Home    Old Issues    Contact   


 
သူငယ်ချင်းသို့ပေးစာ (၁၁)
သံလွင်မောင်
 

သို့ . . ဧပရယ်လ်

နင့်ဆီ စာမရေးဖြစ်တာကြာပြီ။ ကြာဆို ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက မဟုတ်လား။ စက်တင်ဘာ ဂယက်ကတော့ တစ်ကမ္ဘာလုံး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ တအံ့တသြဖြစ်ခဲ့ရတာပဲလေ။ ဖြစ်ဆို ကျော်မကောင်း ကြားမကောင်း ဖြစ်ရပ်ကြီးမဟုတ်လား။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားကြတဲ့ ငါတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ရှက်ဖွယ်လိလိ ဖြစ်စရာပဲလေ။ “သံဃာ သရဏံ ဂစ္ဆာမိ” ရမယ့်အစား “သံဃာသရဏံ ဂန်းစာမိ” သွားတယ်လို့ ပြက်လုံးထုတ်သူတွေက ထုတ်ရတဲ့အထိ ဖြစ်သွားတာပေါ့။ ပြောပြန်ရင်လဲ သံလွင်မောင် လွန်ရာကျမယ်ပေါ့ဟာ။ စောစောစီးစီး တောင်းပန်လိုက်ရင် ပြီးသွားမယ့်ကိစ္စကို ခေါင်းမာမာနဲ့ မဟုတ်ဘူး မလုပ်ဘူး ခံငြင်းနေတော့ အဲဒီလောက်ထိ ဖြစ်သွားတာ ဘယ်သူ့အလွန်လဲ။ ငါတော့ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေပဲ လိုချင်တယ်။ ခေါင်းရှောင်တဲ့ ကောင်တွေ .. ခေါင်းမာတဲ့ ကောင်တွေ မလိုချင်ဘူး။ ပြည်သူတွေအတွက် လမ်းမပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာသုတ်ရွတ်တဲ့ ဘုန်းကြီးတွေကို တိုင်းပြည်ဆူပူအောင်လှုံ့ဆော်တဲ့ ဘုန်းကြီးအတုတွေလို့ စွပ်စွဲပြောကြတာ ကြားရတော့ ငါ့မှာ ဘုရားရှင်ကို ပုတ်ခတ်စွပ်စွဲတဲ့ စိဉ္ဇမာနကို သတိရမိသေးတယ်။ အဲဒီကာလတုန်းကများ အချိန်နဲ့တပြေးညီ အင်တာနက်ဘလော့ဂ်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖြစ်ရပ်မှန်သတင်းတွေ၊ ဓာတ်ပုံတွေကို ကိုယ်ကျိုးမငဲ့ဘဲ စွန့်စွန့်စားစားပို့ပေး၊ တင်ပေးတဲ့သူတွေကိုတော့ လေးစားမိတာ အမှန်ပဲ။ အာဖဂန်နစ်စတန်နဲ့ အီရတ်မှာ စစ်ပွဲသတင်းတွေ အရယူနိုင်ခဲ့တဲ့ ဂျပန်သတင်းဌာနတစ်ခုက ဓာတ်ပုံဆရာကတော့ ငါတို့ တိုင်းပြည်ကျမှပဲ သေနတ်နဲ့ အနီးကပ်အပစ်ခံရပြီး သေရရှာတယ်။ သက်သေ အထောက်အထား ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာတာတောင် ဘူးခံငြင်းတတ်တဲ့ စိတ်ဓာတ်က အောက်တန်းကျလွန်းတယ်ဟာ။ ဘယ်မှာလဲ .. စဉ်းစားဆင်ခြင်ဥာဏ်၊ ဘယ်မှာလဲ .. ဆင်ခြင်တုံတရား၊ ဘယ်မှာလဲ .. လောကပါလတရားတွေ.. ။ ငါတို့ မြန်မာတွေဟာ အရိုင်းအစိုင်းတွေ ကိုယ့်လူမျိုးကိုယ်သတ်တဲ့သူတွေ ကိုယ့်ဘာသာသာသနာကိုယ်ဖျက်တဲ့သူတွေ ဖြစ်နေကြတာ ငြင်းလို့မရတဲ့ အမှန်တရားတွေ ဖြစ်နေခဲ့ပြီ ဧပရယ်လ်။

ငါတို့ စင်္ကာပူမှာလည်း စက်တင်ဘာ၊ အောက်တိုဘာလောက်က နိုင်ငံရေး စိတ်ပါဝင်စားသူတွေ လှုပ်လှုပ်ရှားရှား လုပ်လိုက်ကြသေးတယ်။ Orchardမှာ အင်္ကျီအဖြူတွေ ၀တ်ပြီး လမ်းတစ်ခါလျှောက်တယ်။ ပြီးတော့ Posterတွေကိုင်ပြီးလည်း ဆန္ဒပြကြသေးတယ်။ အမလေးလေး . . ငါသတင်းထဲမှာ ပြန်ကြည့်တာနဲ့ ဓါတ်ပုံတွေ တွေ့ရတာကတော့ စင်္ကာပူတစ်နိုင်ငံလုံး ဗုံးခွဲတော့မယ့် လူတွေကို ထိန်းသိမ်းသလိုပဲ။ ဆန္ဒပြသူ တစ်ယောက်ရဲ့ အရှေ့အနောက်ကိုယ်စီက ရဲတွေဝိုင်းထားလိုက်ကြတာ။ အင်္ကျီအဖြူတွေ ၀တ်ပြီး လမ်းလျှောက်တုန်းကလည်း ဒီအတိုင်းပဲ လူလေးဆယ်လောက် ၃ယောက်တတွဲ၊ ၄ယောက်တတွဲလျှောက်ကြတာဟာ။ ဘာစာတမ်း၊ ဘာဆိုင်းဘုတ်မှ မပါသလို၊ ဘာမှလည်း မကြွေးကျော်ပဲနဲ့ နောက်ဆုံးတော့ တစ်ယောက်ချင်းရဲက ခေါ်စစ်ပြီးတော့ ပထမဆုံး လှုံဆော်တဲ့သူလို့ ယူဆရတဲ့ လူနှစ်ယောက်ရဲ့ ကွန်ပျူတာတွေကို သိမ်းထားလိုက်တာ အခုထိပဲတဲ့။ စင်္ကာပူနိုင်ငံကလည်း သာပေါင်း ညာစားပါပဲဟာ။ မြန်မာပြည်က ရွှေဝါရောင်တော်လှန်ရေးကို တကမ္ဘာလုံး ၀ိုင်းရှုံ့ချတော့ အဘိုးကြီးလီက “အသုံးမကျတဲ့ စစ်ဗိုလ်တွေ” ဆိုပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ပေမယ့် သားငယ်လေး လီကတော့ အာဆီယံအစည်းအဝေးမှာ သူ့အဖေ ပြောတဲ့ အသုံးမကျတဲ့ စစ်ဗိုလ်တွေကို ကာကွယ်ပြောဆို ပေးခဲ့ပြန်တယ်။ အင်း . . . ငါလုပ်လိုက်ရ ဒီ “လီ”မိသားစုကတော့ နာတော့မယ်။ (အဟီး ဘာလုပ်မှာလဲလို့တော့ မမေးနဲ့ဟ၊ ငါလည်း မသိဘူး။ သူတို့ရဲ့ လိုတမျိုး မလိုတမျိုး အပြုအမူတွေက လူကြီးလူကောင်းမဆန်တာတော့ အမှန်ပဲ။ ငါကတော့ မကျေနပ်ဘူး)

ငါတို့ သူငယ်ချင်း သံလွင်အိပ်မက် အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဘလော့ဂ်ဂါ နေဘုန်းလတ်တစ်ယောက်တော့ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိဘဲ ဖမ်းဆီး အထိန်းအသိမ်းခံနေခဲ့ရတာ နှစ်လကျော်ကြာခဲ့ပြီ။ အနုပညာကို ခုံမင်မြတ်နိုးပြီး တိုင်းပြည်ကို ချစ်တဲ့ နေဘုန်းလတ်လို စာရေးဆရာ လူငယ်တစ်ယောက်ရဲ့ အနာဂတ်တွေဟာ အာဏာရှင်တစ်စုရဲ့ မတရားအရယူထားတဲ့ အာဏာတည်မြဲရေးကို အနှောင့်အယှက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အတ္တစိတ်တွေ လွန်ကဲမှုကြောင့် အမှောင်ကျခဲ့ရတာ ငါ နှမြောလို့ မဆုံးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားဟာ တစ်နေ့တော့ အနိုင်ရစမြဲဆိုတဲ့စကားကို ငါတော့ သံသယဖြစ်နေမိပြီ မိဧပရယ်လ်။ အဲဒီတစ်နေ့ဆိုတာ ဘယ်တော့လဲဆိုတာ ငါလဲ မတွေးတတ်တော့ဘူး။ သေချာတာကတော့ ငါတို့ တိုင်းပြည်မှာ အဲဒီလိုပဲ လူတစ်ယောက်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ မထင်ရင် မထင်သလို ဖမ်းခေါ်သွားတတ်တဲ့ မင်းမဲ့အကျင့်စရိုက်တွေကြောင့် ငါ့မှာ အလည်ပြန်ချင်တဲ့ စိတ်တွေတောင် အတော်လေး ကုန်ခန်းသွားပြီ။

ဘာလိုလိုနဲ့ သင်္ကြန်တစ်ခေါက်ကျပြန်ပြီပေါ့ ဧပရယ်လ် . ။ နိုင်ငံခြားမှာဆိုတော့ သင်္ကြန်ကလည်း ဟိုနေ့ကျလိုက် ဒီနေ့ကျလိုက်ပါပဲ။ နိုင်ငံခြားကမြန်မာတွေ သိကြားမင်းကို ဖိတ်စာအီးမေးလ်ပို့ပြီး MRT စီးလာခိုင်းတယ်နဲ့ တူတယ်။ နာမည်ကြီး Temasek Polyသင်္ကြန်ကို ဒီနှစ်တော့ ၁၀နှစ်ပြည့်ဆိုပြီး အကြီးအကျယ် Republic Polyမှာ မတ်လ ၂၂ရက်နေ့က လုပ်ကြတယ်။ ထူးထူးခြားခြား ဖြစ်အောင်နဲ့ တူပါတယ်။ ထုံးစံအတိုင်းပေါ့ဟာ ဟာသတွေကတော့ ပြောင်မြောက်ပါတယ်။ ဘာတဲ့ . . . နတ်သဘင် ညီလာခံ ပြဇာတ်မှာ သိကြားမင်းကနေ “ညီလာခံကြီးပြီးတော့မယ် ဆိုတော့ ဆီဈေးတက်ဖို့လိုမယ်”တဲ့။ ဒါနဲ့ပဲ နတ်သားတွေက ပြာပြာသလဲ မေးတော့မှ သိကြားမင်းက “စိစစ်တတ်ဖို့ လိုမယ်လို့ ပြောတာပါ။ မောင်မင်းတို့က ဘာကြားလို့လဲ”တဲ့။ ဒီကောင်တွေ လက်တစ်လုံးခြား လုပ်လည်း လုပ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားကို ရောက်နေပေမယ့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနေကြတဲ့ မြန်မာလူငယ်တွေကို တွေ့တော့ အရမ်းကို ၀မ်းသာအားရမိတယ်ဟာ။ မြန်မာနိုင်ငံမှာနေ မြန်မာနိုင်ငံက ကျောင်းမှာ တက်ပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့်မရကြတဲ့ လူငယ်တွေ အတွက်တော့ ၀မ်းနည်းမိတာအမှန်ပဲ။

ဟုတ်မဟုတ်တော့ မသိဘူး။ ၂၀၁၀ ရောက်ရင် ငါတို့ တိုင်းပြည်မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲပေးမယ်လို့ ပြောနေပြန်ပြီ။ ယုံရခက်ကြီးပါပဲ ဧပရယ်လ်။ အမေရိကန်မှာတော့ ရွေးကောက်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပနေတာ နင် သတင်းတွေထဲ တွေ့မိ မြင်မိမှာပေါ့။ နိုင်ငံရေးငြင်းခုံပွဲတွေ၊ မဲဆွယ်ပွဲတွေမှာ ပြောဆိုကြပုံတွေကို တွေ့ရတော့ ငါ့မှာ Dirty politics နဲ့ တကယ့် မှန်မှန် လုပ်တတ်တဲ့ နိုင်ငံရေးကို ကွဲကွဲပြားပြား တွေ့လာ သိလာရတယ်။ အားလဲကျမိတယ်။ ငါတို့ တိုင်းပြည်မှာ ဒီလိုသာ လုပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိသေးတယ်။ ငါတို့ဆီမှာလို သေနတ်နဲ့ စစ်မထိုးဘဲ စကားနဲ့စစ်ထိုးကြပြီး အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ပါ အကောင်အထည်ဖော်တတ်တဲ့ တိုင်းပြည်တစ်ခုဟာ အောင်မြင်မှုရနေတာ ဘာမှ အံ့သြစရာ မရှိဘူး မဟုတ်လား။ ရီပက်ဘလီကန်ပါတီကပဲ မက်ကိန်းပဲ အနိုင်ရမလား၊ ဒီမိုကရက်က ကလင်တန် ဒါမှ မဟုတ် အိုဘားမားပဲ အနိုင်ရမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။ ဘယ်သူအာဏာရရ ငါတို့ တိုင်းပြည်က ဦးနှောက်အသစ်စက်စက် နဲ့ ခေါင်းရှောင်ကြီးတွေထက်တော့ အပုံကြီးသာမှာ အသေအချာပဲ ဧပရယ်လ်။

ငါတို့ တိုင်းပြည်မှာလိုပဲ တရုတ်ပြည်က မတရားသိမ်းပိုက်ထားတဲ့ တိဘက်မှာလည်း ဖိနှိပ်မှုကို မခံမရပ်ဖြစ်လွန်းတာကြောင့် ဆန္ဒပြကြတာကို အကြမ်းဖက်ဖြိုခွဲမှုတွေ မကြာခင်ကပဲ လုပ်ခဲ့တာ စိတ်ပျက်စရာ အတိပဲဟာ။ သူတော်အချင်းချင်း သတင်းလွေ့ဆိုတဲ့စကားဟာ တကယ့်ကို မှန်တာပဲလို့ ငါအသေအချာသိသွားတယ်။ အိမ်နီးနားချင်း ဆွေမျိုးပေါက်ဖော်တွေကလည်း ငါတို့ တိုင်းပြည်က ကြေးစားလူမိုက်တွေလိုပဲ လက်သံပြောင်တယ်ဆိုတာ ကမ္ဘာက သိအောင် ရဲရဲကြီး ကြေညာလိုက်သလိုပါပဲ။

ငါတို့ တိုင်းပြည်က ခေါင်းရှောင်ကြီးတွေမှာ နောက်ထပ် အိမ်နီးချင်းကောင်း တစ်ယောက်ရှိသေးတယ်ဆိုတာ နင် သတင်းစာတွေထဲ ဖတ်ရသိရမှာပေါ့။ မကြာခင်ကမှ အာဏာရလာတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်လေ။ ငါတို့ တိုင်းပြည်ကို တစ်ခါတည်း ရောက်ဖူးပြီး ပြောလိုက်တဲ့ စကားတွေက လက်လွတ်စပယ် နိုင်လွန်းတယ်ဟာ။ အဲဒီ စကားတွေဖတ်ပြီး ဒီ ထိုင်းဝန်ကြီးချုပ်တော့ မြန်မာပြည်အကြောင်းကို သေသေချာချာသိအောင် လေ့လာဖို့ လိုသေးတယ်လို့ပဲ ငါတော့ စိတ်ထဲ တေးမှတ်ထားလိုက်တယ်။ မြန်မာပြည် ဆင်းရဲ စုတ်ပြတ်လေ.. ထိုင်းက ပျော်လေများ ဖြစ်နေသလားလို့ သံသယ၀င်မိတယ်။ ငါတို့ တပြည်လုံး မီးတွေ အမြဲလိုလို ပျက်နေမှ ငါတို့ တိုင်းပြည်က သယံဇာတ ဓာတ်ငွေ့တွေနဲ့ ထိုင်းမှာ မီးတွေ ထိန်ထိန်လင်းနေမှာလေ။ ပြီးတော့ ငါတို့ တိုင်းပြည်က ထွက်ပြေးလာတဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ဈေးပေါပေါနဲ့ ရတော့ ထိုင်းနိုင်ငံ စီးပွားရေး တက်မယ် မဟုတ်လား။ ဟိုတလောကပဲ ကွန်တင်နာကား နောက်ခန်းထဲကနေ လူ ၁၀၀ ကျော် ထိုင်းနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားရင်း အသက်ရှူကြပ်ပြီး ၅၄ ယောက် သေသွားတယ် ဆိုတဲ့ မြန်မာတွေအကြောင်း ဖတ်ရတော့ ငါသူတို့အစား ရင်နာမိတယ်။ အသက်ရှင်ပြီး လွတ်မြောက်ကျန်နေတဲ့သူတွေမှာလည်း ထောင်ဒဏ်ကျခံရတယ်တဲ့။ အသက်မပြည့်သေးတဲ့ ကလေးအရွယ်တွေကိုတော့ မြန်မာပြည်ကို ပြန်ပို့လိုက်သတဲ့။ ကဲ.. သေလည်း မကောင်း၊ ထောင်ကျလည်း မကောင်း၊ မြန်မာပြည် ပြန်အပို့ခံရလည်း မကောင်း... ။ သြော်.. ဒို့ ရွှေမြန်မာတွေ ကံတက်တာလား.. အကန်အတက်(နင်း) ခံ နေရတာလား မိဧပရယ်လ်။

ဒီနှစ်ပိုင်းအတွင်း အင်တာနက်ကြီးပေါ်မှာ မှိုတွေပေါက်လာတာ နင်သိလားဟင်။ မှိုတွေ ဆိုလို့ Googleမှာ Mushroom ဆိုပြီး သွားမရှာနဲ့ဦးနော်။ ငါပြောတာက မြန်မာဘလောဂ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်မှာ ဘလောဂ်တွေ စရေးနေကြတာကြာပါပြီ သူငယ်ချင်းရေ။ ဒါပေမယ့် ၂၀၀၆ နှစ်ကုန်ပိုင်း နဲ့ ၂၀၀၇ နှစ်ဆန်းပိုင်းတွေမှာ ဘလော့ဂ်တွေကို မြန်မာလိုရေးလို့ရလာတာနဲ့အတူ ဘလော့ဂါတွေလည်း အများအပြားပေါ်ထွက်လာပေါ့။ သူတို့တွေက ရသ၊ ဟာသ၊ ကဗျာ၊ နိုင်ငံရေး၊ ဗဟုသုတ … အို … စုံအောင်လည်း ရေးနိုင်ကြပါတယ်။ တကယ့်စာရေးဆရာတွေလိုပါပဲ။ စည်းလုံးကြတာလည်း မပြောပါနဲ့။ ဘလော့ဂ်တွေမှာ အချင်းချင်းနှုတ်ဆက်ကြရင်းနဲ့ ခင်မင်ကြတာများ ငယ်ပေါင်းတွေလိုပဲဟ။ နင်နဲ့ငါလိုပေါ့။ သူတို့စုပေါင်းလုပ်ကြတဲ့ Seminar ၊ အီးဇင်း၊ ဟာသာဂျာနယ်လေးတွေကနေ အခု သံလွင်အိပ်မက် ကိုသာ ဥပမာကြည့်ပေါ့။ နောက်ပိုင်းတော့ အရောင်ဆိုးချင်တဲ့ ဘလော့ဂါအချို့နဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေကြောင့် စက်တင်ဘာတော်လှန်ရေးအပြီးမှာ ဘလော့ဂ်တွေ အနည်းငယ်တော့ အဆက်အသွယ် ပြတ်သယောင် ဖြစ်နေပါတယ်။ ဒါပေမယ့် သူငယ်ချင်း - ဘလော့ဂါတွေကို ငါယုံတယ်။ သူတို့ဟာ တူညီတဲ့ ခံယူချက်တွေနဲ့ အရေးကြုံရင် မြဲမြဲလက်တွဲကြလိမ့်ဦးမယ်။ သွေးခွဲမှုတွေကို ဥပက္ခာပြုနိုင်ကြလိမ့်ဦးမယ်။ ဘလော့ဂ်လောကအတွက်၊ တိုင်းပြည်အတွက်၊ လူသားတွေအတွက် သူတို့ လုပ်ပေးကြဦးမှာဟ။ ငါယုံတယ် ဧပရယ်လ်။

ကဲ . . . စာလည်း ရှည်နေပြီ။ ငါလည်း ရင်ထဲမှာ သိမ်းထားတာတွေ များလွန်းလို့ ပြည့်ကျပ်ပြီး တစ်ခုပြီး တစ်ခု ရေးလိုက်တာ ကိုယ့်ဘာသာ ကိုယ် ပြန်ဖတ်တော့ အရူးစာကျနေတာပဲ။ ဒါပေမယ့် ကိုယ့်ဘက်ကိုယ်ယက်တဲ့ ကိုယ့်ကောင်းဖို့တစ်ခုတည်းသာ ရေးထားတဲ့ ဟိုဟာကြီးလောက်တော့ မဆိုးသေးပါဘူးနော့်။ နင်လည်း ကျန်းမာရေး ဂရုစိုက်ဦး။ ငါလည်း အခြေအနေပေးတဲ့အခါ၊ တနိုင်ငံလုံး ဆန္ဒတွေ ပြည့်ဝတဲ့အခါ၊ တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာလူငယ်တွေနဲ့ တူတူ တိုင်းပြည်ကောင်းကျိုး သယ်ပိုးဖို့ အရောက်ပြန်လာခဲ့မယ်ဟာ . . .။

နင့်ရဲ့ သူငယ်ချင်း
သံလွင်မောင်

   
Thanlwin Official Website

counter customizable free hit