Home    Old Issues    Contact   


 
စည်းအပြင်မှာ ပွင့်တဲ့ ပိတောက်
ကိုဖြိုး
 

ကျွန်တော့်အတွက်တော့ သင်္ကြန်ဆိုတာ သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်တာသေချာတယ်။ ပိတောက်ပွင့်တွေကို ရင်မခုန်တတ်သူပဲ ဆိုပါတော့လေ။ မီးတွေထွန်းတဲ့ သီတင်းကျွတ်လို၊ ရေတွေပက်တဲ့ သင်္ကြန်ဟာလည်း ကျွန်တော့်အတွက်တော့ အထူးဆန်းကြီး မဟုတ်တော့တာပါပဲ။ ကျွန်တော်ဟာ ကိုးလိုးကန့်လန့်နိုင်တဲ့ အတွေးအခေါ်တွေနဲ့ပဲ ကြီးပြင်းလာခဲ့တယ် ဆိုပါတော့လေ။

မှန်တာပြောရရင် သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာပါပဲ။ လုပ်လက်စ အလုပ်တွေအားလုံး ရပ်ထားရတယ်။ အားအားယားယား (အဲလိုကျွန်တော်ထင်တဲ့) ပျော်ရွှင်နေတဲ့ လူတစ်စုက ဟိုနား ဒီနားကနေ ဖြတ်သန်းသွားကြဦးမယ်။ မကြီးမငယ်နဲ့ ကဲနေမယ့် သူတွေကိုလည်း တွေ့ရမယ်။ ဒါပေမယ့် (အဲလို အရာတွေကို စိတ်ပျက်ပေမယ့်) သင်္ကြန်တေးသံကလေးကို ကြားလိုက်ရရင်တော့လည်း ကျွန်တော့် ရင်ခုန်သံတွေ မြန်နေဆဲပါလေ။ ဒါပေမယ့် လူတွေ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ရလောက်အောင် ဘာတွေက စိုးမိုးနေလဲဆိုတာ ကျွန်တော် နားမလည်နိုင်အောင်ပါပဲ။

တကယ်ဆိုရင် အဲဒီ ရေတွေက ညစ်ပတ်နေတဲ့ လူ့စိတ်တွေကို တကယ်တမ်း ဆေးကြောလိုက်သင့်တယ်။ မီးသတ်ပိုက်လို ရေအားပြင်းပြင်းနဲ့ ပတ်နေတာတောင်မှ ညစ်ညမ်းနေတဲ့ စိတ်တွေကို ဆေးကြောမပစ်နိုင်ဘူးဆိုရင် သပြေခက်ကလေးကကော ဆေးကြောနိုင်မှာလား။ မဖြစ်နိုင်သည်ဖြစ်စေ၊ ဖြစ်နိုင်သည်ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ဆုတောင်းလေးတွေကိုတော့ ဘုရားကြားကြား မကြားကြား၊ သိကြား ကြားကြား မကြားကြား ဆုတောင်းထားရမှာပဲလေ။ မတော်တဆ ကြားသွားလို့ ပေးချင်ခဲ့ရင် ပေးဖို့ အဆင်ပြေစေအောင်ပေါ့။

အခုလည်း ဘာလိုလိုနဲ့ ကျွန်တော်နဲ့ သိပ်ကီးမကိုက်တဲ့ သင်္ကြန်က ရောက်လာပြန်တော့မယ်။ အဲဒီ သင်္ကြန်ဆို ကျွန်တော် ဘုန်းကြီးကျောင်းထဲ ရောက်နေတတ်တယ်။ ဒါဟာ ဆယ်စု နှစ်တစ်ခုကို ချည်းနင်း ၀င်ရောက်လာနေတဲ့ ကျွန်တော့် အကျင့်တစ်ခုပေါ့။ အဲဒီအကြောင်းကို ပြောရင် လူအတော်များများက မယုံတဲ့ မျက်လုံးနဲ့ ကြည့်တယ်။ ကျွန်တော့်လို ကောင်က အဲလိုလုပ်မယ်ဆိုတာ သူတို့အတွက်တော့ ကျည်ပွေ့ အတက်ပေါက်တယ်ပဲ ထင်ကြမှာပဲ။ ခက်တာက အဲဒီ အတက်ကလည်း ပေါက်ပေါက်နိုင်လွန်းနေတာ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ညစ်နေတာပါပဲ။ အမြင်ကတ်လောက်အောင် မူးရူးသောင်းကျန်းနေတာကို မမြင်ရတာ တစ်ခုနဲ့တင် ဘုန်းကြီးကျောင်းမှာ နေရထိုင်ရတာ စိတ်ချမ်းသာပါတယ်။ တကယ်ဆို ကျွန်တော်တို့ ဘ၀မှာ ရွေးချယ်ခွင့်တွေ အများကြီး ရှိနေပါလျက်နဲ့များ လူတွေက ဒုက္ခများမယ့် လမ်းကိုမှ ဘာလို့ သွားချင်ရလဲဆိုတာ ကျွန်တော်လည်း မစဉ်းစားတတ်အောင်ပါပဲ။ အပူရှပ်ပြီး ဖျားမှာ စိုးရိမ်တာလည်း ပါပါတယ်။ ကျွန်တော်ကတော့ အေးအေးချမ်းချမ်း နေချင်ရာအရပ်မှာ နေချင်သလိုနေမယ်။

ကျွန်တော့်ကို မဏ္ဍပ်မှာမြင်ရင် ကားပေါ်မှာ မြင်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့သူတွေ သင်္ကြန်သာ ပြီးလို့ သွားပါတယ်။ ဘာဆို ဘာမှ မလုပ်လိုက်ရပါဘူး။ အလိုလိုနေရင်းနဲ့ သူတို့တွေသာ မဏ္ဍပ်တွေ ကားတွေ လည်ရင်း ပတ်ရင်းနဲ့ အချိန်တွေကို ငွေတွေနဲ့ လဲပြီး ပင်ပန်းစိတ်ပျော်ရွှင်မှုကို ယူလိုက်ကြတယ်။ ကျွန်တော်ကတော့ အေးချမ်းတယ်လို့ ယူဆမိတဲ့ နေရာတစ်နေရာရဲ့ ချောင်တစ်ချောင်မှာ နေရင်း တစ်ခါတလေ သီချင်းနားထောင်ရင်း၊ တစ်ခါတလေ တရားနာရင်း၊ တစ်ခါတလေ ဘုန်းကြီးနဲ့ ငြင်းရင်း ခုန်ရင်း၊ အဲဒီ ရက်ကလေးတွေကို အပူအပင်မဲ့ ဖြတ်သန်းခဲ့ပါတယ်။

တကယ်ဆို ကျွန်တော်ချစ်တဲ့ သူမသာ အနားမှာ ပါမယ်ဆိုရင် … ကျွန်တော်လျှောက်လည်ဖြစ်ချင်လည်း လည်ဖြစ်မှာပေါ့လေ။ ဒါပေမယ့် လမ်းတစ်ဝက်မရောက်ခင်မှာ ကျွန်တော်လှည့်ပြန်လာမိမှာ သေချာတယ်။ ကျွန်တော်က အဲလို ဆူဆူညံညံနဲ့ စိတ်ရှုပ်ရတာကို သိပ်မလုပ်ချင်တဲ့ လူလေ။ ဒါပေမယ့်လည်း ကျွန်တော်က အဲလိုပျော်နေရွှင်နေတဲ့ သူတွေကို မုန်းတီးနေတဲ့ လူတစ်ယောက်လည်း မဟုတ်ပြန်ဘူး။ သူတို့ ပျော်နေတာမြင်ပြီး ကိုယ်ဘာလို့ အဲလို မပျော်နိုင်ရပါလိမ့်ဆိုကာ မနာလို ကိုယ့်ကိုယ်ကို ပြန်ဖြစ်တယ်။ တကယ်ဆို အများသူငါနဲ့ အတူ လိုက်လျောညီထွေနေတတ်ဖို့ ကျွန်တော့်ကိုယ် ကျွန်တော် သင်တန်းပြန်အပ်သင့်တယ်။

ဒါပေမယ့်လည်း ဒီလိုနေထိုင်ကာ နေရင်းနဲ့ပဲ ကျွန်တော့်ရဲ့ ဘ၀မှာ ရေပက်နေတဲ့ ရက်တွေကို ဆယ်စုနှစ် တစ်စုစာ ကျော်ဖြတ်ကာ လာခဲ့ပြီးပြီပဲ။ ပျော်ရွှင်ရသည်ဖြစ်စေ ၀မ်းနည်းရသည်ဖြစ်စေ ကိုယ့်ဘ၀ရဲ့ ရလာဒ်ကို ကိုယ်ကျေနပ်ဖို့တော့လိုမယ်။ ကျွန်တော့်ဆုံးဖြတ်ချက် ပြတ်သားဖို့ ကျွန်တော့်ကို ကျွန်တော် ရဲဝံ့ဖို့ လိုမယ်။ ဘာအတွက်နဲ့ပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ အမြင်ကို ဖွင့်ချပြဖို့ ကျွန်တော် သတ္တိတွေ မနည်းသင့်ဘူး။ အများသူငါနဲ့ အမြင်သိပ်မတူတဲ့ လူ့ကန့်လန့်ကလေးတစ်ယောက် ဟောဒီလောကမှာ ရှိနေသေးကြောင်း သင်္ကြန်မိုးလည်း သိမှာပါ။ ပိတောက်တွေလည်း သိမှာပါ။ ကျွန်တော့်ကို ချစ်တယ်လို့ (ကျွန်တော်ထင်နေတဲ့) သူမလည်း သိမှာပါ။

ဒီတစ်ခါ သင်္ကြန်လည်း ကျွန်တော် ဘယ်နေရာမှာ ရှိမယ်။ ဘာတွေလုပ်မယ်ဆိုပြီး သိချင်တဲ့ မိတ်ဆွေတစ်ချို့ကို ပြောပြချင်ပါတယ်။ အလုပ်ထဲမှာ မဟုတ်ရင် ဘုန်းကြီးကျောင်းမှာ ရှိပါမယ်။ အရက်သောက်ဖို့ဖြစ်စေ၊ လျှောက်လည်ဖို့ ဖြစ်စေ လာခေါ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရန်သူပဲ ဖြစ်ပါလိမ့်မယ်လို့။ အဲဒီလို နားလည်မှု ခေါင်းပါးတဲ့ ကောင်လေးကို ကျရာ ကြုံရာနေရာမှာပဲ ပစ်ထားခဲ့စေချင်ပါတယ်လေ။

သြော် ပိတောက်တွေ တစ်ခါပြန်ဝေဦးတော့မှာပဲလေ .. ။
စိတ်မိုက် စိတ်ညစ်တွေကို ဒီတစ်ခါ ထပ်ဆေးဖို့ .. အခွင့်အရေးလာပြန်ချေပြီ။

   
Thanlwin Official Website

counter customizable free hit