Home    Old Issues    Contact   


 
အယ်ဒီတာ့ အမှာစာ
အယ်ဒီတာအဖွဲ့
 

တန်ခူးလေသည် ဟိုမှဒီသို့ ရူးနှံ့စွာ တိုက်ခတ်နေသည်။ ပန်းပိတောက် ရွှေဝါတို့ သည် စိမ်းမြမြ ပိတောက်ရွက်တို့ တွင် သင်္ကြန်မိုးရေနှင့်အတူ လူးလွန့်လာပြန်လေပြီ။ သြော်... နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးကာ နှစ်သစ်တစ်ခုသို့ ရောက်ခဲ့ပြန်လေပြီ။ နှစ်တစ်နှစ်သည် ဖွံ့ဖြိုးသော နည်းပညာခေတ်တွင် အရှိန်အဟုန်ပြင်းစွာနှင့် ဖြတ်ကျော်သွားခဲ့ပြီ။ သံလွင်အိပ်မက်သည် စက်တင်ဘာ(တော်သလင်းလပြည့်) နှင့်အတူ အိပ်မောကျနေခဲ့ဖူးသည်။ ဇန်န၀ါရီတွင် အတင်း နိုးထရန် အယ်ဒီတာ ငါးယောက် ခေါင်းချင်းရိုက် ကြိုးစားခဲ့ကြသော်လည်း တ၀က်တပျက်အိပ်စက်လျက်သာ ရှိနေခဲ့ပြန်သည်။ အင်တာနက် စာမျက်နှာပေါ်မှ မြန်မာအီးဇင်းများ၊ ဘလော့ဂ်များသည်လည်း တစ်နေ့ထက် တစ်နေ့ တိုးတက်လျက်ရှိသည်မှာ အားရစရာ ကောင်းနေသည်။ ထိုအချိန်တွင် အိပ်မောကျနေသော သံလွင်အိပ်မက် ကို သတိတရနှင့် “သံလွင်အိပ်မက် ထွက်ပြီလား” ဟု သံလွင်အိပ်မက်၏ အားအထားရဆုံး အယ်ဒီတာတစ်ဦးဖြစ်သည့် နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် (ခ) နွေလေ ၏ ထောင်နံရံကြားမှ အမေးစကားသည် ကျွန်တော်တို့ကို လန့်နိုးစေခဲ့သည်။ သံလွင်အိပ်မက်ကို နိုးထရန် ကြိုးစားကြရပြီ။

ခေတ်ကြီးက ဟောင်းနေ၍ စနစ်ကြီးက မပြောင်းသေးပေ။

ကျွန်တော်တို့ လူငယ်များအနေဖြင့် ပြောင်းလဲမှုတစ်ခုကို အမြဲတမ်းမျှော်လင့်နေကြောင်း၊ ဟောင်းနေလျှင် ပြောင်းရန် တာဝန်ရှိကြောင်း ဥပမာအဖြစ် သံလွင်အိပ်မက် အဟောင်းကို သံလွင်အိပ်မက် အသစ်နဲ့ အစားထိုး တော်လှန်ခဲ့ပါပြီ။ အခု Issue 12 မှစ၍ သံလွင်အိပ်မက်ကို အတွဲ ၂ အမှတ် ၁ အနေဖြင့် ထုတ်ဝေလိုက်ပြီး ယခင် အသုံးပြုနေကျ Flash Paper များအစား Zawgyi မြန်မာစကားလုံးသုံး အင်တာနက်မဂ္ဂဇင်းစာမျက်နှာ Website အဖြစ်ပြောင်းလဲခဲ့သည်။ အယ်ဒီတာတစ်ယောက် ချုပ်နှောင်ခံထားရသော်လည်း သံလွင်အိပ်မက်ကတော့ သူ့လမ်းကို သူဆက်လျှောက်နေမည်။ သူ့တာဝန် သူကျေပွန်အောင် ထမ်းဆောင် နေမည်။ အားလုံးရဲ့ ရင်ထဲကို ဆက်လက် စီးဆင်းနေပါမည်လို့။

( အယ်ဒီတာအဖွဲ့ )
သံလွင်အိပ်မက်

ကျေးဇူးတင်လွှာ

သံလွင်အိပ်မက်ကို အစဉ်တစိုက် အားပေးကြသော စာဖတ်သူများကို ပထမဦးစွာ အထူးကျေးဇူး တင်ရှိပါသည်။ ထို့အပြင် “ဘ၀ကား”အမည်ရှိ အက်ဆေးကို မေတ္တာဖြင့် ပြန်လည်ဖော်ပြခွင့် ပေးခဲ့သော စာရေးဆရာမင်းလူ၊ ကာတွန်းများကို မေတ္တာဖြင့် အသုံးပြုခွင့် ပေးခဲ့သော ဆရာအော်ပီကျယ်၊ စာမူများကို ပေးပို့ခဲ့ကြသော စာပေ၀ါသနာရှင်များ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း . . .။

   
Thanlwin Official Website

counter customizable free hit