြောင့် အတားတံခါး နှစ်လက်ဖြင့် ကားလမ်းကို ပိတ်ထားလိုက်သည်။ ထုံးစံအတိုင်း ယာဉ်တန်းသည် ဈေးအလယ်တွင်ရပ်စောင့်နေရလေသည်။ ထိုယာဉ်တန်းတွင် ထောင်ကားပြာပြာကိုလည်း လှမ်းမြင်ရသည်။ သံတိုင်များကြားမှ လက်များ ထွက် လာကာ စာရွက်အပိုင်းအစ လေးများကို လွှတ်ချလိုက်သည်။ ထိုစာရွက်စလေးများသည် လေတွင်ဝဲကာမြေပြင်ပေါ်သို့ကျရာ ဈေးသည်တစ်ဦးက ကောက်ယူဖတ်နေသည်ကို ကျွန်မလှမ်းတွေ့လိုက်ရသည်။

“ ကျောင်းသားတွေဟေ့.. တက္ကသိုလ်ကျောင်းသားတွေဟေ့.. ” ဟုထိုဈေးသည်က လှမ်းအော်သံကို ကြားလိုက်ရသည်။ ဈေးသည်များသည် စားစရာမုန့်များကို ထောင်ကားသံတိုင်ကြားမှ ပစ်ပေးနေသည်ကိုလည်းတွေ့နေရသည်။ ကားနောက်ပိုင်းရှိ ထောင်ကားစောင့်သူများက မပေးဖို့ အော်ပြောသံကို ကြားရသည်။ ဟော.. ရုတ်တရက် ရဲများက တုတ်များကို ထုတ်၍ မုန့်ပေးသူများ ကိုရိုက်သလို ကားအတွင်းမှ လက်များကို ရိုက်နှက်တော့သည်။

“အဖေ...အမေ...ရိုက်ကုန်ကြပြီ.. ” ဟု ကျွန်မ အလန့်တကြားအော်ကာ ငိုမိတော့သည်။ အမေသည် အိမ်နောက်ဖေးမှထွက်လာကာ ထိုနေရာဘက်သို့ ကြည့်၍ ခေါင်းကိုတွင်တွင်ယမ်းခါနေသည်။ အမေက ကျွန်မကို အိမ်နောက်ဖက်သို့ ခေါ်ကာ ရေတစ်ခွက်တိုက်လေသည်။

နောက်ရက်များတွင်လည်းများတွင်လည်း ထိုကားပြာပြာနှင့် အကျဉ်းသားတို့ပါသွားသည်ကို မြင်ရတော့ ကျွန်မရင်တွင်းသို့ နာကျင်လာသည်။ အဆိုးဆုံးကတော့ ကျွန်မမြင်လိုက်သည့် ထောင်ကား အတွင်းမှ လက်ကလေးများသည် ကလေးအရွယ် သေးသေးလေးများ ဖြစ်နေခြင်း ပင်ဖြစ်သည်။ ထိုလက်ကလေးများသည် နိုင်ငံတော်ကို ပုန်ကန်သော လက်များလေလော.. ထိုလက်ကလေးများသည် စာသင်ခန်းတွင်း ရှိရမည့်အစား ဘာကြောင့် ဤထောင်ကားတွင်းသို့ ရောက်လာရပါသလဲ။ ဘာကြောင့်ပါလဲ...ဆိုသော ထိုမေးခွန်းသည် ကျွန်မရင်တွင်း သက်ဆင်းရောက်နေခဲ့သည်မှာ နှစ်နှစ်ဆယ်တောင် ရှိပါရော..

   
Thanlwin Official Website

counter customizable free hit