Home    Old Issues    Contact   


 
အင်တာဗျူး
စာရေးဆရာ ဆရာမောင်သစ်ဆင်းနှင့် စကားစမြည် (ဒုတိယပိုင်း)
 

၊ ၂

ဥပမာလေးတစ်ခုလောက် ပြောပြပါလား။

ဥပမာပြောရရင် - အဖေကပြောဖူးတယ်ဗျ။" ငါ့သား ရှေ့ကိုခုန်လို့မရရင် ဘေးကိုခုန်" တဲ့။ ကျွန်တော် တိုင်းရင်းဆေး သိပ္ပံသွားတက်မယ်ဆိုတော့ အားပေးတဲ့စကားပါ။ ဘာပဲလုပ်လုပ် တနည်းမရတာနဲ့ ရပ်မသွားဘဲ နောက်တနည်းပြောင်းလုပ်ကြည့်တဲ့သဘော။ ဘာမှလုပ်မရပါဘူးလေ ဆိုပြီး စိတ်ပျက် လက်ပျက်ထိုင်မနေဘဲ အနည်းဆုံးတော့ လက်ရှိ အလုပ်မဖြစ်တဲ့ နေရာကနေ ရွေ့သွားဖို့ လိုတယ် ဆိုတဲ့သဘော ဆိုတာ မဂ္ဂဇင်းလုပ်ရင်း ။ စာပေစိစစ်ရေးနဲ့အတူ နှစ်ပါးသွားကရင်း သိလာတယ်ဗျ။ နောက်တစ်ခု ပြောဖူးတာက "ဟေ့ကောင် သံပုရာသီး လက်ထဲရောက်လာလို့ ချဉ်လှချည်ရဲ့ ညည်းမနေနဲ့။ ဖျော်ရည်လုပ် သောက်ပစ်လိုက်တဲ့။" အဲဒါမျိုးတွေပေါ့ဗျာ။ စတီဗင် ကိုဗေး တို့ပြောတဲ့ "ကိုယ်မထိန်းချုပ်နိုင်တဲ့ နယ်ပယ်ထဲမှာ ရှိနေတာတွေအတွက် ၀မ်းနည်းနေတာထက် ကိုယ်ထိန်းချုပ်နိုင်တဲ့ နယ်ပယ်ထဲက အရာတွေကို ပိုကောင်းအောင်လုပ်ရင်း အဲဒီ ကိုယ်ထိန်းချုပ်နိုင်တဲ့နယ်ပယ်ကို တစတစ ချဲ့ထွင်သွားပါ" ဆိုတဲ့ စကားတွေကို ပိုသဘောပေါက်လာတယ်။

နောက် - အဖေ့မိတ်ဆွေတစ်ယောက်ပြောဖူးတာ ကျနော့်စိတ်ထဲစွဲနေတယ်။ အဖေ ငယ်ငယ်က လက်ဝဲအယူအဆနဲ့ နီးစပ်ခဲ့လေတော့ သူ့မိတ်ဆွေတွေထဲမှာ လက်ဝဲသမားတွေရှိတယ်။ တချို့ဖြူ။ တချို့ နီ။ တချို့ ပြာ ပေါ့ဗျာ။ ဖြစ်ပုံကဒီလို။ မွေးချင်းသုံးယောက်မှာ ကျွန်တော်က မဇ္ဈိမပဋိပဒါ သမားဗျ။ ရိုးရိုးပြောမယ်ဆိုရင် အလတ် ပေါ့ခင်ဗျာ။ အကိုတစ်ယောက်။ ညီမတစ်ယောက်ရှိတယ်။ အကိုက ငယ်ငယ်က ညှပ်ဆွဲ မွေး ခဲ့ရတာဆိုတော့ ဖွံ့ဖြိုးမှုနောက်ကျတယ်။ သူ့ကိုမွေးပေးတဲ့ ကုလားဆရာဝန်ကြီးက ဒီကလေး မသေရင် စကား ပြောချင်မှပြောမယ်။ စကားပြောရင် စာသင်လို့ ရချင်မှရမယ် လို့ပြောခဲ့တယ်ဆိုပဲ၊ ဒါပေမယ့် ကံအားလျော်စွာပဲ စကားပြောတတ်တဲ့အပြင် ဆယ်တန်းအထိတောင် ရောက်ခဲ့ပါသဗျာ။ စကားပြောတတ် လိုက်ပုံကလဲ အဖေ ကျွန်တော် မိန်းမယူချင်ပြီလို့တောင် ပြောတတ်ပါတယ်။

အချိန်တန်အရွယ်ရောက်တော့ သဘာဝအတိုင်း ချစ်တတ်ကြိုက်တတ် အချစ်အကြိုက်ခံချင်တတ် လာတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က အဲဒီ သဘာဝကို မေ့နေတယ်ဗျ။ သူ့အခြေအနေနဲ့ အိမ်ထောင်ပြုဖို့မဖြစ်နိုင်ပါဘူးလို့ ယုံကြည်ထားပြီးသား ဆိုတော့ သူ့ကိစ္စက စိတ်ထဲမရှိဘူး။ ကိုယ့်ကိစ္စပဲရှိတယ်။ အဖေကတော့ ခေါင်းခဲတာပေါ့လေ။ ဒါနဲ့ တစ်နေ့တော့ သူ့မိတ်ဆွေတစ်ယောက်လာလည်လို့ လက်ဘက်ရည်ဆိုင်သွားကြတယ်။ ကျနော်လဲ ပါတယ်။ လက်ဘက်ရည်သောက်ရင်း မိသားစုအကြောင်း မေးတော့ အဖေကလဲ အဲဒီကိစ္စထည့်ညည်း လိုက်တယ်။ အဲဒီမှာ အဲဒီလူကြီးက "ဟ - ချစ်မောင် ရ။ သူလဲ လူတစ်ယောက်ပဲကွ။ ဖြစ်မှာပေါ့။ အဲဒါကို မင်းဘာလုပ်ပေးမလဲ စဉ်းစား" တဲ့။ သူပြောတာ ရိုးရိုးလေးပဲ။ ဒါပေမယ့် အဲဒီ ရိုးရိုးစကားလေးက ဗုံးတစ်လုံးလိုပဲ။ ကျွန်တော့်မှာ ရုတ်တရက် ရှော့ ဖြစ်သွားတယ်။ ကျွန်တော့် အကိုဟာ လူတစ်ယောက် တဲ့။ ဟုတ်သားပဲ။ ဘာဖြစ်လို့ ဒါကို ငါမေ့နေခဲ့ရတာလဲ ဆိုပြီး ရှော့ဖြစ်သွားတာ။ ကျွန်တော့်အကိုဟာ လူတစ်ယောက် ဆိုတာ ကျွန်တော် မေ့နေခဲ့တာ။ လူတစ်ယောက်ဖြစ်တဲ့အတွက် လူ့လိုအပ်ချက်တွေရှိမယ်။ လိုအပ်ချက်တွေကို သူကိုယ်တိုင် ဖြည့်ဆည်း လာနိုင်စွမ်း ရှိလာအောင် ငါဘာတွေကူညီခဲ့သလဲ။ သူ့စွမ်းရည်တွေ တိုးတက်ဖွံ့ဖြိုးလာဖို့ ငါ ဘာတွေ လုပ်ပေးခဲ့သလဲ ဆိုပြီး တသီကြီး ဆက်တွေးဖြစ်သွားခဲ့တာ။ ကျနော် ဘာမှ လုပ်မပေးခဲ့မိဘူး။ သူ့ကို မှီခိုသူ တစ်ယောက်အဖြစ် နဲ့ပဲ တလျှောက်လုံး သဘောထားခဲ့တာကိုး။ ထူးဆန်းတာက လူတစ်ယောက် လို့ ပြောခဲ့တဲ့ အဲဒီလူကြီးက လက်ဝဲသမားကြီးဗျ။ လက်ဝဲသမားတစ်ယောက်ဆီက လူတစ်ယောက် ဆိုတာကို အသိအမှတ်ပြုတဲ့စကား အဲဒီမှာ စကြားဖူးတာပဲ။

ဆရာတင်မောင်သန်းနဲ့ သင့်ဘ၀ လုပ်တော့ ကျနော်တို့ရဲ့ မစ်ရှင် က နိုင်ငံကြီးသား စိတ်ဓါတ် ထွန်းကားရေး နဲ့ လူ့တန်ဖိုး ကိုးဗျ။ စာပေစိစစ်ရေးအောက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးတွေ သုံးစွဲခွင့်မရှိတဲ့ အတွက် စကားလုံးလှယ်ပြီး သုံးခဲ့ရတာပါ။ လူသည် အရေးကြီး၊ လူ့တန်ဖိုးသည် အရေးကြီး၊ နိုင်ငံကြီးသား စိတ်ဓါတ်မွေးကြဖို့ အထူးလို လို့ သင့်ဘ၀ ကြေညာ စာတမ်း လို့ဆိုရမယ့် အယ်ဒီတာ့စကား မှာရေးခဲ့ကြတယ်။ အဲဒီမှာပြောတဲ့ လူ ဆိုတာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပြောခဲ့တဲ့ လူသာပဓါန ဆိုတဲ့အဓိပ္ပါယ်နဲ့ လုံးလုံးကွာပါတယ်။ မဆလ ရဲ့လူ က ယေဘုယျ လူ ကိုပြောတာပါ။ သင့်ဘ၀ ရဲ့ လူ က တသီးပုဂ္ဂလလူ ကို ပြောတာပါ။ အဲဒါကြောင့် ကိုတင်မောင်သန်းက သူ့စိတ်ကူးကိုချပြတဲ့အခါ ကျွန်တော့်စိတ်ထဲမှာလဲ ဒိုင်းကနဲ ပွင့်သွားပြီး သင့်ဘ၀ အောင်မြင်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်တာပါ၊ ဒါက ကျွန်တော့်ဘက်က အပိုင်းပါ။ ဆရာ တင်မောင်သန်းကိုလဲ ဒီအကြောင်းတွေ မေးမြန်းကြည့်ဖို့ တိုက်တွန်းပါတယ်။ တစုံတရာ စဉ်းစားစရာ တွေရမှာမို့ပါ။

တုတ်တစ်ချောင်းရဲ့အထ္ထုပတ္တိ (သို့မဟုတ်) ကြောက်စိတ် မျက်နှာဖုံးဆောင်းပါး ဖြစ်ပေါ်လာပုံကလေး လဲ နည်းနည်းပြောပြပါဦး။

ဒီလိုဗျ။ သင့်ဘ၀ကို အသွင်ပြောင်းလဲတော့မယ်ဆိုတော့ လူ၊ လူ့တန်ဖိုး နဲ့ နိုင်ငံကြီးသားစိတ်ဓါတ်တွေ နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပြောကြမယ်ပေါ့။ ပြောတဲ့အခါမှာလဲ မျက်နှာဖုံးဆောင်းပါးတွေ နဲ့တင်ပြမယ်။ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ဖွင့်ကြမယ်။ ကာတွန်းတွေကအစ မျက်နှာဖုံးအကြောင်းအရာနဲ့ ပတ်သက်တဲ့ ကာတွန်းတွေကို တောင်းကြမယ်ပေါ့ဗျာ။ အဲသလိုသွားကြမယ်လို့စိတ်ကူးတာပေါ့။ တင်ပြမယ့် မျက်နှာဖုံးအကြောင်းအရာတွေ စဉ်းစားကြတယ်။ နှလုံးသားကို လေးပေါ် တင်ပစ်သောအခါ၊ သခင်စိတ်ဓါတ်သခင်အကျင့်၊ ကြောက်စိတ်၊ မုသား၊ ခိုးမှု၊ သခင်ပညာရေးနဲ့ ကျွန်ပညာရေး စသဖြင့်ပေါ့ဗျာ။

နောက်ပိုင်း ပြန်ကြည့်လိုက်တဲ့အခါ အဲဒီတုန်းက သင့်ဘ၀မျက်နှာဖုံး အကြောင်းအရာတွေဟာ စိတ်ပိုင်း ဆိုင်ရာအကြောင်းတွေဖြစ်နေသဗျ။ ဈေးကွက်အနေနဲ့လဲ ဘယ်သူမှမလုပ်တဲ့။ မလုပ်ချင်တဲ့ အကြောင်း အရာတွေပေါ့ဗျာ။ ပြီးတော့ ဆရာတင်မောင်သန်းရော။ကျနော်ရောက ၀ထ္ထုတိုရေးတဲ့သူတွေ။ ရသဘက်က လာတဲ့လူတွေပါ။ မျက်နှာဖုံးဆောင်းပါးဆိုတာ ဘယ်တုံးကမှ ရေးခဲ့ဖူးတာမဟုတ်ဘူး။ အင်တာဗျူး ဆိုတာ ဝေးရော။ ကိုတင်မောင်သန်းကလဲ ကျွန်တော်လဲ ဒါတွေမလုပ်ဖူးဘူးဗျ တဲ့။ အင်တာဗျူးဆိုလို့ ချင်းတွင်း မဂ္ဂဇင်းအတွက်ဆိုလား။ မုံရွာတုန်းက တစ်ခါပဲလုပ်ဖူးသတဲ့ဗျာ။ ကောင်းရော။

ဒါပေမယ့် ကျနော်တို့မှာ ယုံကြည်တာ တစ်ခုရှိတယ်။ လေးလံတဲ့ အကြောင်းအရာတွေကို ပေါ့ပါးတဲ့တင်ပြပုံနဲ့ လူတွေကြားထဲ ရောက်အောင်ပို့နိုင်တယ် ဆိုတာကိုပါ။ အဲဒီမှာကျနော်တို့က တင်ပြပုံကို အားကိုးရပါတယ်။ နောက် - ဒီလိုအကြောင်းအရာတွေကို ဒီလိုတင်ပြရင် ဖတ်မယ့်သူ ရှိမှာပဲလို့ယုံကြည်တယ်။ အဲဒီလိုနဲ့ချကြတာပဲ၊

ကြောက်စိတ် ကို မျက်နှာဖုံးဆောင်းပါး တင်ဖို့စိတ်ကူးရတာက ဆရာတင်မောင်သန်းပါ။ ပြောချင်တာ ကလဲ ရိုးရိုးပါပဲ။ လူတွေကို ကြောက်အောင် လုပ်တာမကောင်းဘူး ဆိုတာပါ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး "Freedom from Fear" စာအုပ် အပြင်မှာ ထွက်တာကလဲ သိပ်မကြာသေးဘူး။ တိုင်းပြည်ထဲရောက်လာသမျှလေးကို တိတ်တိတ် ကလေး ဖတ်ကြရတဲ့အချိန်။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ အမြင်မှာက ကြောက်စိတ် ဆိုတာ ကိုယ်နဲ့ပဲ ပတ်သက်တယ်လို့ မြင်သူက များတယ်ထင်ပါတယ်။ ကိုယ့်ကြောက်စိတ်ကိုပဲမြင်ပြီး ဟိုတဘက်ရဲ့ ကြောက်စိတ်ကို မေ့နေကြသလိုပဲ။ ကြောက်စိတ်က အပြောင်းအလဲကို ဟန့်တားပါတယ်။ ကြောက်နေ ရင် အပြောင်းအလဲမဖြစ်ဘူး။ မြန်မာပြည်ကလဲ ပြောင်းလဲမှဖြစ်မှာ။ နှစ်ဘက်လုံးက ကိုယ့်ကြောက်စိတ်နဲ့ ကိုယ်ဖြစ်နေတယ်။ ကိုယ့်ကြောက်စိတ်ဥခွံလေးထဲက မထွက်ရဲဘဲဖြစ်နေတယ် ဆိုရင်တော့ ဘာ အပြောင်းအလဲမှဖြစ်မှာမဟုတ်ဘူး။ အဆိုး သံသရာလည်နေမှာပဲ။ ဒီတော့ ကိုယ်လဲ မကြောက်ရရင် ကောင်းတယ်။ တဘက်ကိုလဲကြောက်အောင် မလုပ်မိစေနဲ့။ ကြောက်အောင်လုပ်တာဟာ ခေတ်နောက်ကျတဲ့ လုပ်ပုံကိုင်ပုံဖြစ်တယ်။ ဒါကိုတင်ချင်တာပါ၊

အကြောင်းအရာကတော့ ရှိပြီ။ ဒီတော့ တင်ပြပုံကိုရွေးရတယ်။ ဘယ်လိုပြောမလဲ။ စဉ်းစားရတာ တော်တော်ကြပ်ပါတယ်။ နောက်မှ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းဟာ အဆင့်ဆင့်ကြောက်ရတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကလေးတွေကတော့ အောက်ဆုံးးမှာရှိနေတာကြောင့် ကလေးကို ပြပြီး ပြောမယ်ပေါ့လေ။ ကလေး စိတ်ပညာလိုလို ဘာလိုလိုပေါ့။ ရေးရမှာက ကျွန်တော် ရေးရမှာတဲ့။ ကလေးပြပြီး ပြောမယ်ဆိုပေမဲ့ ကလေးနဲ့ပတ်သက်လို့ ဘာမှ လုံလောက်အောင် ကိုယ်က မသိဘူး။ ဒီတော့ ပတ်သက်တဲ့ စာတွေဖတ်ရပြန်ရောဗျို့။ ပညာရေးက ဒေါက်တာသိန်းလွင်တို့ကို မေးရမြန်းရပြန်ရော။ မလွယ်ဘူးဗျ။ ပင်ပန်းတယ်။ ဒါပေမယ့် ပျော်တယ်၊ မျက်နှာဖုံးဆောင်းပါးတွေရေးရတာ အသိသစ်တွေ တိုးတယ်။ နဂိုရှိရင်းစွဲ အသိတချို့ ပိုမိုခိုင်မာလာတာတွေရှိသလို။ တချို့အသိတွေ ပြောင်းပြန်လန်သွား တာတွေလဲရှိတယ်။ အဲဒါကြောင့် ပျော်စရာကောင်းတာ။အဲ - ကြောက်စိတ်အကြောင်း ရေးရတာ ကြောက်ကြောက်နဲ့ရေးရတာပါဗျာ။ စာပေစိစစ်ရေးလက်က လွတ်မှလွတ်ပါ့မလားလို့။ တော်သေးဗျာ။ ရှောရှောရှူရှူ လွတ်လာတယ်။ သင့်ဘ၀ပရိသတ်ကလဲ နှစ်သက်ကြတယ် ကြားရတော့ ကျွန်တော်တို့အမောပြေပါတယ်။

ဒီကနေ့ လူငယ်တွေမှာ ဘာလုပ်ရမှန်းမသိတဲ့ ပြဿနာရှိနေတယ်ထင်ပါတယ်၊ တချို့လူငယ်တွေ ဆယ်တန်းအောင်တယ်။ အမှတ်ကောင်းတယ်။ ကြိုက်တဲ့လိုင်းသွားနိုင်တယ်။ ဒါပေမယ့် ဘယ်သွားရ မှန်း မသိဖြစ်နေတယ်။ ကိုယ်ဘာလုပ်လို့ လုပ်ချင်မှန်းမသိဖြစ်နေတယ်။ တချို့လူငယ်တွေလဲ ကိုယ့် အမှတ် နဲ့ မီတဲ့ဟာ တစ်ခုခုယူလိုက်ကြတယ်။ ဘာဘွဲ့ဖြစ်ဖြစ် ဘွဲ့တစ်ခုရဖို့ပဲ။ ဆယ်တန်းမအောင် တဲ့ လူငယ်တွေထဲမှာလဲ ဘာဆက်လုပ်ရမှန်းမသိသူတွေ မနည်းဘူး။ အဲဒီအတွက် တစ်ခုခုပြောပေးပါလား။

အင်း - ကျွန်တော်လဲ အတူတူပဲဗျ။ အဲဒီ ဘာလုပ်ရမှန်းမသိတဲ့ အုပ်စုကြီး ထဲမှာပါခဲ့တာပဲဗျ။ ဗုဒ္ဓဘာသာမှာ လူ့ဘ၀ လူ့အဖြစ်ဟာ အင်မတန်ရခဲတယ်လို့ ယုံကြည်ကြတယ်။ အဲဒီရခဲလှတဲ့ လူ့ဘ၀မှာ ကိုယ့်ကို ကိုယ် ဘာလုပ်ရမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေရတာလောက် အဖြစ်ဆိုးတာ ရှိမယ်မထင်ပါဘူးဗျာ။ ပွဲထဲကလိုပေါ့။ ထွက်ထွက် ဆိုလို့သာ ထွက်လာရတယ်။ ကိုယ့်ကိုကိုယ် သိကြားလား။ ဘီလူး လား။ ဇော်ဂျီလား ဘာကောင်မှန်း မသိဖြစ်နေသလိုပေါ့ဗျာ။ ပြဿနာက ကိုယ့်ကိုကိုယ်သိဖို့ ဆိုတဲ့ ပြဿနာကိုးဗျ။ အဲဒီ ပြဿနာမှာ အပိုင်း နှစ်ပိုင်းရှိတယ်ထင်တယ်။ Know Myself ကိုယ့်ကိုကိုယ်သိလော့လို့ ဆိုပေမယ့် တကယ်တမ်းကျ ကိုယ့်ကိုကိုယ် သိဖို့ဆိုတာ သိပ်ခက်တာဗျ။ ကိုယ့် "ဇ "ကိုယ်သိဖို့။ ကိုယ် ဘယ်ဘက်မှာ သန်တယ်၊ ကိုယ့်အရည်အသွေးဟာ ဘယ်မှာရှိတယ်ဆိုတာ သိဖို့က မလွယ်ဘူး။ တိုင်းကြီး ပြည်ကြီးတွေမှာတော့ ကိုယ့် "ဇ" ကို စစ်ဆေးကြည့် တဲ့ Aptitude test တို့ဘာတို့ ရှိတယ်။ လုံးဝ အားမကိုးရတောင် တစုံတရာ အထောက်အကူတော့ ရတယ်လို့ ကြားဖူးတယ်။ ပြီးတော့ ဟောင်းဝပ်ဂါဒနာ ဆိုတဲ့ ပညာရှင်ကလဲ လူတွေ ရဲ့ ဥာဏ်ရည် ဥာဏ်သွေးတွေဟာ (၁၂)မျိုးလောက်ရှိသတဲ့။ လူတစ်ယောက်ဟာ အဲဒီ (၁၂)မျိုးထဲက အနည်းဆုံး တစ်မျိုးတော့ ရှိနေကြတယ် လို့ဆိုတယ်။ အဲဒီလိုသိရတော့ နည်းနည်းတော့ အားတက်စရာပေါ့။ သူရေးတဲ့ စာအုပ် မြန်မာလို ပြန်ပြီးသားရှိလိမ့်မယ် ထင်ပါတယ်။ ရှာဖတ်ကြ စေချင်ပါတယ်။

လူကြီးသူမ ဆရာသမားများပြောသံကြားဖူးတာတော့ ကိုယ့်ကိုယ်ကိုယ် တရားမှတ်သလို ငါဘာလုပ်ချင်သလဲ ဆိုတာ အမြဲစောင့်ကြည့်တဲ့ အလုပ်ကို လုပ်ကြည့်သင့်တယ်လို့ ပြောကြပါတယ်။ ကိုယ့်ကိုယ်တွင်းက အသံကို ကြားအောင် နားထောင်ကြည့်လို့ ဆိုတယ်။ ကျွန်တော်လဲ ကိုယ့်ရဲ့ အဇ္ဈတ အသံ ဟာ ဘာများဖြစ်လေမလဲ နားထောင် ကြည့်ဖူးတယ်။ ဘာသံမှ မကြားရဘူးဗျာ။ တိတ်လို့ ဆိတ်လို့။ ကျွန်တော် ဒီလိုပြောလို့ အားပျက်မသွားကြစေချင်ဘူး။ ကြားကြသူတွေ ရှိကြပါတယ်။ အဲ - တချို့ ကတော့ ဘ၀အတွေ့အကြုံတွေကို ဖြတ်သန်းရင်းနဲ့ ကိုယ့်ကိုကိုယ် တွေ့ရှိသွားကြသတဲ့။ ဒါကလဲ စောစောကပြောသလို ကိုယ့်ကိုကိုယ် သတိထားနေမှ ဖြစ်မှာကိုးဗျ။ ပြီးတော့ ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်းအားဖြင့်လဲ ကိုယ့် ဇ ကိုယ်သိဖို့ အကြံကောင်း။ နည်းလမ်းကောင်းတွေ ရနိုင်ပါတယ်ဗျာ၊

ဒါက ကိုယ်ဘယ်မှာသန်တယ် ဆိုတာသိဖို့ပါ၊ ဟုတ်ပြီ၊ သိပြီဆိုပါတော့ ၊ ဘ၀မှာ ကိုယ်တကယ် ဖြစ်ချင် လုပ်ချင်တဲ့အတိုင်း ဖြစ်ရဲ လုပ်ရဲ သလား ဆိုတာကလဲ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဗျ။ ဆယ်တန်းမှာ အမှတ်ကောင်းတယ်။ ကြိုက်တဲ့လိုင်းကိုရွေးနိုင်တယ်။ ဟုတ်ပြီ။ ကိုယ့်ကိုကိုယ် သိနေတာက ကိုယ်ဟာ စာပေမှာ သန်တယ်။ ဒါမှမဟုတ် ဒဿနတွေကို စိတ်ဝင်စားတယ်။ ဒါမှမဟုတ် စိုက်ပျိုးရေးဝါသနာပါတယ်။ ကဲ - အမှတ်ကောင်းတဲ့ ကျောင်းသား မြန်မာစာ။ အင်္ဂလိပ်စာ အဓိက ယူဖို့ဆုံးဖြတ်မလား။ တကယ်ယူရဲမလား။ စိုက်ပျိုးရေးတက္ကသိုလ်သွားမလား။ စနစ်က ဘယ်ဘာသာရပ်တွေကိုမဆို တိုင်းပြည်က လိုအပ်နေတာချည်းပဲ။ ဘာသာရပ်တိုင်းမှာ လူတော်တွေ။ ဥာဏ်ရည်မြင့် သူတွေ လိုအပ်နေတာချည်းပဲ။ ဒါပေမယ့် စနစ်က ဘာသာရပ်တွေကို အယုတ် အလတ် အမြတ် ခွဲခြား ထားလိုက်တဲ့အခါ မြတ်တယ်လို့ စနစ်က သတ်မှတ် ထားတာကို ရယူခွင့်သူဟာ သူကြိုက်တဲ့ ဘာသာက အယုတ် စာရင်းထဲပါနေရင် အဲဒါကို သူယူရဲမလား။ ဒါ ကိုယ့်ကိုကိုယ် မေးရမယ့် မေးခွန်းဖြစ်သွားပြီ။သူ ရင်ဆိုင်မှာတွေက အများကြီး။ ဈေးကွက်အရ လူတကာ မက်မောတဲ့လိုင်းတွေ။ လိုင်းကောင်းလို့ စနစ် နဲ့ အများက သတ်မှတ် ထားတာတွေကို စွန့်လွှတ်ဖို့ သူ အများကြီးရင်ဆိုင်ရမယ်။ စနစ်ရဲ့သြဇာကို ရင်ဆိုင်ရမယ်။ မိဘ ဆွေမျိုး တွေရဲ့ သြဇာကိုရင်ဆိုင်ရမယ်။ အပေါင်းအသင်းသြဇာကိုရင်ဆိုင်ရမယ်။ လူ့အဖွဲ့အစည်းရဲ့ သြဇာကို ရင်ဆိုင်ရမယ်။ နောက်ဆုံး အရေးအကြီးဆုံးက ကိုယ့် စိတ် ကိုယ် ရင်ဆိုင်ရမယ်။ ကိုယ့်ကိုကိုယ် တကယ်သိသလား။ သိတဲ့အတိုင်း ဆုံးဖြတ်ရဲသလား။ ဆုံးဖြတ်တဲ့ အတိုင်း လုပ်ဝံ့သလား။ ဘယ်သူကမှ သူ့ကိုယ်စား ဆုံးဖြတ်ပေးလို့မရဘူး။ သူကိုယ်တိုင် ဆုံးဖြတ်ရမှာ။ သူ့မှာ ရှိတဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိပေါ် တည်မှာပဲ၊ ဒီလိုလူတွေ နယ်ပယ်တိုင်းမှာ များများရှိရင် တိုင်းပြည် တိုးတက်မယ်ဗျ၊ ဒီကိစ္စကိုလဲ ဆရာတင်မောင်သန်းကို မေးသင့်ပါတယ်ဗျာ။ သူက ဖြစ်သင့်တာ။ ဖြစ်ချင်တာ။ ဖြစ်နေတာနဲ့ လောကကြီးမှာတစ်နေရာ ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါး ရေးခဲ့တာဗျ။ ပြီးတော့ သူ့မှာ ကိုယ်တွေ့ခံစားချက်တွေရှိတယ်။ မေးကြည့်။

အခု အင်တာနက်မှာ မြန်မာလူငယ်တွေ ဘလော့ တွေရေးနေကြတယ်၊ ဖတ်ဖြစ်လား၊ ဘယ်လို သဘောရ သလဲ။

ဖတ်ဖြစ်ပါသဗျာ။ ကြိုက်တယ်။ ဘလော့ ဆိုတာ စာနယ်ဇင်းစကားနဲ့ ပြောရင် ပြည်သူ့သတင်းပဲဗျ။ citizen journalism ပဲ။ ဖြစ်ရပ်တစ်ခုကို သူမြင်တဲ့ တွေ့တဲ့အတိုင်းတင်ပြတာပဲ။ အခုဆို ဒစ်ဂျစ်တယ် ကင်မရာတွေ။ မိုဘိုင်းဖုန်းတွေ။ တခြားနည်းပညာတွေနဲ့ဆိုတော့ ဒီကနေ့ ဘလော့ဂါ တွေရဲ့တန်ခိုးက မသေးတော့ဘူးဗျ။ ဒါတွေကနေ citizen journalists တွေ မွေးထုတ်ပေးလိုက်တယ်၊ အခုဖြစ်နေတဲ့ မြန်မာပြည်က သံဃာတော်တွေရဲ့ ကံဆောင်တဲ့ ကိစ္စကိုပဲကြည့် အခုဖြစ် အခု ကမ္ဘာပြန့််သွားတယ်။ အချိန်နဲ့တပြေးညီ သတင်းတွေပို့နိုင်တယ်။ မြန်မာစစ်အာဏာပိုင်တွေ ဘက်က ဘယ်လိုမှလုပ်လို့မရဘူး။ ၁၉၈၈ ကသာဆို ဒီလိုမျိုး ဘယ်ရမလဲ။ ဝေးသေး၊ နည်းပညာ သရဏံ ဂစ္ဆာမိ လို့ ဆိုရမယ့်ကိန်းပဲ။

အခုလို သံလွင်အိပ်မက် မဂ္ဂဇင်းအတွက် စိတ်ရှည်လက်ရှည် ဖြေကြားပေးသော ဆရာမောင်သစ်ဆင်း နှင့် အင်တာဗျူးအတွက် အစအဆုံးကူညီပေးသော ကိုနေလင်းတို့အား သံလွင်အိပ်မက် အဖွဲ့သားများမှ အထူးကျေးဇူးတင်ရှိပါသည်။

၊ ၂

   
Thanlwin Official Website

counter customizable free hit