| ရင်ဝေးငှက်ရဲ့ တောင်ပံခတ်သံ |
|
|
ကောင်းကင်ပေါ်မှာ ကြယ်တစ်ချို့။ သူမရဲ့ တောင်ပေါ် ဇာတိမြေ မှာကော ကြယ်တွေစုံနေမှာလား။ ညီ….နင်ကော။ အိပ်နေမှာလား။ ဒါမှမဟုတ်…စာအုပ်တစ်အုပ်များဖတ်နေမှာလား။ သေချာတာကတော့ နင်ကောင်းကင်ကို မော့ကြည့်နေမှာ မဟုတ်ဘူး။ လွမ်းမောစိတ်ကူးယဉ်မှု့ကို မယုံကြည်တတ်တဲ့ ခွန်ညီသာရေ..။နင် မသိလို့ပါ။ တခါတရံမှာ စိတ်ကူးယဉ် အိပ်မက်တွေက ပြင်းပြထက်သန်တဲ့ စိတ်ဓါတ်ခွန်အားတွေကို ထွန်းညှိပေးတယ်ဆိုတာ။ ငါတော့ အိပ်မက်တွေမက်လိုက်၊ အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်နဲ့ ငါ့ရဲ့ မြို့ပြညတွေ မျက်ကွင်းတွေညို လို့ပေါ့။လကိညှိုးထိုးပြစရာ ဒြပ်ရုပ်တွေမရှိလေတော့ ငါ့ကိုနင် ဟားမှာ ရာနှုန်းပြည့်နီးပါးလောက်ပဲ။တွေးကြည့်စမ်းပါ ညီရယ်…။ လိုချင်တာရဖို့ စိတ်ဓါတ် တစ်ခုပဲပြည့်စုံတဲ့ လူငယ်တစ်ယောက်အဖို့ (မိန်းမ) အတွက်တော့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ် ညီ။နှစ်ဆယ့်နှစ်နှစ်နီးပါး နင်ရှိတဲ့ မြို့လေးနဲ့ ရာသီဥတု ပြောင်းပြန်အနေအထားမှာရှိတဲ့ မြို့ပြ တစ်ခုမှာ ရှိနေတဲ့ ငါ့ကို အဆင်ပြေရဲ့လားလို့ မေးဖော်မရှိတဲ့ ညီရေ..သိပ်မောတာပဲလို့ ငါကပြောပြချင်လိုက်တာ။ငါမက်တဲ့အိပ်မက် ငါ့ဘာသာ ဖန်ဆင်းပါ့မယ်။ ဒါပေမဲ့ ညီရယ်..နင့်လက်တစ်ဖက်ကို တမ်းတမိပါရဲ့။သူငယ်ချင်းအသစ်တွေရနေပြီဟ။ ခင်မိပုံကတော့ အမျိုးမျိုးပဲဟာ။ သူတို့တွေရဲ့ ရင်ဘတ်ထဲမှာလည်း ဆန္ဒတစ်ခုစီရှိကြတယ်။ တချို့ကတော့ သူတို့ ခံယူချက်အတွက် တော်တော်များများပြင်ဆင် စုဆောင်းပြီသလို၊ ငါ့လို မလည်မ၀ယ်တွေလည်း ပေါပါရဲ့။ဘာပဲဖြစ်ဖြစ်ဟာ..သူတို့တွေနဲ့ စကားပြောဖြစ်တဲ့ အချိန်ဆိုရင် ငါတို့ ဘ၀တွေက မြှုမှုန်ကင်းနေလေရဲ့။နင်ကောပန်းခင်းတွေ အဆင်ပြေရဲ့လား။ ကွန်ပျူတာကော ၀ယ်ပြီးပြီလား။ငါ့အိမ်ဖက်ရောက်သေးလား။ သူငယ်ချင်းတွေနဲ့ စုပြီး သီချင်းရေးဖြစ်သေးလား။ ငါပို့လိုက်တဲ့ စာအုပ်ဖတ်ပြီးပြီလား။အင်း…ငါ့အတွေးတွေထဲမှာ နင်ရှိတာဆိုးတယ်ညီ။ဒါပေမဲ့ လည်းအဲဒီ့ အတွေးနဲ့ နှလုံးသား လုံခြုံအေးမြနေတာ။ တန်ဆောင်တိုင်ရောက်တော့မယ်နော် ညီ။ ငါ ခွင့်ရရင် ပြန်လာမယ်။မသေချာပါဘူးဟာ။ မရှိမဲ့ ရှိမဲ့ ပညာ၊ သည်းညည်းမခံနိုင်တဲ့ ညဉ်ဆိုးတွေကြောင့် ခဏ ခဏ ဒုက္ခရောက်တယ်ညီရေ..။ငါမေ့ နေတတ်တာက ကျောင်းသူတစ်ယောက်မဟုတ်တော့တာကို၊ တာဝန်တစ်ခုကို အတိအကျ ယူရမယ့်သူဖြစ်နေပြီဆိုတာကို။နင်ကို အားကျတယ် ညီ။ညအေးအေးမှာ နင်အမေ ရင်ခွင်ထဲ ၀င်ကွေးခွင့် ရှိတယ်လေ။
တကယ်ဆို…မြို့ပြဘ၀က…အဆင့်မြင့်ပါတယ်….နေထိုင်စားသောက်ဖို့အတွက်..အားလုံးအဆင်သင့်…..ဒါပေမဲ့လည်း အသွေးအသားက…တောင်းဆို….တောင်ပေါ်ဟင်းနှင့် ထမင်းကို…ကျွန်တော်တမ်းတ…..ရေး.... ဆောင်းနှင်းများကြား…ပွင့်တဲ့ချယ်ရီ….တောင်ပေါ်ထင်းရှူး ရနံ့ လေး……………………………………………………. နင်အမြဲ ဆိုပြတဲ့ ထွဏ်းခမ်း သီချင်းက အိမ်ကိုပို တန်ဖိုးထားမြတ်နိုးစေတယ်ဟာ။သေချာတာတော့ ညီရေ….။ ငါက အိမ်ကိုပြန်လာမယ့် ဌက်တစ်ကောင်ပါ။မျှော်လင့်သလို ဖြစ်ရင်လည်း ပြန်လာမယ်။ပြိုလဲမှု့တွေ ထွေးပိုက်ရရင်လည်း ပြန်လာမယ်။နှောင်ကြိုးတွေကို မုန်းတဲ့ နင်တစ်ယောက်အတွက် ငါကိုတော့ ချည်နှောင်ခွင့်ပေးပါ။ မပြောရဲတဲ့ အနာဂတ်မှာ အိမ်ကိုပြန်လာမယ့် နေ့သစ်က အတိအကျ စောင့်ကြိုနေမှာကိုတော့ ယုံကြည်ထားတယ်။ငါတို့ရဲ့ ရိုးသားနွေးထွေးမှု့တွေပြည့်ဝနေတဲ့တောင်ပေါ်မြေလေး အတွက် ချစ်ခြင်းမေတ္တာအပြင် တစ်ခုခုအကျိုးပြုနိုင်မယ့် အရည်အသွေးတွေကိုပါ ထုပ်ပိုးလာခဲ့မယ်။ရင်ခုန်သံတွေသိမ်းဆည်းထားတဲ့ နှလုံးသား နဲ့ပေါ့။စောင့်နေပါလို့ ပြောခွင့်မရှိပေမဲ့ မှုန်ကုပ်ကုပ်နဲ့ ကြိုနေမဲ့ ခွန်ညီသာကို ငါအရမ်းမြင်ချင်မိပါရဲ့။ဥယျာဉ်မှုးလေး ညီရေ….နင့်လက်နဲ့ပျိုးမယ့်ပန်းတစ်ပင်အဖြစ် နင့်ရဲ့ ပီတိတွေကို စားသုံးပါရစေ။ငါ ရိုးသားကြိုးစားနေမယ်။ |
|
ငါတို့ ပျော်လာလိုက်တာ၊ အခုတော့ အလဲအကွဲပဲ။ ညီရေ…ငါတို့တွေက တောင်ပေါ်မြို့လေးမှာ ရိုးသားရင်း၊ ကြိုးစားရင်း နေလာခဲ့တယ်လို့ထင်ခဲ့တာ။ ငါတို့သွေးကြီးနေခဲ့တာ။
ထမင်းတစ်လုတ်တော့ စားဖို့ မခက်ပေမဲ့ ညီရယ်…။ ငါတို့ရှင်သန်နေတာ ၀မ်းဝဖို့ တခုအတွက် မဟုတ်ဖူးမလား။နင် ငါဖက်မှာ ရှိသလားညီ။ အိမ်ဝေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ အလွမ်းတွေအပြည့်ပဲ ညီ။ နင်အတွက်လည်းပါတယ်။နင်ကော…ငါ့ကိုသတိရရဲ့လား။
တောက်ပမှာ သေချာတယ် လို့ အတပ်မပြောရဲပေမဲ့ ငါကြိုးစားနေတယ်ညီ။ ဘောင်ကျဉ်းကျဉ်းလေးထဲမှာမို့ ငါတို့တွေ ရုန်းကန်ရတာ ကြမ်းတယ်။ တခါတလေ အမေရင်ခွင်ဆီ ပြေးပြေးဝင်ပြီး ငိုချင်မိတယ်။ တနယ်တကျေးလေးဝေးနေတာတောင် ဒီလောက်ဖြစ်နေရင် နိုင်ငံရပ်ခြားမှာ ကြိုးပမ်းနေသူတွေကို စာနာမိတယ်။
အမေရင်နဲ့ ဝေးလေ ဘ၀ကို ခံစားရတဲ့ အရသာပြောင်းလေပဲ။ နင် နားလည်ပေးနိုင်ပါ့မလား ညီရယ်..။ငါတို့နဲ့ သက်တူရွယ်တူ တစ်ချို့တွေဆီမှာ မထင်မှတ်လောက်တဲ့ ဥာဏ်ပညာထက်မြက်မှု့၊ ရင့်ကျက်တဲ့ အတွေးအခေါ်တွေ၊တာဝန်တစ်ခု ယူနိုင်တဲ့ အရည်အချင်းတွေ၊ တတ်နိုင်သမျှ အသိပညာ အတတ်ပညာတွေကို ဝေဖန်ချပြနိုင်သူတွေရှိတယ်။ ကိုယ်တစ်ဘ၀စာ တောင် တာဝန်ယူနိုင်ဖို့ မသေချာတဲ့ ငါ့ကို အတွေးမပိစမ်းပါနဲ့လို့ ပြောလေမလား။နင်လို ပေါ့ပါးတဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ပါရဲ့။ကြီးပြင်းတဲ့ ပတ်ဝန်းကျင် မတူညီတဲ့ အခါ ရှင်သန်ခြင်းပါပြောင်းလဲတယ် လို့ ငါယုံတယ် ညီ။ အခြေအနေပေါ်မူတည်ပြီး ရည်ရွယ်ချက်တွေ ပြောင်းလဲရမယ်လို့ ပြောတဲ့ ညီရေ..။ခဲရာခဲဆစ်ကြိုးစားမှု့ အတွက်တော့ အခွင့်အရေးက လာလည်တတ်မယ်မလား။ငါယုံချင်တယ် ညီ။မွေးရပ်မြေကို ချစ်တယ်လို့ပြောပြီး မနေနိုင်တာ ဘာလို့လည်းလို့ နင်မေးတိုင်း ငါဘာပြောရမှာလဲ..။ငါ့အတွက် ဒီမှာနေရာမရှိသေးလို့ပါဟာလို့ပဲ ညည်းတွားမိတယ်။ခွင့်လွတ်ပါ ညီ။တကယ်ပြောတာ၊ ငါမျှော်လင့်တဲ့ အနေအထားကို နင်ဘေးမှာ လုပ်ဆောင်နိုင်ခြင်းမရှိတာကို။




Thanlwin Ainmat Online Magazine