| မျိုးကျော့မြိုင် ၊ ဥပဓိအနက်သရုပ်နှင့် စဉ်းစားရန်အတိုအစများ |
|
|
၁ ၊ ၂ "ကျွန်တော့်နာမည် မျိုးကျော့မြိုင်ပါ… ခုနှစ်မိုင်မှာ နေပါတယ်…." ဟူသော ရက်ပ်အဆိုကျော်၏ သီချင်းစာသားကို နှုတ်မှအလိုလို ရွတ်ဆိုနေမိသည်။ ၄င်းသီချင်းသည် ကျောင်းသားတစ်ဦး၏ အရိုးရှင်းဆုံး အက်ဆေး အရေးအသား တစ်ပုဒ်နှင့် ဆင်တူသည်။ ခေတ်ပြိုင်လူသားတစ်ဦး၏ ဘ၀ပုံပြင်တစ်ပုဒ်ကို ဖတ်ရှုနေရသည်ဟုလည်း အတွေးပွားမိသည်။ မျိုးကျော့မြိုင်က အဆိုတော်ဆိုတော့ ငါကရော ဘယ်လို ပုဂ္ဂိုလ်မျိုးလည်းဟု မေးခွန်းထုတ်မိသည်။ ဥပဓိအနက်သရုပ် ( Identity ) "ငါဘာကောင်လဲ" ဟုအမေးရှိသောအခါ "ငါကဘယ်လို ပုဂ္ဂိုလ်မျိုး" ဟုဖြေဆိုခြင်းသည် ပုဂ္ဂလိက ကိုယ်ရည် ( Personality ) သဘောမျှသာ ဖြစ်ကြောင်းတွေ့ရသည်။ ဥပဓိအနက်သရုပ် ( Identity ) သည် ယင်းကိုယ်ရည်ကိုယ်သွေးနှင့် ခြားနားမှုရှိသည်။ ကိုယ်ရည်ကိုယ်သွေးသည် အကြင်သူ၌ရှိသော ရှက်ရွံ့ခြင်း ၊ ဟာသဥာဏ်ရှိခြင်း ၊ ထိတ်လန့်တုန်လှုပ်မှုရှိခြင်းစသော အတွင်းပိုင်းဆိုင်ရာ ဂုဏ်သတ္တိချင်းရာ ကိုဖော်ပြသည်။ ဥပဓိအနက်သရုပ်သည် ရွေးချယ်မှု ( Choice )နှင့် ပို၍ သက်ဆိုင်သည်။ သင်သည် ဘောလုံးပွဲဝါသနာအိုး။ ထို့ကြောင့် ဘောလုံးပွဲသွားကြည့်သည်။ အပြင်စွဲ ( Extroverts ) ဘောလုံးပရိသတ်အုပ်စုနှင့် ဆူညံအားပေးသည်။ သို့သော် သင်သည် ဘဏ္ဍာအခွန်ဘောလုံးအသင်း၏ အမာခံ ပရိသတ်တစ်ဦး။ သစ်တောရေးရာ (သို့) လယ်ဆည်အသင်းကို အားပေးသူမဟုတ်။ သင်သည် အခြားသူများနှင့် မတူ။ ဘဏ္ဍာအခွန်အသင်း၏ ၀တ်စုံကို ၀တ်ဆင်၍ တစ်ခဲနက်အားပေးသည်။ ဤသို့ သင်ရပ်တည် ရွေးချယ်ထားသော ဥပဓိအနက်သည် သင်နှင့်တူညီသူ ၊ အခြားသူများနှင့် ကွဲပြားခြားနားသူအဖြစ် ပြုလုပ် ပုံဖော်ပေးသည်။
ဥပဓိအနက်သရုပ်သည် တစ်ဦးချင်းစီ ( Individuals ) နှင့် ၄င်းတို့၏ နေထိုင်ရာ ကမ္ဘာလောကကို ချိတ်ဆက်ပေးသည်။ သင်က သင့်ကိုယ်ကိုမြင်ခြင်း ( How I See Myself ) နှင့် အခြားသူတို့က သင့်ကို မြင်ခြင်း ( How Others See Me ) ကိုပေါင်းစပ်ပေးသည်။ ယင်းသည် အခြားသူများက အသိအမှတ်ပြုလက်ခံထားသော (သို့) လူ့အဖွဲ့အစည်းက အသိအမှတ်ပြုလက်ခံထားသော အဆင့်အတန်းနေရာတစ်ခုပင် ဖြစ်ပါသည်။ သင့်ကိုယ်ကို မြင်ခြင်းနှင့် အခြားသူတို့က သင့်ကို မြင်ခြင်းတို့တွင် အမြဲတမ်း ထပ်တူမကျနိုင်။ သင့်အနေဖြင့် `ငါကလူတော်´ ဟု အယူရှိသော်လည်း တခြားသူများက `လူပျင်း´ ဟုမြင်နေနိုင်သည်။ ရှေးရိုးဆန်သော မိဘတို့နှင့် `ညကလပ်´တက်သော သားသမီးတို့၏ ဆက်ဆံရေးအခြေအနေတွင် မတူညီသော ဥပဓိ အနက်သရုပ် ရွေးချယ်မှုမျိုးကို တွေ့နိုင်သည်။ တချိန်တည်းမှာပင် သင်သည် ကုမ္ပဏီ ၀န်ထမ်းတစ်ဦး။ စာရင်းကိုင်သင်တန်းတက်နေသော ကျောင်းသားနှင့် သမီးငယ်ရှိသော မိဘတစ်ဦး ဖြစ်နိုင်ပါသည်။ အားလပ်ချိန်များတွင် ဘလော့ဂါ တစ်ဦးအဖြစ်လည်း စာရေးသည်ဟု ဆိုပါစို့။ သင်တစ်ဦးတည်း ရွေးချယ်ပိုင်ဆိုင် ထားသော ယင်းဥပဓိအနက်သရုပ်များကြား ရွေးချယ်ဦးစားပေးမှု အခက်အခဲနှင့် ပဋိပက္ခ တစ်မျိုး ရှိလာနိုင်ပါသည်။ ယင်းသည် လူတိုင်း၌ ရှိနေနိုင်သော ဥပဓိအနက်သရုပ် ဆပွားခြင်း (သို့) အများအပြားရှိခြင်း ( Multiple Identity ) ဥပမာပင် ဖြစ်ပါသည်။ ဥပဓိ အနက်သရုပ် ပုံဖော်ခြင်းတွင် နောက်ကွယ်ရှိ တွန်းအား (သို့) ဖွဲ့စည်းပုံ ( Structure ) နှင့် မိမိကိုယ်ကို ထိန်းသိမ်း ဖော်ဆောင်ခြင်းဒီဂရီ (သို့) နည်းလမ်း ( Agency ) တို့သည် အရေးကြီးသည်။ သင်၏ဖြစ်လိုမှုနှင့် ဖိအားများကြားတင်းမာမှု ရှိနိုင်သည်။ အဆိုတော်တစ်ဦးအဖြစ် ဥပဓိ အနက်သရုပ် တည်ဆောက်ခြင်းတွင် မိမိကိုယ်ကို ထိန်းသိမ်းဖော်ဆောင်ခြင်း ဒီဂရီကို အတိုးအလျော့ ပြုလုပ်နိုင်ပါသည်။ ပရိသတ်၏ အသိအမှတ်ပြုခြင်း ၊ မပြုခြင်း (၀ါ) အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းတို့်သည် ပြင်ပလောက ( External World ) သို့မဟုတ် ဖွဲ့စည်းပုံ ( Structure ) ၏ ကန့်သတ်မှု ( Limitation ) နှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် သင့်တွင် အခွင့်အရေးများရှိသော်လည်း အသိဥာဏ်နုံနဲမှုကြောင့် မွဲသည်။ ဥာဏ်ရှိတိုင်းလည်း မွဲနိုင်သည်။ ယင်းသည် ဥပဓိ အနက်သရုပ် ကျဆုံးခြင်း ပုံပြင်တစ်ပုဒ်ပင်။ ဆိုရသော် အမြဲတမ်း (၁၈) နှစ်ဖြစ်လိုသော အမျိုးသမီးတစ်ဦး၏ ဇရာအထုအထောင်းသည် ဥပဓိ အနက်သရုပ် ဖော်ဆောင်ခြင်း၏ ဇီဝဆိုင်ရာအကန့်အသတ် ( Biological Limitations ) တစ်မျိုးပင် ဖြစ်ပါသည်။
လူမှုရေးဒဿနိကပညာရှင် George Herbert Mead ၏ အလိုအရ ဥပဓိ အနက်သရုပ် ဖော်ဆောင်ရာတွင် ကျွန်ုပ်တို့သည် တည်ရှိပြီး ဘာသာ စကားနှင့် သင်္ကေတ ဖွဲ့စည်းထားပုံတို့ကို အသုံးပြုသည်။ မျက်မြင်နားလည်ခြင်း ( Visualization ) ၊ သင်္ကေတပြု နားလည်ခြင်း ( Symbolization ) နှင့် တစ်ဦးချင်းစီ၏ တင်ကူးကြံစည်မှုများသည် ဖော်ဆောင်ရာနည်းလမ်း ( Agency ) ဖြစ်သည်ဟု ဆိုခဲ့သည်။ Erving Goffman ၏ အလိုအရမူ ဖွဲ့စည်းပုံ ( Structure ) သည် ကျွန်ုပ်တို့ပါဝင်ရမည့် အခန်း ကဏ္ဍ (Role ) အတွက် အသင့် ရေးသားထားပြီးသော ဇာတ်ညွှန်းတစ်ခု ဖြစ်သည်။ ပါဝင်ရမည့် အခန်းကဏ္ဍ (သို့) အစိတ်အပိုင်းကို အနက်ပြန် ( Interpret ) နိုင်သည် (သို့) အခန်းကဏ္ဍကို ညှိုနှိုင်းဆောင်ရွက်ရမည်။ ယင်းသည် ကျွန်ုပ်တို့ ရွေးချယ်ရမည့် နည်းလမ်း ( Agency ) ဟုဆိုသည်။ စိတ်ပညာရှင် Sigmund Freud ကတော့ ကျွန်ုပ်တို့၏ ဥပဓိအနက်သရုပ်ကို ဖော်ဆောင်သော တွန်းအား ( Structure ) သည် မသိစိတ်မှ ဖြတ်သန်းဆောင်ရွက်စေသော လူမှုသက်ရောက်အားဖြစ်သည်။ လူတစ်ဦးချင်းစီသည် ကလေးဘ၀အတွေ့အကြုံများကို နားလည်သဘောပေါက်ကာ ဥပဓိ အနက်သရုပ်ကို ပုံဖော်နိုင်ခွင့်ရှိသည်။ ဥပဓိအနက်သရုပ်သည် မည်သည့်အခါမျှ ပြီးပြည့်စုံ အသားကျသွားသည်မရှိ စသည်ဖြင့် ချဉ်းကပ်ခဲ့ကြသည်။ ၁ ၊ ၂ |
|

ဥပဓိ ဖော်ဆောင်ခြင်းတွင် နောက်ကွယ်ရှိတွန်းအား/ ဖွဲ့စည်းပုံနှင့် မိမိ၏ ဖော်ဆောင်ခြင်းနည်းလမ်း (Agency ) တို့ကို ချဉ်းကပ်ရာတွင် ပညာရှင်တို့၏ ကွဲပြားခြားနားသော အယူအဆတို့ကို ဤနေရာတွင် အနည်းငယ်ဖော်ပြလိုသည်။




Thanlwin Ainmat Online Magazine