| စာအုပ်စင် |
|
|
တင်မောင်မြင့် ၏ “ မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း”
ဘာသာပြန်ကောင်းသူ တင်မောင်မြင့်ရဲ့ “မဟာရံ တံတိုင်းကို ဖြတ်ကျော်ခြင်း” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ကို စတင်ကိုင်လိုက်သည်နှင့် လက်မှ မလွတ်နိုင်အောင် ဖြစ်ရပါတယ်။ အယ်လီနာနှင့် ကတ်စတာ တို့၏ အိမ်ထောင်ရေးဇာတ်လမ်းတစ်ပုဒ်ကို လှလှပပဖော်ပြထားတယ်။ အိမ်ထောင်ရေး ဇာတ်လမ်းဆိုပေမယ့် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုဆက်ဆံရေး စတဲ့ လူသားတိုင်းကြုံတွေ့ရလေ့ရှိသော ဒုက္ခသုခတို့ကို ရသမြောက်အောင် ဖော်ကျူးထားတာကို တွေ့နိုင်ပါတယ်။ မတူညီသော မိသားစုနှစ်ခုမှ ပေါက်ဖွားလာသူနှစ်ဦး၏ မတူညီသော အမြင်၊ မတူညီသော အခြေအနေကို တင်ပြထားပါတယ်။ ထိုမတူသော ပတ်ဝန်းကျင် တို့ကြောင့် ပြဿနာများ ကြုံတွေ့ကြပုံကို ရေးဖွဲ့ထားပုံမှာ အသက်ဝင်လှပါတယ်။ အိမ်ထောင်ရေးတွင် အတ္တ၊ မာန တွေကို လျှော့ချပြီး တစ်ဦးနှင့်တစ်ဦး မေတ္တာထားကာ နားလည်ချစ်ခင်လာကြပုံကို ခက်ခဲကြမ်းတမ်းသော တံတိုင်းကြီးတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပုံနှင့် ခိုင်းနှိုင်း တင်ပြထားပါတယ်။ ကျွန်တော်ကတော့ စာအုပ်ဖတ်နေရင်း ၀မ်းနည်းတဲ့ နေရာရောက်ရင် မျက်ရည်တွေကျ ၊ ၀မ်းသာတဲ့ နေရာရောက်ရင် ကြည်နူးပီတိဖြစ်ကာ မျက်ရည်လည်မိပါတယ် ။ ကျွန်တော်ရဲ့ စိတ်နှလုံးကို စွဲကိုင်နိုင်သော စာအုပ် အနည်းငယ်ထဲမှာ ဒီစာအုပ်လည်း တစ်အုပ်အပါအ၀င်ဖြစ်တာကြောင့် သံလွင်အိပ်မက် ပရိတ်သတ်တွေကို ဖတ်ဖြစ်အောင် ဖတ်ကြပါဟု တိုက်တွန်းလိုက်ရပါတယ်။ သစ္စာနီ ၏ “ပြက်လုံးများရဲ့ရာဇ၀င်”
အပုဒ်တိုင်းတွင် အစချီထားသော စာကြောင်းလေးများက မဲ့ပြုံးလေးများကို ပြုံးစေနိုင်ပါတယ်။ “ကြော်ငြာများကို ကြော်ငြာခြင်း” တွင် “ကြော်ငြာဆိုသည်မှာ မိန်းမလှလေးတွေက လှလှပပ ၀တ်စားကြကာ သူတို့ကိုင်ချင်ရာ ကိုင်ပြသော အရာကို ဆိုလိုပါသည်” “ ခေတ်သစ်ညောင်ရေ သွန်းလောင်းခြွေ” တွင် “ တန်းခူးကဆုန် ဆွေ့ဆွေ့ခုန် ဆိုသော၊ ရှေးစကားရှိတာ ကြားဖူကြပါလိမ့်မည်။ တန်ခူးလ၊ ကဆုန်လတွင် ဆွေ့ ဆွေ့ဆိုသော ကောင်မလေးကြိုးခုန်တာကို ရည်ညွန်းကြောင်း ကျွန်တော်ကတော့ ကောင်းကောင်းသဘောပေါက်သွားပါသည်။” “ အပူရှောင်သူများ” တွင် “ နေတော်တော်ပူသည်။ ခန္ဓာကိုယ်မှ ထွက်သော ချွေးမှာ ဂျိုးဖြူပိုက် ပေါက်နေတာနှင့် တူ၏ ” “မိုးဦးကျ အတွေးများ” တွင် “ ရာသီဥတုဆိုသည်မှာ ယူမိသော တခုလပ်မနှင့်တူသည်” “ပြက်လုံးများ၏ရာဇ၀င်” တွင် တချို့သော ဟာသစာပေကိုရေးသူတို့သည် အပြင်လောကတွင် မရယ်ရကြောင်း၊ အပြင်တွင် ရယ်ရသော ဟာသရေးသူများ လည်း ရှိကြောင်းတင်ပြထားပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သိန်းဖေမြင့် စသူတို့သည်လည်း ပြောင်မြောက်လှသည့် သရော်စာရေးသူများဖြစ်ကြောင်း တင်ပြထားပါတယ်။ ထိုခေတ်က နိုင်ငံရေးသမားများ၊ အစိုးရကို သရော်လို့ရကြောင်းကိုလည်း ခပ်ပါးပါးလေး ခြယ်မှုန်းထားပါတယ်။ အခုခေတ်မှာရောလို့ ကျွန်တော် က စဉ်းစားရင်း ပြုံးမိပါသေးတယ်။ “ မျိုးသုဉ်းတော့မည့် သဘာဝတရားကြီး” “တိရစ္ဆာန်ရုံများ ပျောက်ကွယ်တော့မည်လော” စတဲ့ ဆောင်းပါးများက သုတရသနှင့်အတူ ဟာသရသကိုပါ ရပါတယ်။ သုတ၊ ရသ၊ ဟာသတွေနဲ့ ပြည့်စုံတဲ့ ဒီစာအုပ်ငယ်ကလေးဟာ စာဖတ်သူတွေကို အတွေးစများ ပေးနိုင်ကြောင်း တင်ပြလိုက်ပါတယ်။ ဦးသန့်မြင့်၏ “River of Lost FootSteps”
|
|
Gwen Bristow ရဲ့ This side of glory ကို မြန်မာဘာသာသို့ ပြန်ဆိုထားသော စာအုပ်ဖြစ်ပါတယ်။
ခေတ်၏ ပြောင်းလဲမှုများကို ခပ်ပါးပါးလေး တင်ပြလိုက်သော သစ္စာနီ၏ ဆောင်းပါး ၂၁ ပုဒ်ကို ပေါင်းစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်း စာအုပ်ဖြစ်တဲ့ ဒီစာအုပ်ကို "ခြေရာပျောက်မြစ်" လို့ ကဗျာဆန်ဆန် နာမည်ပေးထား ပါတယ်။ ရေးသူကတော့ အာရှနိုင်ငံတွေထဲက ပထမဆုံး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့်ရဲ့မြေး ဦးသန့်မြင့် ဖြစ်ပါတယ်။ ကဗျာဆရာကြီး Rudyard Kipling ရဲ့ ကဗျာစာသားကို စာအုပ်နာမည် အဖြစ် သုံးထားပါတယ်။ အင်္ဂလိပ်များက မြန်မာနိုင်ငံကို သိမ်းယူပြီးနောက်ပိုင်း အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေကြောင့် တိုက်ပွဲဝင်ဖို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်သွားကြတဲ့ အင်္ဂလိပ်စစ်သားနဲ့ ကြေးစားစစ်သား အများစုဟာ ခြေရာပျောက်ပြီး ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် ပျောက်ဆုံးသွားတတ်တဲ့ အကြောင်း၊ ပြန်မလာနိုင်တော့တဲ့အကြောင်းကို ကဗျာဆရာက ၁၈၈၉ ခုနှစ်မှာ ရေးဖွဲ့ထားတာလို့ သိရပါတယ်။ စာရေးသူဟာ သမိုင်းသုတေသီတစ်ဦးဖြစ်ပြီး ဟားဗတ်တက္ကသိုလ်နဲ့ ကိန်းဘရိတ်ခ်ျတက္ကသိုလ်များမှာ ပညာသင်ယူခဲ့ကာ ကိန်းဘရိတ်ခ်ျကနေ ၁၉၉၆မှာ ပီအိတ်ခ်ျဒီဒေါက်တာဘွဲ့ ရခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၁၈၈၀ ပြည့်လွန် မြန်မာ့နိုင်ငံရေး အခြေအနေများကနေ စတင်ပြီး လက်ရှိအခြေအနေအထိ ဖတ်ချင်စဖွယ်ဖြစ်အောင် အတော်လေး ပြည့်ပြည့်စုံစုံ ရေးထားတာကို တွေ့ရမှာပါ။ မြန်မာ့အရေးကို စိတ်ပါဝင်စားသူတွေ မြန်မာ့နိုင်ငံရေးကို လေ့လာအကဲခတ်သူတွေ အနေနဲ့ မဖြစ်မနေ သိမ်းဆည်းဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်လို့ ညွှန်းလိုက်ပါရစေ။ ဒီလိုစာအုပ်မျိုးကို ကိုသံလွင်လည်း လက်လွတ်မခံဘဲ Hard Cover တစ်အုပ် အပိုင်ဝယ်ဖတ်လိုက်ပါတယ်။




Thanlwin Ainmat Online Magazine