Home    Old Issues    Contact   


 
သူမ၏ အလင်းနှစ်တည်ရှိရာ
နေညိုရနံ့
 

အလင်း (၁)။

နှစ်ဆယ့် နှစ်နှစ် တိုင်တိုင် ရှင်သန်ပျော်မွေ့ခဲ့သော သူမရဲ့ မြို့လေးကို စွန့်ခွာခဲ့ သည်မှာ အကြောင်းရင်း နှစ်ခုပင်ရှိသည်။ တစ်ခုကတော့ အသက်ရှူနေတဲ့ အချိန်အတွင်းမှာ မလွန်ဆန်နိုင်တဲ့ စားဝတ်နေရေးကြောင့်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ သူမရဲ့အတ္တတွေ ဖောက်ခွဲဖို့ရာ၊ အိပ်မက်မြစ်တွေ စီးဆင်းဖို့ရာ၊ လှုပ်ရှားမှုတွေ ကဗျာဆန်ဖို့ရာ၊ စိတ်အင်အားတွေ ထွန်းညှိဖို့ရာ၊ မျက်ရည်မိုးတွေ ကင်းစင်ဖို့ရာ၊ မွန်းကျပ်မှုတွေ ပြေလျော့ဖို့ရာ.. ကုန်ကုန်ပြောရင် အသက်ရှင်ရပ်တည်ဖို့ရာ တစ်ခုတည်းသောသူမ၏ ထွက်ပေါက် ဖြစ်တဲ့ စာရေးခြင်းပါပဲ။ အဲဒီလိုနဲ့ ပဲ သူမ၏ အလင်းနှစ်ရှိရာကို ရင်ကော့ ခေါင်းမော့ပြီး ထွက်လာခဲ့တယ်။ဲမြို့လေးတောင် လွမ်းရနံ့ တွေဝေလို့။

အလင်း (၂)။

ရပ်နေတဲ့ ခြေအစုံထက်မှ သူမရဲ့ ဦးခေါင်း ချာချာလည်နေသလိုလို။ ဦးနှောက်ထဲက memory ရဲ့ power တွေဘယ်ပျောက်ကုန်ပြီမသိ။ ခရီးစဉ်တစ်ခုစလိုက်သည်နှင့် အဆင်မပြေမှုနှင့် အခက်အခဲတွေ တစ်ပြုံကြီးနောက်ကလိုက်နေတတ်တာ သဘာဝလား၊ သူမညံ့ဖျင်းတာလား။ သူမအသက်သွင်းထားသော ကဗျာတွေ၊ ၀တ္ထုတိုတွေ၊ အထပ်လိုက်ပါသော လွယ်အိတ်ကြီးက သူမ၏ စိတ်ဓာတ်နှင့် ခွန်အားကိုဖိချနေသလို။ ဒီတစ်ခါပဲသူမ ရင်ဘတ်ထဲမှာ ဒီလိုခံစားဖူးခဲ့တာ။ များမြှောင်ရှုပ်ထွေးလှတဲ့ လူတွေနဲ့ ကျပ်ပိတ်ညက်နေတဲ့ လမ်းထဲက တိုက်ခန်းများစွာ၊ ဘလောက်များစွာ၊ ခေါက်တုန့် ခေါက်ပြန်ရှာရင်း သူမရဲ့နှုတ်ခမ်းတွေ ခြောက်သွေ့ ခဲ့ရ။ အချိန်တွေကို ကားစီးခြင်းဖြင့် ကုန်လွန်ရသည်ဟု သူမထင်သောလူအချို့မှာ သူမမေးသော မေးခွန်းများကို ဖြေဖို့အချိန်မအား။ တချို့ကျတော့လည်း သူတို့ကိုယ်၌မသိ ယောင်ဝါးဝါး။ ဟာ… အတိတ်ရဲ့နေ့ရက်တွေ တမ်းတမိ။ သူမနဖူးမှာ ချွေးတွေ ရွှဲနစ်ခဲ့ပြီလား။

အလင်း (၃)။

မှတ်စုစာအုပ်ထဲမှ လိပ်စာအချို့ရဲ့ အခန်းဝကိုရောက်တိုင်း ခေါင်းငုံ့ပြီးပြန်ထွက်လာခဲ့သော သူမကို ကိုယ်တိုင်နားမလည်။ ဆွဲပြီးသော ပန်းချီကားတစ်ချပ်ကို ဖုန်းအုပ်ထားတာနှင့် ဆင်တူသလို။ ဒါပေမယ့်သူတို့မှာ ရင်ဘတ်ထဲကအပိုင်းအစတွေကို လှစ်ဟပြမဲ့နေ့တော့ရှိမှာပါ။ သူမကိုယ်တိုင် အရူးအမူးတောင့်တခဲ့သော ဆန္ဒတွေကို သူမကိုယ်တိုင်ပဲ အကောင်အထည်မဖော်နိုင် ဖြစ်နေခဲ့တာ။ ခေါက်ရိုးကြေနေတဲ့ သူမရဲ့ကိုယ်ပွားလေးတွေ ထားခဲ့ရမှာကို နှမြောနေတာလားလို့ အကြိမ်ကြိမ်မေးခွန်းထုတ်မိသည်။ ဒါမှမဟုတ် မထိုက်တန်သေးတာလား။ အမှန်စင်စစ်ဆိုရင် သူမဟာ စာမေးပွဲခန်းထဲဝင်ရဦးမှာပါ။ သူမရဲ့ခေါက်ရိုးလေးတွေက အစစ်ခံရဦးမှာ မဟုတ်လား။ အဆိပ်အတောက်တွေ တတ်နိုင်သလောက် ရှောင်ဖယ်ပြီး ဖန်းတီးထားတဲ့ သူမခေါက်ရိုးလေးတွေကို မျက်လုံးပေါင်းများစွာက ကြည့်ရှုဝေဖန်တာကို သူမကြားချင်ခဲ့တာပါ။ စာမျက်နှာပေါ်ရောက်ဖို့ သူမ ကြံ့ခိုင်ရမယ်လေ။

အလင်း (၄)။

သူမရဲ့မြို့လေးကိုချစ်သည်။ သွေးဆောင်ဖြားယောင်းမှုဖြင့်ဖွဲ့တည်သော ချစ်ခြင်းကိုမုန်းသည်။ ဂျူးရဲ့ စာအုပ်တိုင်းကို ချစ်သည်။ နို့မတိုက်သော မိခင်တိုင်းကိုမုန်းသည်။ ထူးအိမ်သင်၏ သီချင်းတိုင်းကိုချစ်သည်။ ကြယ်မစုံသောညကို မုန်းသည်။ ကားပေါ်တွင် နေရာလုထိုင်သော ယောကျာ်းငယ် များကိုမုန်းသည်။ ကျောင်းက တစ်ခုတည်းသော ကင်(န်)တင်းကိုချစ်သည်။ အမေ့ကို ချစ်သည်။ အဖေ့ဆွေမျိုးများကို မုန်းသည်။ သူမရဲ့စာတွေ ကဗျာတွေကိုချစ်သည်။ သတ္တိမရှိသော သူမရဲ့စိတ်ဓာတ်ကို မုန်းသည်။ ဆင်ခြင်တုံတရားတွေနဲ့ ရေးသီခဲ့သော၊ ရေးသီနေသော စာရေးဆရာများ၏ အသည်းနှလုံးကို ချစ်သည်။ ရုပ်ရှင်မင်းသား၊ မင်းသမီးများ၏ အတွင်းရေးကိုသိလိုသော သူများနှင့် ဖော်ပြပေးသော မဂ္ဂဇင်း၊ စာစောင်များ ကိုမုန်းသည်။ ဒီလိုနဲ့ပဲ သူမရဲ့ခေါက်ရိုးတွေ နေရာမရတာလား ဟုတွေးမိသော်လည်း အဓိက တရားခံအစစ်ကမူ သူမဖြစ်သည်။ ဒွိဟဖြစ်တတ်သော သူမကို သူမမုန်းသည်။

အလင်း(၅)။

ကြယ်ကြွေတာတွေ့ရင်စာရေးသည်။ မျက်ရည်ကျဖို့ ရှိလျှင်စာရေးသည်။ သူငယ်ချင်းနှင့် ပြန်တွေ့လျှင်စာရေးသည်။ အမေ့ကိုချော့ဖို့စာရေးသည်။ စာကျက်၍မရသော ညများမှာ စာရေးသည်။ မီးပျက်လျှင် စာရေးသည်။ ပျော်လျှင်လည်း စာရေးသည်။ အသည်းကွဲတော့လည်း စာရေးသည်။ ချစ်သူကို လွမ်းတော့လည်း စာရေးသည်။ အမှိုက်လိုက် သိမ်းသော ကောင်လေးငယ်ငယ်ကို တွေ့တော့လည်း စာရေးသည်။ AIDS ဖြစ်နေသော အိမ်နီးချင်း သတင်းကြား၍လည်းစာရေးသည်။ စာရေးချင်၍လည်း စာရေးသည်။ စာရေးချင်စိတ် မရှိတော့လောက်အောင် ဘ၀ရဲ့အမောတွေရိုက်ခတ်လာလျှင်လည်း စာရေးချင်စိတ်မရှိပါဘူးဆိုတာကို စာရေးသည်။ အဲဒီလိုနဲ့ သူမရဲ့ ညအိပ်မက်တွေက အမြဲလင်းလက်နေခဲ့တာ။

အလင်း(၆)။

အိုမာခယမ်ရဲ့ ညတွေကို သူမစိတ်ကူးနဲ့လွမ်းကြည့်သည်။ ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာတွေ သူမ အသံထွက်ရွတ်ကြည့်သည်။ ဗင်ဂိုး၏ Starry Night နဲ့တူမလားလို့ သူမညတိုင်း ကောင်းကင်ကို မော့ကြည့်သည်။ ဆရာဇော်ဂျီရဲ့ မဗေဒါကဗျာကို သူမအလွတ်ကျက်သည်။ မေငြိမ်းရဲ့ ပိုးဟပ်ဝတ္ထုဖတ်ပြီးမှ သူမလူတွေကိုပိုကြောက်လာသည်။ စကားပန်းတွေကို ဂျူးရဲ့ဝတ္ထုဖတ်ပြီးမှ မွှေးကြည့်ဖူးသည်။ ကိုတာရဲ့ ရေလောဂျစ် ကိုအထပ်ထပ် ဖတ်ပြီး သူမညတွေ မူးဝေဖူးသည်။ ဆရာ နန္ဒသိန်းဇံရဲ့ “အမှန်မှာ မှားနေတယ်” ကိုဖတ်ပြီး သူမဘယ်လောက်တောင် မှားခဲ့ဖူးသလဲဆိုတာကိုပြန်တွေးမိသည်။ မစန္ဒာရဲ့ ၀တ္ထုနာမည်ကို ဘာကြောင့်ရုပ်ရှင်မှာပါ အတည်ပြုခြင်းမရှိတာလဲဟု သူမ ဦးနှောက်ခြောက်ခံပြီး စဉ်းစားဖူးသည်။ အရှင်ဆန္ဒာဓိက စာတွေဖတ်မိပြန်တော့လည်း သူမဘုရားစင်ရှေ့ ရောက်ရသည်။ အဲဒီလို မြင့်မြတ်တဲ့ အတွေးအခေါ်တွေနဲ့ စီးဆင်းနေတဲ့ သူတို့တစ်တွေရဲ့ စာပေခရီးနောက်က သူမလိုက်ချင်တဲ့အင်အားတွေ သူမကိုယ်တိုင် သူမတွန်းပို့မှရမည် မဟုတ်လား။

အလင်း(၇)။

တဖျစ်ဖျစ် စီးဆင်းနေတဲ့ အသွေးအသားတွေကပေါက်ကွဲ ထွက်တော့မလားထင်ရ လောက်အောင်သူမရဲ့ လက်တွေဆူပွက်ဖူးသည်။ ဆူပွက် နေဦးမှာပဲလို့လည်းသူမ ထင်သည်။ ရင်ဘတ်ထဲက ထိရှတဲ့ အကြောင်းအရာတွေစာမျက်နှာပေါ်မှာ ရောက်ရှိဖို့ သူမမှာ စင်ကြယ်တဲ့ အတွေးအခေါ်တွေရှိသင့်တယ် ထင်ပါတယ်။ သူမ မျမျနဲ့သွေးနေတဲ့ အဲဒီဓားသွား တစ်ချိန်ချိန်မှာတော့ ခုတ်ထစ်ရဦးမှာပါ။ သူမ လိပ်ပြာသန့်သောနေ့ ရောက်လာဦးမှာပါ လို့ သူမ အင်အားတွေ စုစည်းထားသည်။ ဟိုး…ဝေးဝေးမှာ အဖြူဆွတ်ဆွတ် အလင်းပါးတွေစုရုံးနေရဲ့။ သူမနှင့် လက်တစ်ကမ်းမှာလား… ဟိုး ဝေးဝေးမှာလား။ အတိအကျမသိပေမဲ့ အဲဒီခရီးကို သူမကိုယ်တိုင် သွားရလိမ့်မည်။ ကျိုးပဲ့နားကြည်းမှုတွေ မေ့ပျောက်ပြီး၊ တဒင်္ဂဘ၀ဆိုတာကို မသိကျိုးကျွန်ပြုပြီး သွားလိုက်မယ်ပ။ အဲဒီခဏမှာပင် ငြိမ်းချမ်းလိုက်သည့်ဖြစ်ခြင်း။

ရင်ဘတ်ထဲမှာ
အလင်းနှစ်တွေ အုံ့ကျ
အဲဒီညမှာ…
“ငါ” ကျရှုံးခဲ့တယ်။

နေညိုရနံ့
(၂၈-၆-၀၇ ၁၀း၀၀ PM)

   
Thanlwin Official Website

counter customizable free hit