Home    Old Issues    Contact   


 
သူတို့ပြောတဲ့ အလုပ်အကြောင်း
အေးချမ်း(သံလွင်)
 

လောကမှာ ငွေ ဟာ အရေးပါတယ်၊ မပါဘူး ငြင်းခုံကြပေမယ့် ငွေကြေးသာလျှင် သူ့စိတ်ကို တက်ကြွစေတဲ့ အရှင်သခင်ဖြစ်ပါတယ်လို့ Island Shipbrokers ကုမ္ပဏီက Sale & Purchase မန်နေဂျာ Mr.Wong က ဝန်ခံပါတယ်။ “ကျွန်တော့်ကို ငွေကြေးက တက်ကြွစေပါတယ်။ အလုပ်လုပ်တဲ့လူတိုင်းဟာ ဝင်ငွေကို မက်မောကြတာချည်းပါပဲ။ ကျွန်တော့်အလုပ်မှာတော့ အရောင်းအဝယ်ဖြစ်တော့မယ်ဆို ဒေါ်လာကို သန်းချီစကားပြောကြတော့တာပဲ” လို့ သူကဆိုပါတယ်။ တကယ်တော့ သူ့အလုပ်ဟာ သင်္ဘောပိုင်ရှင်နဲ့ ငှါးရမ်းလိုသူတွေအကြား၊ သင်္ဘောရောင်းလိုသူနဲ့ ဝယ်လိုသူအကြား စေ့စပ်ပေးရတဲ့ ပွဲစားဆန်ဆန်လုပ်ရတာ ဖြစ်ပါတယ်။ များပြားလှတဲ့ ငွေကြေးတွေနဲ့ အလုပ်လုပ်နေရပေမယ့် Mr.Wong က အမြဲတမ်း ရွှင်လန်း နေတတ်ပါတယ်။ ပွဲစားအလုပ်ပဲ-စကားပြောကောင်းရင် ရပါတယ်ဆိုတာထက် ခက်ခဲတဲ့ အလုပ်နဲ့ အစီအစဉ်တွေ သူ့ခေါင်းထဲမှာ အမြဲတမ်းပြည့်နေရပါတယ်။ သင်္ဘောအကြောင်းရေးတဲ့ မဂ္ဂဇင်းနဲ့ စာအုပ်တွေအကြားမှာလည်း အချိန်အများကြီး ပေးထားရပါသေးတယ်။ ဒါမှသာ နောက်ဆုံးပေါ်သတင်းတွေနဲ့ ပစ္စည်းတွေကို မျက်ခြေမပျက်မှာပေါ့လို့ သူကဆိုပါတယ်။

သူ့အလုပ်ဟာ အချိန်နဲ့နေရာ အတိအကျသတ်မှတ်ထားလို့လည်း မရပါဘူး။ အချိန်အခါမဟုတ်လည်း ဝိုင်သောက်ရင်း စကားပြောနေချင် ပြောနေရတတ်ပါတယ်။ ကံကောင်းချင်တော့ သူ့မိသားစုလေးက သူ့ကို နားလည်ပေးနိုင်ကြတာပါပဲ။ ဇနီးသည်နဲ့ သမီးနှစ်ယောက်က အချိန်ပေးနိုင်ခဲတဲ့ သူ့တို့အိမ်ထောင်ဦးစီးကို အပြစ်မမြင်ဘဲ ဒါက သင်္ဘောပွဲစားကြီးရဲ့ မိသားစု ဘဝပါပဲလို့ ရယ်ရယ်မောမောနဲ့ ပြောတတ်ကြပါတယ်။ ဒီအလုပ်ကို ရွေးလိုက်လို့လည်း Mr.Wong မှာ နောင်တနဲ့ သံသယ လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။

စင်ကာပူ ပညာရေးစနစ်အရ GCE O Level တက်ပြီးရင် Poly လို၊ Junior College လို ကျောင်းတွေကို တက်ရပါတယ်။ Mr.Wong က Marine Engineering ဘာသာကို ရွေးတက်ခဲ့ပေမယ့် သူတကယ်စိတ်ဝင်စားတာက ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဘာသာရပ်ဖြစ်ပါတယ်။ သူက “ကျွန်တော် တကယ်တက်ချင်တာက ငွေကြေးနဲ့ဆိုင်တဲ့ အတန်းပါ။ လူတိုင်းစိတ်ဝင်စားသလို ပြိုင်ဆိုင်မှုလည်း ရှိတယ်လေ။ ဆောက်လုပ်ရေးကိုတော့ ကျွန်တော် စိတ်မဝင်စားပါဘူး။ ကုန်းမြေအတော်လေး ကန့်သတ်ချက်ရှိနေတဲ့ စင်ကာပူမှာ တချိန်ချိန်တော့ ဆောက်လုပ်ရေးတွေ ခေတ်ပျက်လာနိုင်တယ်။ ကျွန်တော် ကျောင်းစတက်တော့ ဆောက်လုပ်ရေးကုမ္ပဏီနည်းသေးတယ်ဗျ။ ခုတော့ အတော်လေးများလာတယ်။ ပိုခက်ခဲလာတာပေါ့လေ။ ကျွန်တော်က ဒီ သင်္ဘောဘက်လိုက်ခဲ့တာပေါ့နော်။ အဲဒီအချိန်တုန်းက သင်္ဘောကုမ္ပဏီလည်း နည်းသလို ပင်လယ်ကြီးရှိနေသမျှ လုပ်စမ်းပါလေ့ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါမှပေါပဲ” လို့ ရှင်းပြပါတယ်။

သူ့အတွေးအခေါ်က အတော်လေး မှန်ပါတယ်။ သင်္ဘောအရောင်းအဝယ်နဲ့ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းဟာ စင်ကာပူ GDP ရဲ့ ၇% ရှိပြီး အခုနောက်ဆုံးထုတ်ပြန်ချက်အရ သင်္ဘောကုမ္ပဏီ ၄၀၀၀ ကျော်နဲ့ အလုပ်အကိုင်ပေါင်း ၁ သိန်းကျော်ခန့်ထားပါတယ်လို့ ဆိုပါတယ်။ လမ်းကြောင်းမှန်ကို ရွေးချယ်လိုက်တဲ့ Mr.Wong ဟာ သူ့ရဲ့ Advanced Diploma ကို University of Newcastel-upon-Tyne, UK ကနေ ၁၉၉၈ မှာ ရခဲ့ပြီး ၁၉၉၉ မှာ B.E ဘွဲ့ရခဲ့ပါတယ်။ သူအလုပ်စလုပ်တော့ Marine Surveyor ၊ နောက်တော့ Shipping Officer အဖြစ်ကနေ လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး သင်္ဘောအရောင်းအဝယ်တွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ သူက “ဒီအလုပ်က စကားချိုချိုသာသာ ပြောတတ်ရုံနဲ့ မပြီးသေးပါဘူး။ သက်ဆိုင်တဲ့ ဗဟုသုတတွေ အပြည့်ရှိနေဖို့လိုပါတယ်။ သင်္ဘောတည်ဆောက်ပုံ၊ ဘာတွေနဲ့ တည်ဆောက်ထားလဲ၊ သက်တမ်းဘယ်လောက်ရှိလဲ၊ ဘယ်နိုင်ငံက လုပ်တာလဲပေါ့။ ဂျပန်လုပ် သင်္ဘောရှိလားလို့ မေးနေတာကို အိန္ဒိယသင်္ဘောကောင်းကြောင်း ညွှန်းနေရင် မဟုတ်သေးဘူးလေ။ ဒါ့အပြင် ဈေးနှုန်းညှိကြတဲ့အခါမှာလည်း ပါးနပ်ဖို့လိုပါတယ်။ ဝယ်ဖြစ်တာ၊ ရောင်းဖြစ်တာထက် တွေ့ဆုံပွဲလေးက စိတ်ချမ်းချမ်းသာသာပြီးသွားဖို့ လိုတာပေါ့ဗျာ။ ဒါမှာ နောက်သင်္ဘောလိုတယ်ဟေ့ ဆိုတာနဲ့ ကျွန်တော်တို့ ကုမ္ပဏီကို သူတို့ သတိရနေကြမှာပါ” လို့ သူ့အမြင်ကို ပြောပါတယ်။

သင်္ဘောလုပ်ငန်း လုပ်နေသူတစ်ယောက်အနေနဲ့ ပင်လယ်အတွေ့အကြုံရှိဖို့လည်း လိုပါတယ်။ Mr.Wong ဟာ ၁၉၉၄ မှာ ၉ လကြာ ပင်လယ်ခရီး ထွက်ခဲ့ပါသေးတယ်။ အဲဒီခရီးဟာ သူ့ကို တကယ့်အတွေ့အကြုံစစ်စစ်နဲ့ မျက်စိပွင့်စေခဲ့တယ်လို့ ဆိုပါတယ်။ “ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ ဒေသန္တရ ဗဟုသုတကို စာအုပ်တွေမှာသာမက လက်တွေ့လည်း တတ်သိနေဖို့လိုပါတယ်။ သင်္ဘောအရောင်းအဝယ်လုပ်နေပြီး ပင်လယ်ခရီးကို သင်္ဘောကြီးနဲ့ မထွက်ဖူးဘူးဆိုရင် ရယ်စရာပါပဲ။ သင်္ဘောအဝင်အထွက်၊ အကွေ့အလှည့်တွေက တကယ်ခရီးသွားမှ ကြုံတတ်တာမျိုးလေ။ ကျွန်တော်ခရီးထွက်တော့ သင်္ဘောအင်ဂျင်ခန်းတွေ၊ သတိပေးစနစ်တွေ၊ အရေးပေါ်အသက်ကယ်စနစ်တွေကိုလည်း လေ့လာဖြစ်တယ်။ တကယ်တော့ သင်္ဘောဆိုတာ ပင်လယ်ထဲက ကျွန်းငယ်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ သင်္ဘောတွေအကြောင်းကို စိတ်ဝင်စားတာကိုတော့ ခုထိရပ်တန့်ပေးနိုင်မယ့်အရာ မပေါ်သေးပါဘူး” လို့ သူကရှင်းပြပါတယ်။

သင်္ဘောလုပ်ငန်းအတွေ့အကြုံများလှတဲ့ Mr.Wong က “သင်္ဘောလုပ်ငန်းဆိုတာ ဘယ်တော့မှ နေမဝင်ပါဘူးဗျာ။ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၉၀% က ပင်လယ်ကိုဖြတ်လာရတာပါ။ အရင်ကလိုပဲ အလုပ်အကိုင်တွေ ပေါများနေတုန်းပါပဲ။ ကောင်းကင်ကြီးကတော့ နာရီနဲ့အချိန်ကို တူတူပဲပေးတာပါပဲ။ ခင်ဗျားအလုပ်ကြိုးစားဖို့နဲ့ အလုပ်ချိန်တွေ ပိုထွက်လာဖို့ကတော့ လူကိုယ်တိုင်ရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဂုဏ်ယူနေတတ်ဖို့ပါပဲ” လို့ လူငယ်တွေကို အကြံပေးသွားပါတယ်။

………..

အထက်ပါ အကြောင်းအရာတွေကတော့ အလုပ်တကယ်လုပ်ချင်သူတစ်ယောက်ဟာ လက်တွေ့အတွေ့အကြုံ၊ စာပေဗဟုသုတ၊ ကျောင်းပညာ၊ မိမိအလုပ်အကြောင်း ရေရှည်တွက်ဆနိုင်မှု စတာတွေကို တတ်သိနားလည်နေရမယ်ဆိုတာကို မြင်သာစေတဲ့ သင်္ဘောလုပ်ငန်း မန်နေဂျာတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မယ့် လူငယ်တွေအနေနဲ့လည်း အစစအရာရာ ကြိုတင်တွက်စပြီး ရေရှည်မြှုပ်နှံသွားနိုင်မယ့် လုပ်ငန်းမျိုးရွေးချယ်နိုင်ကြပါစေ။

   
Thanlwin Official Website

counter customizable free hit