Home    Old Issues    Contact   


 
အင်တာဗျူး
စာရေးဆရာ ဆရာမောင်သစ်ဆင်းနှင့် စကားစမြည် (ဒုတိယပိုင်း)
 

၁ ၊

ကလောင်နာမည်ဟာ အရေးကြီးတယ်ထင်ပါသလား။

မလွဲနိုင်တာပြောရရင်တော့ ကလောင်နာမည်ထက် အဲဒီကလောင်က ရေးထုတ်လိုက်တဲ့ စာက ပိုပြီးအရေးကြီးတာပေါ့ နော၊ စာကလေး တစ်ထွာတစ်ညို စရေးကာစတုန်းကတော့ ကလောင်သစ် ကလေးတွေအဖို့ ကလောင်နာမည်ဟာအရေးကြီးတယ်လို့ ပြောဆိုဆုံးမကြတာ ကြားနာဖူးပါတယ်၊ ကလောင်နာမည်ဟာ ဆွဲဆောင်မှုရှိရမယ်။ စိတ်ဝင်စားစရာကောင်းရမယ် စသဖြင့်ပေါ့ဗျာ၊ တကယ်ကတော့ စာကအရေးကြီးတာပါလို့ခံယူပါတယ်၊ စာကောင်းရင် ဖတ်သူရှိပါတယ်၊ ဒါပေမယ့် စာသာအဓိကဆိုလို့ ပေါက်ကရနာမည်တွေယူပြီးရေးလဲဖြစ်တာပါပဲ လို့ဆိုလိုတာတော့ မဟုတ်ပါဘူး၊ ဘယ်နေရာမဆို အသင့်အတင့်ပေါ့ဗျာ။

တကယ်တော့ ကလောင်နာမည်ဆိုတာ ကျနော်တို့ မြန်မာမှု မဟုတ်ဘူးထင်ပါတယ်၊ ရှေးမြန်မာ စာဆိုတွေမှာ ကလောင်နာမည်ဆိုတာမရှိပါဘူးဗျာ။ ၀န်ကြီးပဒေသရာဇာ။ ရှင်ဥတ္တမကျော်။ မြ၀တီ မင်းကြီး ဦးစ။ ဦးပုည စသဖြင့် နာမည်ရင်းတွေလို့ပဲထင်ပါတယ်။ အင်္ဂလိပ်ခေတ်ရောက်မှ ကလောင် နာမည်ဆိုတာကို မြန်မာတွေ စကျင့်သုံးလာသလားမသိဘူး။ ကိုယ့်ကို လူသိမခံချင်လို့ ကလောင် နာမည်ဆိုတာ ယူကြတယ်လို့ကြားဖူးတာပဲဗျ။ အဲဒီကနေ အစဉ်အလာဖြစ်သွားထင်ပါရဲ့။ ဘာပဲ ဖြစ်ဖြစ်လေ။ ကလောင်နာမည်ယူမယ်ဆိုရင်လဲ ပေါ့ပေါ့ဆဆတော့ မလုပ်သင့်ဘူး ထင်ပါတယ်။ နာမည်ကြားလိုက်တာနဲ့ ခံစားမှုတစ်ခုရသွားတာမျိုးလေးတော့ရှိသင့်တယ်ထင်တာပဲဗျာ။ ဥပမာ ဆိုပါတော့- ဂျူး တဲ့။ ချစ်စရာမကောင်းဘူးလားဗျာ။ ဟော - တင်မိုး တဲ့။ နာမည်ကြားလိုက်တာနဲ့ ခင်မင်ချင်စရာကြီး။ မောင်စွမ်းရည်တဲ့။ လေးစားစရာ ကောင်းတယ်။ မောင်သစ်ဆင်းတဲ့။ ကြည်ညိုဖို့ တောင် ကောင်းပါသဗျာ။ ဟဲ ဟဲ ဟဲ။ အလကားပြောတာ။ အခု အဲဒီ မောင်သစ်ဆင်း ကလောင် နာမည် ကို မကြိုက်ပြန်ဘူး။ ဒါပေမယ့် ယူပြီးမှတော့လဲ ပြောင်းမနေချင်တော့ဘူးပေါ့ဗျာ။

ဝတ္တုတို ဘယ်နှစ်ပုဒ်လောက်ရေးဖြစ်ခဲ့ပါသလဲ။

မများပါဘူးဗျာ၊ အင်မတန် စာရေးပျင်းပါတယ်၊ အဲဒါတစ်ခုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာလို့ သိပ်မထင်ဘူး၊ သူများက သတ်မှတ်ရင်လဲ စိတ်မလုံသလိုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ စာရေးဆရာ ဆိုတာ စာမရေးပဲ မနေနိုင်တဲ့သူရယ်လို့ ဖတ်ဖူး မှတ်ဖူးထားတာကိုး။ ကျနော်က စာမရေးပဲလဲ နေလို့ရသဗျ၊ အဲ - တစ်ခုကလဲ ကိုယ် ရေးချင်စိတ်ရှိတာလေးတွေကို လက်ဘက်ရည်ဝိုင်းမှာ ဖြစ်ဖြစ်။ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ထုတ်ပြောလိုက်ရရင် စိတ်ထဲ အာသာပြေသွားသလိုဖြစ်ပြီး တော်တော်နဲ့ မရေးဖြစ်တော့တာလဲ ပါသပေါ့ဗျာ၊ အဲ- အာရုံထဲက မထွက်နိုင်ဖြစ်နေပြီး လက်တရွရွ ဖြစ်နေတာမျိုးတော့ ရှိဖူးပါတယ်၊ ဒါပေမယ့် နည်းတယ်၊ အဲသလို ဖြစ်တာမျိုးကပဲ စာရွက်ပေါ်ချရေး ဖြစ်သွားတာပါ၊ အပုဒ် သုံး လေးဆယ်လောက် ရေးဖြစ်ခဲ့တဲ့ထဲက မဂ္ဂဇင်း စာမျက်နှာ တွေပေါ် ရောက် တာက တစ်ဝက်လောက်ပဲရှိပါတယ်၊ ကျန်တာတွေက စာပေစိစစ်ရေးမှာ အဖတ်မတင် သားလျှော သွားကြသဗျ။

ရေးခဲ့သမျှထဲက အကြိုက်ဆုံး ၀တ္ထုတိုတစ်ပုဒ်ပြောပါဆိုရင် ဘာများဖြစ်မလဲ။

ကျိန်စာ ဆိုတဲ့ ၀တ္ထုတိုလေးတော့ နည်းနည်းအားရသလိုပဲ၊ ဖတ်မိသူတွေကလဲ ကြိုက်တယ် ပြောကြ ပါတယ်။

အဲဒီ ကျိန်စာ ၀တ္ထုတိုအကြောင်း နည်းနည်း ပြောပြပါလား။

ဒီလိုဗျ။ ပြောချင်တာက တစတစအခြေအနေတွေ ယိုယွင်းပျက်စီး လာနေတဲ့ မြန်မာနိုင်ငံက ပညာရှင် တွေရဲ့ ဒုက္ခ။ အဲဒီ အကြောင်းအရာက စိတ်ထဲမှာ သန္ဓေတည်နေတာတော့ ကြာပြီဗျ။ ရှစ်လေးလုံး အရေးအခင်းမတိုင်ခင် မဆလခေတ်ကတည်းကပဲ။ ကျွန်တော့ စိတ်အခံက ပညာနဲ့ ပညာရှင်တွေကို စိတ်ဝင်စား လေးစား ကြည်ညိုရင်းစွဲရှိတော့ အမြီးအမောက်မတည့်လှတဲ့ ခေတ်စနစ်ထဲက မြန်မာ ပညာရှင်တွေရဲ့ ဘ၀အမောတွေ အကြောင်း မြင်ရ ကြားရ တဲ့အခါ ရင်ထဲမှာမကောင်းဘူး။ ပညာရှင် ဆိုတာ ကိုယ့်ဆိုင်ရာ ဘာသာရပ် နယ်ပယ်ထဲမှာ ဘ၀မြှုပ်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြသူတွေကိုးဗျ။ ဒါက နိုင်ငံတကာက ပညာရှင်တွေအတွက် ပုံမှန်ပဲ။ ဒါပေမယ့် ကျနော်တို့ ရွှေပြည်ကြီးမှာ ပညာရှင်ဖြစ်ကြ ရရှာသူတွေမှာတော့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းမှမလုပ်နိုင်ကြဘဲဗျာ။ အရာအားလုံးဟာ အ၀ိဇ္ဖာတရားရဲ့လက်အောက်ခံ ဖြစ်နေရတဲ့ အခြေအနေကြီးထဲမှာ ပိတ်မိနေကြတာကိုး။ မသိမှု အ၀ိဇ္ဖာကနေ ဝေးရာကိုခွာဖို့ ၊ သိမှုဝိဇ္ဖာ ဆီကို ချဉ်းကပ်ဖို့ ၊ တဖြည်းဖြည်း ပိုပိုသိသိလာဖို့ စူးစမ်းရှာဖွေတာဟာ ပညာရဲ့သဘောနဲ့။ ပညာရှင်ရဲ့ သဘာဝပဲမဟုတ်လားဗျာ။ ဒါပေမယ့် ၀ိဇ္ဖာတရားကို တွေ့ရှိဖို့ ဆောင်ရွက်ကြရတာ ဖြစ်တဲ့ ပညာရှင်တွေဟာ ဘာမှမသိတဲ့၊ ကိုယ်ဘာမှမသိဘူးဆိုတာ ကိုလဲ မသိတဲ့ အ၀ိဇ္ဖာသမားတွေ အောက်မှာ ရောက်ကြရတဲ့အခါ ဘာတွေဖြစ်ကုန်သလဲ။ အားလုံး သိကြတာပါပဲ။ အခုလို အခြေအနေကို ဆိုက်ရတာပဲပေါ့။ ဒီလို အခြေအနေအောက်က ပညာရှင် တစ်ယောက် ရဲ့ အလုပ်ဘ၀။ ကိုယ်ပိုင်ဘ၀။ မိသားစုဘ၀။ အနာဂတ်ဘ၀။ အဲဒါကိုရေးတာပါ။

မြန်မာပြည်မှာ ပညာရှင်ဖြစ်ရတာ ကျိန်စာသင့်နေသလိုပဲ ဆိုတဲ့အဓိပ္ပါယ်ပေါ့နော်။

မကဘူးဗျ။ မြန်မာပြည်ကိုယ်ကို်ုက ကျိန်စာသင့်ခံနေရတာ၊ ကမ္ဘာကြီးပညာခေတ်ထဲ ရောက်နေချိန်မှာ ကိုယ့်တိုင်းပြည်က ပညာရှင်တွေ အံကြိတ် မျက်ရည်ကျ နေရတယ်ဆိုရင် အဲဒါဟာ တိုင်းပြည် အတွက် ကျိန်စာ တစ်ခုဗျ။ အနာဂတ်အတွက် ကျိန်စာဗျ။ ကျိန်စာသင့်နေတဲ့ တိုင်းပြည်ကြီးဗျ။

အဲဒီကျိန်စာ ပြယ် ဖို့ဆိုရင် ----

ကျွန်တော်လဲ အဲဒါသိချင်နေတာပဲ။ ကျိန်စာပြယ်အောင် ဘယ့်နှယ်လုပ်ကြမလဲပေါ့။

စာရေးဆရာတွေဟာ ထွက်ပေါက်ပေးနိုင်ရတယ်လို့ ဝေဖန်ကြတာ ကြားဖူးတယ်။

ဟာ - အဲသလိုပေးနိုင်ရင် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် စာရေးဆရာလဲ လူထဲကလူပဲဗျ။ လူများစု ခံစားတဲ့အတိုင်း။ တွေးတဲ့မြင်တဲ့အတိုင်း သူလဲခံစားတွေးမြင်တာပါပဲ။ တခုပဲကွာတယ်ထင်တယ်။ အဲဒီ ခံစားတွေးမြင်ပုံကို ပြန်ပြောတဲ့နေရာမှာ သူပြောပုံပြောနည်းပေါ့ဗျာ၊ သူပြောတာက အနုပညာ မြောက်တယ်ဆိုရင် စိတ်ညစ်စရာ အကြောင်း တွေကိုပဲပြောနေဦးတော့။ လူတွေက နှစ်သက်တယ်။ အဲ -လူတွေကို ဒီလိုလုပ်ရမယ်။ ဟိုလိုလုပ်မှဖြစ်မယ် ညွှန်ကြားဖို့ ဆိုတာကတော့ စာရေးဆရာရဲ့ အလုပ် ဟုတ်ပုံမရဘူး။ အယ်ဒီတာတစ်ယောက် ပြောဖူးသလိုပေါ့ဗျာ။ ကျွန်တော်တို့မှာ မေးခွန်းတွေရှိလို့ စာနယ်ဇင်းသမားလုပ်နေတာပါ။ အဖြေတွေသာရှိနေရင် နိုင်ငံရေးသမား လုပ်မှာပေါ့တဲ့။ စာရေးဆရာ လဲ အဲသလိုပဲထင်ပါတယ်။ ထွက်ပေါက်ပေးနိုင်ရင် စာရေးဆရာ ဘယ်လုပ်နေမလဲ။ ဘိုးတော်လုပ်မှာပေါ့။ ဟဲ ဟဲ

သင့်ဘ၀မဂ္ဂဇင်းမှာ ဆရာတင်မောင်သန်းနဲ့အတူ လုပ်ကိုင်ခဲ့ပုံလေးလဲ ပြောပြပါဦး။

အင်း - အမှုတွဲကတော့ တစ်ခုထဲ ပါပဲ။ ဒါပေမယ့် ကျနော်က အားပေးကူညီသူ ကြံရာပါလောက်ပဲ ဆိုတော့ လက်ရှိပေါက်ဈေးအရ သူ (၁၇)နှစ်ဆိုရင် ကျနော်က (၇)နှစ်လောက် ရှိမှာပေါ့ဗျာ။ အရေးအခင်း မတိုင်ခင်က ကျွန်တော်တို့ နှစ်ယောက်လုံး မုံရွာမှာပါ။ အရေးအခင်းဖြစ်တော့ သူက မုံရွာ သပိတ်ကော်မတီမှာပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၀င်လုပ်တယ်။ အဲဒီနောက် ရန်ကုန် ရောက်သွားပြီးတော့ အောင်မြင်ရေးဆိုတဲ့ မဂ္ဂဇင်းလေး ထုတ်တယ်။ ရီးဒါးဒိုင်ဂျက် ထဲက ကောင်းနိုးရာရာတွေကို ဘာသာပြန်ပြီး ထုတ်တာဆိုတော့ မုံရွာက လူတွေက အံ့သြလို့။ ဟိုတုန်းက ရီးဒါးဒိုင်ဂျက်ဆိုတာ မုံရွာက စာကြောင်း ပေကြောင်းလက်ဘက်ရည်ဝိုင်းတွေမှာ ထည့်ပြောကြတာမှမဟုတ်ဘဲ။ ကိုတင်မောင်သန်းလဲမပြောဘူးပါဘူး။ အဲဒါကြောင့် အံသြကြတာ။ နောက် တစ်နှစ်လောက်ကြာတော့ ဦးလေးကြီးဦးတင်မောင်ရဲ့ သင့်ဘ၀မဂ္ဂဇင်း ကိုယူလိုက်ပြီး သင့်ဘ၀ အောင်မြင်ရေးမဂ္ဂဇင်း ဖြစ်လာတယ်။ နောက်တော့ အောင်မြင်ရေးဆိုတဲ့စာလုံးလေးက သေးသေးလာပြီး နောက်ဆုံး သင့်ဘ၀ ပဲပြန်ဖြစ်တာပါပဲ။ မဂ္ဂဇင်းလုပ်ဖြစ်ပုံနဲ့ ပတ်သက်လို့ကတော့ ကာယကံရှင် ဆရာတင်မောင်သန်းကို မေးတာက ပိုပြီးသင့်တော်ပါလိမ့်မယ်။ စိတ်ဝင်စားဖို့ကောင်းတာလေးတွေ ကြားရပါလိမ့်မယ်။

ကျွန်တော်ကတော့ အိမ်ထောင်ကျလို့ ဆံထုံးနောက်သျှောင်ပါ ရန်ကုန်ရောက်သွားတာပါ။ အဲဒီအချိန်မှာ ကိုတင်မောင်သန်းက သူ့မဂ္ဂဇင်းကို အသွင်ကူးပြောင်းဖို့ကြံစည်နေတဲ့အချိန်။ ကဗျာဆရာ ကိုအောင်ပွင့် ဆတ်ဆော့တာနဲ့ ကျွန်တော် ရန်ကုန်ရောက်နေမှန်း သိပြီးပေါက်ချလာတယ်။ သူ့စိတ်ကူးကို ပြောပြတော့ ကျွန်တော်လဲ အတော်လေးစိတ်ဝင်စားသွားတယ်။ ဒါဟာ လုပ်ရမယ့်ကိစ္စလို့လဲထင်တယ်။ အဲဒါနဲ့ လုပ်ဖြစ် သွားတာပါ။ ပြောရရင် သင့်ဘ၀မှာလုပ်ခွင့်ကြုံလိုက်တာဟာ ကျနော့်ဘ၀ကို အများကြီး ပြောင်းလဲသွားခဲ့တာဗျ။ တက္ကသိုလ်အသစ် နောက်တစ်ခုကို တက်ရသလိုပဲလို့လဲ ပြောလို့ရတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖေ နဲ့ အဖေ့မိတ်ဆွေတချို့ ပြောခဲ့ဖူးတာတွေ ကို လက်တွေ့လုပ်ကြည့်နေရသလိုပဲ လို့လဲ ပြောနိုင်တယ်။

ဆက်ဖတ်ရန် >>

၁ ၊

   
Thanlwin Official Website

counter customizable free hit