Home    Old Issues    Contact   


 
မြစ်တစ်စင်း
သက်မာ
 

၁ ၊

ဘာကြောင့်ရယ်မှန်း သေချာစွာ မသိပါ။ မိုးတွေသည်းထန်စွာ ရွာတိုင်း ကျွန်မ မိုးရေစက်တွေနဲ့ အတူ နူးညံ့သော မျက်ဝန်းတစ်စုံးကို တခါတရံ သွားသတိရမိသည်။ သေချာပြောရလျှင် မြစ်တစ်စင်းပေါ့။ အပြင်မှာ သည်းသည်းထန်ထန်ရွာနေသော မိုးရေတွေနဲ့ အတူ ကျွန်မ၏ စိတ်များလည်း အတိတ်ဆီကို ကစဥ့်ကလျားပြေးထွက်လို့ . . ။

အခန်း(၁)

အချစ်ကို မြစ်တစ်စင်းလို့ တင်စားခဲ့လျှင် ကျွန်မရင်ထဲမှာ မြစ်တစ်စင်း ဖြစ်ထွန်းခဲ့သည်မှာ အထင်အရှား။ ပို၍ တိကျစွာ ပြောရလျှင် ကျွန်မကိုးတန်းစတက်သည့်နှစ်ကပေါ့။ ပထမဆုံးအကြိမ် ကိုယ့်ဘာသာကိုယ် ကျူရှင်သွားရသည့် လွတ်လပ်မှုကို ကျွန်မအလွန်အမင်း သဘောကျမိသည်။ ပြီးတော့ သွားရသည့်ကျူရှင်က တစ်ခုတည်းမဟုတ်တော့။ ဘာသာရပ်အလိုက်မို့ အနည်းဆုံး ကျူရှင်ငါးခုလောက် ဆက်တိုက်တက်ရသည်။ ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ ကျူရှင် အတူတူတက်ရင်း မုန့်တွေ အများကြီးဝယ်ပြီး လုစားရသည့် အရသာက ဘာနဲ့မှ မလဲနိုင်ခဲ့။ ထို့အတူ မျက်ဝန်းတစ်စုံကို အမှတ်မမဲ့ သတိထားမိခဲ့သည်။ ဒါဟာ မြစ်တစ်စင်း၏ ဖြစ်တည်ခြင်း အစပြုခဲ့ခြင်းပါပဲ။

ကျွန်မမြစ်တစ်စင်းလို့ တင်စားခြင်းမှာ အပိုမဟုတ်ပါ။ မျက်ဝန်းပိုင်ရှင်ရဲ့ နာမည်က မြစ်တစ်စင်းရဲ့ နာမည်နဲ့ ထပ်တူထပ်မျှ တူညီနေလို့ပါပဲ။ ငြိမ်သက်စွာစီးဆင်းနေသော ဤမြစ်တစ်စင်း ကျွန်မရင်ထဲကို တိတ်တဆိတ်ဝင်ရောက်ခဲ့တာကို သိလျက်နဲ့ မတားမြစ်ခဲ့မိတာ ကျွန်မအမှား။ ဤအမှားကိုပဲ ကျေနပ်စွာ လက်ခံမိတာကိုပဲ ကျွန်မကို ကျွန်မ ဒေါသထွက်ရမှာလား၊ ကျွန်မ မဝေခွဲနိုင်ခဲ့။ သေချာတာတစ်ခုကတော့ ကျွန်မထိုမြစ်တစ်စင်းကို ကျူရှင်တက် ကျူရှင်ဆင်းတိုင်း ရှာဖွေခဲ့မိတာတော့ အမှန်။

တိုက်ဆိုင်လွန်းတာပဲလား။ ကျွန်မနဲ့ သူကျူရှင်တော်တော်များများတူနေခဲ့သည်။ ကျွန်မ ဤတူညီမှုတွေကိုပဲ သဘောတကျ ဂုဏ်ယူနေခဲ့မိသည်။ နောက်ပိုင်းတော့ အလုပ်တစ်ခုပိုလာခဲ့သည်။ ဘာရယ်မဟုတ် မြစ်တစ်စင်း၏ စီးဆင်းမှုကို ငြိမ်သက်စွာ ငေးမောနေချင်မိသည်။ ပုံဆွဲတိုင်း ဟသွားတတ်တဲ့ ပါးလွှာတဲ့ နှုတ်ခမ်းလေးတွေ၊ ခေါင်းမော့လိုက်တိုင်း ခေါင်းခါပြီး သပ်တင်လိုက်တတ်တဲ့ ဆံပင်တွေ ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့သူ့ရဲ့ သွားစွယ်လေးတွေ အသေးစိတ် ကျွန်မတစ်ခုချင်း မှတ်သားတတ်လာခဲ့သည်။ အဲဒါကို ကျွန်မအပြစ်တစ်ခုလို့ မမြင်ခဲ့။ ကျွန်မ ခဏခဏလှည့်ကြည့်နေတတ်သောကြောင့် ဘာကြောင့်လဲလို့ မေးလာသော သူငယ်ချင်းကို အားနာနာဖြင့် ရှေ့မှာ လာထိုင်ပါလားဟု ပါးစပ်ဆတ်ဆော့မိသော ကျွန်မ နှစ်ယောက်ထိုင်ခုံမှာ သုံးယောက်ထိုင်ရသည့် ဒုက္ခက တိုးလာသည်။ ကျွန်မအဖြစ်ကို ရိပ်မိသော အချစ်ဆုံးသူငယ်ချင်းက မိန်းမ နင်တော့ ဒုက္ခရောက်မယ်ဟု သတိပေးကြိမ်းဝါးသံကို လှောင်ပြခဲ့မိသော ကျွန်မ အဲဒီတုန်းက မြစ်တစ်စင်းရဲ့ တိတ်ဆိတ်စွာလှောင်ပြုံးခြင်းကို မသိရှိခဲ့။

တနေ့တော့ မြစ်တစ်စင်း၏ တုန့်ပြန်ခြင်းကို ကျွန်မသိရှိခဲ့ရသည်။ ထိုနေ့က ကျူရှင်ကို မမမ်းကတန်းပြောရင်း မျက်ဝန်းတစုံကြောင့် ကျွန်မ ခြေလှမ်းတွေ တုံ့ကနဲ့ နှေးသွားခဲ့ရသည်။ မျက်ဝန်းတစုံမဟုတ်ပါ။ အစုံပေါင်းများစွာသော မျက်ဝန်းများက ကျွန်မကို စူးစိုက်ကြည့်နေခဲ့ခြင်းပါ။ ကျွန်မ မသိချင်ယောင်ဆောင်၍ ကျူရှင်လှေကားပေါ်ပြေးတက်လိုက်သည်။ ထိုအချိန်မှာပဲ နောက်မှ စကားသံသဲ့သဲ့ကြားလိုက်ရသည်။

“မင်းကွာ ဟိုမကျဒီမကျ ပုံကြီးနဲ့ ဘယ်လိုလုပ်မလဲ”

ဝါးကနဲ ရယ်သံကို ကြားလိုက်ရပြီးနောက် ကျွန်မဆက်ကြားနိုင်စွမ်း မရှိတော့ပါ။ ထိုင်ခုံရှိရာသို့ အလျင်အမြန် လျှောက်လာပြီး ကျွန်မအမောဖြေ နေမိသည်။ ဆယ်ထစ်ပင် မပြည့်ချင်သော ကျူရှင်လှေကားကြောင့် မဟုတ်ပါ။ ရင်ထဲက အမောသည် ခုနက စကားတခွန်းကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ အမောဖြေရင်း ကျွန်မကိုယ် ကျွန်မပြန်ကြည့်မိသည်။ အစ်ကို နှစ်ယောက်နှင့် ကြီးပြင်းလာသော ကျွန်မ ဆံပင်တိုတိုကို တစ်လတခါညှပ်တတ်၍ ရှပ်အင်္ကျီနှင့် တီရှပ်သာ ၀တ်လေ့ရှိသော ကျွန်မ၊ စကပ်တိုတို ဒါမှမဟုတ် ဘောင်းဘီတိုသာ ၀တ်လေ့ရှိသော တခါတရံ အမေ၀တုတ်တုတ်ရဲ့ လေးထောင့်ကွင်း ပါတိတ်များကို ယူသမလေ့ရှိသော ကျွန်မ တခါမှ မှန်ကြည့်ပြီး အစပ်အဟပ်တည့် မတည့်မကြည့်ခဲ့ဖူးပါ။ ထိုအချိန်မှစ၍ ကျွန်မ မျက်ဝန်းတစုံကို ရှာဖွေတိုင်း ကျွန်မကို ပြန်လည်စူးစိုက်ကြည့်တတ်သော မျက်ဝန်းပိုင်ရှင်နှင့် ရင်ဆိုင်ရတော့သည်။ မျက်ဝန်းတစုံနှင့် ကျမကတော့ သူ့သူငယ်ချင်းများ၏ မျက်ဝန်းအစုံပေါင်းများစွာနှင့် စပ်ဖြဲဖြဲ မျက်နှာများပါ ရင်ဆိုင်ရတော့သည်။

ဒီလိုနဲ့ ကျွန်မ ငယ်ငယ်နှင့် တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့သည်။ စာမေးပွဲနားနီးလို့ အနီးကပ် ကျူရှင်တွေ ယူတဲ့အခါမှာ အသားညိုညို မျက်ဝန်းပေါက်ကျဉ်းကျဉ်းနှင့် အားပါတရ ရယ်မောတတ်သော ငယ်ငယ့်ကို ကျွန်မ ခင်မင်သွားမိခဲ့သည်။ ငယ်ငယ်နှင့် အတူ ကဗျာများကို ချစ်ခင်သွားခဲ့မိသည်။ တနေ့ ငယ်ငယ် အပျိုစင် မဂ္ဂဇင်း တအုပ်ယူကာပြသည်။ စာမျက်နှာက အပျိုစင်ရင်တွင်းဖြစ် ကဗျာဏ္ဍက သူမ၏ ကဗျာတစ်ပုဒ်။ အဲဒီအချိန်ကစလို့ ကဗျာပိုးက ကျွန်မရင်ထဲ ရောက်ရှိခဲ့သည်။ ငယ်ငယ်နဲ့အတူ ကျူရှင်ပြီးချိန် ကဗျာတွေ ရေးတတ်လာသည်။ ကျွန်မတို့ နှစ်ယောက် ကျူရှင်နားမှာ လက်ဖက်ရည်ဆိုင် ထိုင်တတ်သည့် အကျင့်ပါတတ်လာသည်။ စာဖတ်နေရင်း ကဗျာတွေခိုးရေးလို့ အဖေသိသွားသည့်အခါ အဆူခံရသည်မှာ မနည်းတော့။ ၃၇လမ်းထဲက အပျိုစင်မဂ္ဂဇင်းတိုက်ကို ကဗျာသွားထည့်ရသည်မှာ မဂ္ဂဇင်းတိုက်က လူကြီးတောင် မှတ်မိနေလောက်ပြီ။ အဲဒါနဲ့ပဲ ကျွန်မကိုးတန်း စာမေးပွဲကြီးဖြေခဲ့ရသည်။

နွေရာသီကျောင်းပိတ်ရက်မှာ ကျွန်မ မနားရပါ။ ဆယ်တန်းအတွက်ဆိုပြီး ကျူရှင်တခုပြီးတခု တက်ခဲ့ရသည်။ ကျွန်မ ကဗျာရေးဖြစ်တိုင်း မျက်ဝန်းလေးကို လွမ်းမိသည်။ ဒီအချိန် သူရော ကျူရှင်တွေ တက်နေမှာလား။ အောင်စာရင်းထွက်တော့ ကျွန်မ ကိုးတန်းကို အဆင့်တွေ တသီကြီး ပြုတ်ကျခဲ့သည်။ အရင်က အရှက်မရှိတဲ့မျက်နှာ ပြုံးဖြဲဖြဲ နေနိုင်ခဲ့သော ကျွန်မ ဒီတခါတော့ တစုံတရာကို ရင်ထဲ မှာအောင့်နေသလို။ ကျွန်မ အချစ်ဆုံး သူငယ်ချင်းကလည်း ကျွန်မနှင့် ကျူရှင်မတူနိုင်တော့။ ကျောင်းအခန်းလည်း မတူတော့။ ကျွန်မ ၀မ်းနည်းမိသလိုလို။ ၀မ်းနည်းမှုကို ဘောပင်တချောင်းနှင့် စာအုပ်ထဲချရေးသည်။ မျက်ဝန်းတစုံနှင့် ပတ်သက်၍ ကျွန်မမှာ စာအုပ်တအုပ်ရှိပါသည်။ Diaryမဟုတ်ပဲ ကဗျာတ၀က်ခံစားမှု စာစုတ၀က်နှင့် သောင်းပြောင်းထွေလာ စာတအုပ်ပါ။ ကျွန်မအဖြစ်ကို မြစ်တစင်းသိမှ သိပါလေစ။

ဆယ်တန်းကျောင်းတွေ ဖွင့်တော့ ထုံးစံအတိုင်း ကျွန်မစိတ်တွေ ကျူရှင်တွေဆီ ရောက်တိုင်း မြစ်တစင်းကို ရှာဖွေနေခဲ့မိသည်။ မြစ်တစင်းရဲ့ စီးဆင်းသံကို နားထောင်ချင်လို့ပါ။ ကျွန်မရဲ့ ငိုရှိုက်သံတွေကို နားထောင်ပေးမှာလားဟင်။

အခန်း(၂)

အချိန်တွေ အကုန်မြန်ခဲ့သည်။ ဘာလိုလိုနှင့် ဆယ်တန်းစာမေးပွဲ ဖြေဖို့ အနားကပ်လာခဲ့သည်။ မြစ်တစ်စင်းနဲ့ ကျွန်မ ထိတွေ့မှု နည်းခဲ့သည်မှာ အမှန်။ ကျွန်မလည်း ဆယ်တန်းကို မကျအောင် ဖတ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးခဲ့ရသည်။ တခါတရံ ကျူရှင်အ၀င်ဝမှာ နူးညံ့သော မျက်ဝန်းတစ်စံဆီမှ သိမ်မွေ့သော အပြုံတချို့ကို ရှားရှားပါးပါးရရှိခဲ့ဖူးသည်။ ထိုအပြုံးတွေကြားမှာ စီးမျောပြီး မသွားခင် သူ့သူငယ်ချင်း တချို့၏ စကားသံကို ပြန်လည်ကြားယောင်ဆဲ။ ဒီအခါ ကျွန်မရင်ထဲ မချိုမြပဲ သံရည်ပူလို အသည်းထဲ ဆတ်ဆတ်ခါ နာကျဉ်သွားတတ်သည်။ ကျွန်မ သူမျက်ဝန်းနှင့် အပြုံးတစ်ဝက်ကို မသိကျေးကျွန်ပြုရင်း ကျောခိုင်းလိုက်တတ်သည့် အကျင့်ရရှိအောင် ကြိုးစားခဲ့ရသည်။

ဆယ်တန်းစာမေးပွဲတွေ ဖြေဖို့ အချိန်ရောက်ရှိခဲ့သည်။ မြန်မာစာဖြေပြီး တရှုံ့ရှုံ့ငိုပြီး ထွက်လာသော ကျွန်မကို လာကြိုသော အဖေနှင့် သူငယ်ချင်းတွေက စိုးရိမ်တကြီး ၀ိုင်းမေးကြတော့ ကျွန်မအဖြေက မျဉ်းမတားမိခဲ့လို့ စိတ်ဆိုးရခက် ဆူရခက်နှင့် ထွက်သွားသော သူငယ်ချင်းတွေကို ကြည့်ရင်း မြစ်တစင်းကို ဖျတ်ခနဲ သွားသတိရမိသည်။ အို . . သူဖြေနိုင်မှာပါ။ ဆေးလိုင်းရအောင် စာကြိုးစားနေကြောင်း (ကျွန်မထက် ခြောက်လငယ်သော မိုးတွေသည်းထန်စွာ ရွာသောလတွင် မွေးခဲ့သော သူ့အကြောင်း)ကို သူငယ်ချင်းများမှ တဆင့်သိခဲ့ရသည်။ ကျွန်မရင်ထဲက မြစ်တစင်းရဲ့ စီးဆင်းမှုကို သူငယ်ချင်း တော်တော်များများ သိရှိနေခဲ့ပြီ။ တခါ ကျွန်မရဲ့ စာအုပ်ထဲမှာ မြစ်တစ်စင်းအတွက် ခံစားမှုတွေ သီဖွဲ့ထားတာကို ဖတ်ရှုပြီး မခံချင် ဂရုဏာဒေါသောဖြင့် ဆူထားခဲ့ဖူးသော သူငယ်ချင်းတယောက်ကို ကျွန်မ အကြီးအကျယ် စိတ်ဆိုးခဲ့ဖူးသည်။ မြစ်တစင်းကတော့ ကျွန်မရင်ထဲကို မြင်နိုင်မှာမှ မဟုတ်သည်ပဲ။

ဆက်ဖတ်ရန် >>

၁ ၊

   
Thanlwin Official Website

counter customizable free hit