| အတိတ်ကျောင်းမှ အတ္ထုပ္ပတ္တိခြေရာများ |
|
|
၃လင်ပြောင်းသော မိန်းမ၊ ၃ကျောင်းပြောင်းသော ရဟန်းဟူ၍ မြန်မာ ဆိုရိုးရှိခဲ့၏။ သာမာန်လူဖြစ်သော ကျွန်မအဖို့တော့ ၃ကျောင်းမက ၅ကျောင်းပင် ပြောင်းဦးတော့ ကိစ္စရှိမည်မထင်။ အမှန်ပင် ကျွန်မသည် ကျောင်း၅ကျောင်း၌ တက်ခဲ့၏။ ပုသိမ်၊ ယိုးဒယားကုန်းရပ်ကွက် အတွင်းရှိ အ.မ.က ၉သည် ကျောင်းလေး သေးသလောက် စာတော်သူများ မွေးထုတ်ပေးသည်ဟု နာမည်ကြီး၏။ အ.မ.က ၉ထွက်ဆိုရင် လက်ရေးသိပ်လှတာဟုပင် ပြောစမှတ်ပြုရသော မူလတန်းကျောင်းလေးဖြစ်၏။ လူနေအိမ်ခြေများကြားတွင် ကျောင်းကုန်မြေကုန်ဆောက်ထားသော ကျောင်းလေးသည် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူလေးများ လာကြိုသူ မိဘ ဒေါ်ကြီး၊ ဒေါ်လေးများနှင့် ကြက်ပျံမကျစည်ကားလှ၏။ ကျွန်မ၏ လက်ဦးဆရာများဖြစ်သော ဒေါ်ကြွယ်ကြွယ်(ကွယ်လွန်)၊ ဒေါ်ဖြူဖြူအောင်၊ ဒေါ်လှလှစသည်တို့၏ ကျေးဇူးကြောင့် ကျွန်မသည် ကျောင်းနေပျော်၍ စာတော်ခဲ့ပါ၏။ ၄တန်းနှစ်တွင် ကျွန်မဖေဖေ၏ အလုပ်အပြောင်းအရွှေ့ကြောင့် အိမ်နှင့်နီးရာ ပုသိမ်အရှေ့မြို့နယ်အတွင်းရှိ ပုသိမ်TTCသို့ ကျွန်မ ရွှေ့ခဲ့သည်။ ၄တန်းဆရာမ ဒေါ်ခင်ဝေ၏ နွေးထွေးစွာ ကြိုဆိုမှုကြောင့် TTCသည်လည်း ကျွန်မပျော်ရာ ကျောင်းတကျောင်းဖြစ်ခဲ့ပါသည်။ ကန့်ကော်ပင်တန်းပုပုလေးများ၊ ငုပင်တန်းများ၊ ရောင်စုံကြာများပေါက်နေသော မုန့်စားတန်းရုံနောက်မှ ရေကန်သေးသေးလေးတို့မှာ ကျွန်မတို့ ကစားရာ၊ တူတူပုန်းရာ ပင်တိုင်နေရာများဖြစ်၏။ သစ်ပင်ကြီးငယ်တို့ဖြင့် ကျယ်ဝန်းလှသော TTCသည် အ.မ.က ၉နှင့် မတူသော ရသကိုပေးပြန်၏။ ပုသိမ်TTCသည် တည်ရှိရာဝန်းကျင်ကြောင့် ရန်ကုန်TTCကဲ့သို့ စာတော်သူများ၊ ဂုဏ်တုဂုဏ်ပြိုင်များဖြင့် မကျော်ကြားပါ။ နီးစပ်ရာ ကိုးဆူ၊ ဒိုက်ထူ၊ အပင်နှစ်ဆယ်စသော ရွာကလေးများမှ လာတက်ရသော လက်လုပ်လက်စား၊ လယ်သမား၊ အလုပ်သမား သားသမီးများသာ အတက်များ၍ စာတော်သူနည်း၏။ သို့သော် ကျောင်းသူ၊ ကျောင်းသားများသည် တယောက်နှင့် တယောက် ဂုဏ်တုဂုဏ်ပြိုင်မရှိ ပကတိပွင့်လင်းကြ၏။ စာတော်သူကို လေးစား၍ စာမတော်ခြင်းကို ပျော်ပျော်ဖြတ်သန်း၏။ TTCရှိ နေ့ရက်များသည် ကျွန်မဘ၀အတွက် မမေ့ရက်နိုင်စရာ မှတ်တမ်းများ ဖြစ်၏။ Stress မရှိ၊ Pressureမရှိ စည်းကမ်းကြပ်သော ဆရာမဒေါ်ခင်စောလှအချိန်မှတပါး ကျန်ဆရာ ဆရာမများမှာ အလွန်သဘောကောင်း၏။ ဆရာမဒေါ်ညွန့်ရင်၊ ဒေါ်ခင်မျိုးဝင်း၊ ဒေါ်အေးအေးဝင်း၊ ဒေါ်ကြည်ကြည်ဝင်း၊ ဒေါ်ရည်ရည်မြင့်၊ ဆရာ ဦးတင်ဝင်း၊ ဦးကြင်ရွှေ၊ ဦးစံသိန်းတို့မှာ ကျွန်မ၏ Favorite ဆရာ၊ ဆရာမများဖြစ်ပါ၏။ ကျောင်းဝင်းအတွင်းနေသော ဆရာမဒေါ်ခင်ဝေသည် TTCတွင် ကျွန်မ၏ လက်ဦးဆရာဖြစ်၏။ ယခုထက်တိုင်ပုသိမ်ပြန်လျှင် မှတ်မိတုန်း၊ “ညည်းတို့မြင်ရင် ငါအသက်ကြီးလာတာ အမှတ်ရတယ်”ဟု ပြောလေ့ရှိ၏။
၉တန်းနှစ်တွင် ကံစွပ်ကံငြား အတန်းပတ်လည် ပထမရ၏။ သို့သော် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်။ ပူးတွဲပထမ။ ၁၀တန်းလည်းရောက်ရော ပထမအစမ်းမှာ အဆင့်၈။ လိပ်သာဆိုလျှင် အခွံထဲ ခေါင်းထည့်ပြီးသာ နေလိုက်ချင်သည်။ ဒီလူတွေ့လဲ “ဘယ်လိုဖြစ်တာလဲ”၊ ဟိုလူတွေ့လည်း “ဘယ်လိုဖြစ်တာလဲ”နှင့် တမေးထဲ မေးနေကြသည်။ ညဖက် စာကျက်ရင်း ပြတင်းတ့ခါးမှ မြင်နေရသော ခြံထောင့်မှ ရေတွင်းလေးထဲသို့ (စိတ်ကူးထဲ၌) မကြာခဏ ခုန်ချ၍ Suicide လုပ်နေမိသည်။ ကဲ ခရေဖြူတို့ ဇွဲ သေခါမှ လျှော့မဟဲ့ဟု ရေကုန်ရေခမ်းကြိုးစား လိုက်တော့မှ အတန်းတင်စာမေးပွဲကို အမှတ်ပေါင်း လေးရာကျော်(၅ဘာသာ)ဖြင့် ပန်းဝင်သွား၏။ ပြိုင်ဖက်ထဲမှ ကိုယ့်ထက်အမှတ်များတာ ၃ကောင်လောက်ရှိပေမယ့် အဲဒီသုံးကောင်စလုံး စစ်ဆေး၊ စစ်အင်ဂျင်နီယာတက်သွားတယ်လဲ ကြားရော ငါပြိုင်စရာမလိုတော့ဘူး၊ ဒီကောင်တွေ ဂိတ်ဆုံးသွားပြီ ဆိုပြီး ပျောက်လိုက်တာ အရမ်းပါပဲ။ အင်း. . .ဒါနဲ့ပဲ ၁၀တန်းအမှတ်ပေါင်းလေး ဗန်းပြပြီး တောက်တဲ့လှည်းနင်း အင်္ဂလိပ်စာလေးနဲ့ Polyပါလာရော ဆိုပါတော့။ Polyမှာတော့ အားလုံးသိတဲ့အတိုင်း စကပ်တိုတိုတွေ ၀တ်တတ်တာနဲ့၊ စွာတာကလွဲရင် အထူးတလည် စာမဖွဲ့လောက်ပါဘူး။ Part-Timeကလည်း လုပ်ရ၊ ကိုယ့်အ၀တ်ကိုယ်လျှော်၊ ကိုယ့်ပန်းကန်ကိုယ်ဆေး ဆိုတော့လည်း Aလေး၊ Bလေး ရရင်ပဲ ကျေနပ်စရာမဟုတ်လား။ ၈နာရီအတန်းဆို လစ်နေကျ။ Atttendence အတွက်တော့ မပူ။ လူမစွမ်း မသုမ ဆိုသလို ကဒ်ကပ်ပေးမယ့် သူငယ်ချင်းက အဆင်သင့်။ Labဆိုလည်း အရပ်ကူပါ၊ လူဝိုင်းပါ။ ဒီလိုနဲ့ ၃နှစ် တကျောင်းပြီး။ ဟော ခုတော့ ၅ကျောင်းမြောက်၊ SIM Assignmentတွေလား။ လာခဲ့။ နင် ၂ပုဒ်၊ ငါ ၂ပုဒ်၊ ရော့တယောက် ၂ပုဒ်တွက်၊ အပြန်အလှန် ဖလှယ်၊ Electronic Systemနဲ့ အမှတ်ခြစ်တာ ဆိုတော့ Copy Smartlyမှ၊ မတူအောင်ကူး။ သူက “I want” လို့ ရေးရင် ငါက “I would like to”ဟော နောက်တယောက်က “I am willing to” .. ဟင်း သူ့ဟာနှင့် သူတော့ ဟုတ်နေသည်။ အလုပ်က Full time လုပ်နေတာဆိုတာ့ ဖတ်သီဖတ်သီပေါ့။ လိုက်ကြိုလိုက်ပို့တဲ့ ရည်းစားလေး ရှိပေလို့။ (ဒီလိုလဲ မြှောက်ပေးဦးမှ)
တခါတခါများအလုပ်ကနေ ကျောင်းကို လာရင်း စဉ်းစားမိပါရဲ့။ TTCမှာလို မုန့်စားဆင်းချိန် သားရေပင် သွားခုန်ချင်သလိုလို။ အခုန်ကောင်းလို့ ၆တန်းတုန်းကလဲတာ ခြေသန်းလေး ကျိုးမလို့။ ခြေထောက်ကြီးယောက်ပြီး ၂ရက်လောက် ခြေငြိမ်နေရတာ။ အဖေကဆို နောက်ခုန်ဦးမလားဆိုပြီး တကြိမ်းတည်း ကြိမ်းနေတာ။ အတန်းထဲ ဆရာမလာရင် ခုံတွေအောက်မှာ ဖင်ပြားပြားချထိုင်ပြီး ဇယ်ခုတ်ခဲ့ကြတာလဲ မှတ်မိသေး။ ကျွန်မလက်ကလေးတွေက သေးတော့ ဇယ်လုံးလေးတွေက အမြဲပြုတ်ပြုတ်ကျပြီး ကျမပဲ အမြဲရှုံးတာလေ။ ၇တန်းတုန်းကပေါ့။ |
|
၈တန်းနှစ်ပြီးသောအခါ အလယ်တန်းကျောင်းလေး TTCကို စွန့်ခွာ၍ အထက်တန်းကျောင်း အထက(၂)သို့ ရောက်ခဲ့သည်။ ၉တန်း၊ ၁၀တန်းနှစ်များသည် ကျွန်မအတွက် အလွန်Pressureများခဲ့သော နှစ်များဖြစ်၏။ စာတော်သူတွေက များ၊ အတန်းတွေကများ၊ TTCတွင် ၂ခန်းသာ ရှိ၍ ဖင်လှည့်ခေါင်းလှည့် ပထမရနေကျ ကျွန်မသည် ထ၂တွင် ထိုနေရာကို တည်မြဲရန်အတော်ကြိုးစားရ၏။ အခန်းပေါင်း ၁၅၊ ၁၆ခန်း ရှိ၍ စာတော်သူများလှသောကြောင့် သူ့ကိုယ်ကြည့်၊ ကိုယ့်သူကြည့်ဖြင့် မုန့်စားဆင်းချိန် သေးတောင် ပေါက်ဖို့ အချိန်မရှိအောင် စာကြည့်ခဲ့ရ၏။ ပထမမှ မရလျှင် လူဖြစ်ရှုံးရမလောက် သဲပြင်းနေသော မေမေကတစ်မျိုး၊ Aတန်း ဂုဏ်ဆောင်ဟုသော နာမည်အကြီးကြီးဖြင့် ဖိဖိနေသော အတန်းပိုင် ဆရာမ ဒေါ်ခင်မြရီက တမျိုးဖြင့် ကျွန်မမှာ ရူးချင်ချင်ဖြစ်ကာ မော်ဒယ်အရှုံးပေးရသော ကိုယ်လုံးဖြစ်သွား၏။
ဆရာမလာတဲ့အချိန် ကျောင်းခြံစည်းရိုးပေါက်က ခိုးထွက်ပြီး တဖက်ကျောင်း ဆရာအတတ်သင် သိပ္ပံကျောင်းဆင်းပွဲမှာ ကတဲ့ ပြဇာတ်တွေသွားကြည့်တာ။ မော်နီတာက မသွားရဘူးဆိုတော့ မော်နီတာကတဖက်၊ တတန်းလုံးက တဖက်။ အီစကိုက ဆရာကြီးပေါ့။ (မွေးခါစတည်းက ဆရာလုပ်ရမှ စားဝင်တာ)ကဲ ၂ယောက်စီခွဲပြီး ခြံစည်းရိုးဆီပြေးကြ။ ဟိုဖက်ခြမ်းရောက်မှ တယာက်ကို တယောက်က စောင့်၊ မော်နီတာကြောက်ရင် နေခဲ့။ ဒါပေမယ့် သွားမတိုင်ရဘူး။ တိုင်ရင် ငါတို့တတန်းလုံးနင့်ကို အာခံမယ်။ အခေါ်အပြောမလုပ်တော့ဘူး။ ဒါနဲ့ပဲ မော်နီတာတယောက်ထဲ လွယ်အိတ်တွေနဲ့ အတူကျန်ခဲ့ပြီး ကျွန်မတို့ကတော့ ပျော်ပျော်ကြီး ပြဇာတ်ကြည့်ကြတာ။ ပြဇာတ်ကလည်း ပထမဆုံးကြည့်ဖူးတာမို့လားမသိ။ ကောင်းမှကောင်း။ Cinderellaအကြောင်းဆရာ။ ဒါတောင် အပေါက်ဝက တိုးတိုးဝှေ့ဝှေ့ကြည့်ရတာ။ အကြည့်ကောင်းလို့ ကျောင်းဆင်းခေါင်းလောင်းထိုးသွားတာတောင် မသိ။ မော်နီတာက မပြောရှာပါဘူး။ ဒါပေမယ့် ကျောင်းဆင်းတာ ဒီအခန်းက ကျောင်းသား ၁ယောက်ပဲထွက်လာတော့ နည်းနည်း ဆန်းတာပေါ့နော်။ လူတွေကုန်ကျောင်းတံခါးပိတ်မယ် လုပ်တော့ ဒီအခန်းက လွယ်အိတ်တွေပဲ ရှိပြီး လူတွေ အကုန်ပျောက်နေတော့ သိပြီပေါ့။ နောက်နေ့လည်း ကျရော မော်နီတာကလွဲပြီး တတန်းလုံးတယောက်တချက်။ စကားနားမထောင်မှုနဲ့ပေါ့။ တော်သေးတာပေါ့။ ဦးဆောင်တဲ့လူ ၂ချက်မဟုတ်လို့။




Thanlwin Ainmat Online Magazine