Home    Old Issues    Contact   


 
နေ့တစ်နေ့၏ အတွေးများ
ခရေဖြူ
 

Marina Bay ကမ်းခြေ တွင် လူများကျိတ်ကျိတ်တိုး စည်ကားနေ၏။ စင်္ကာပူနိုင်ငံ၏ ၄၂ နှစ်မြောက် National Day (သို့) August 9 (သို့ ) စင်္ကာပူနိုင်ငံ၏ လွတ်လပ်ရေးနေ့။ မီးရှုးမီးပန်းများ ဖောက်၏။ ရဟတ်ယာဉ်များဖြင့် စင်္ကာပူအလံတော်ကို ဆွဲ၍ လေတွင် လွှင့်၏။ ဝေဟင်တွင် မီးခိုးရောင်စံဖြင့် အလံပုံဖော်၏။ မြေပြင်တွင် ကဒ်ပြားချပ်လေးများ ရောင်စုံကိုင်ထားသော ကျောင်းသားလူငယ်လေးများက စည်းချက်ညီညာ ရွေ့လျား၍ အလံပုံဖော်၏။ အနီရောင်ကို အထိမ်းအမှတ်ပြုအရောင်အဖြစ် လူတိုင်းလိုလို အင်္ကျီအနီရောင်များ ၀တ်ဆင်လာကြ၏။ မျက်နှာတွင် စင်္ကာပူအလံပုံဆေးခြယ်ထားသော၊ Stickerသေးသေးလေးများ ကပ်ထားသော လူကြီးလူငယ်များကို နေရာအနှံ့တွေ့နိုင်၏။

National Day အတွက် အထူးစပ်ဆိုထားသော သီချင်းကို TVတွင် လွှင့်၏။ ထိုသီချင်း . . ၊ တေးဆိုသူ၊ တေးရေးသူသည် တစ်နှစ်နှင့် တစ်နှစ် မထပ်စေရ။ အနီရောင် တောက်တောက် အင်္ကျီလေးကို ၀တ်ထားသော အဆိုတော်မလေးသည် ရဲရဲတောက်နေသော အနီရောင် နှုတ်ခမ်းလေးများကို အားပါးတရ လှုပ်၍ သူတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ သီချင်းကို သီဆိုသည်။ သီချင်း၏ အဓိပ္ပါယ်မှာ US, UK, သြစတြေးလျစသည်ဖြင့် ကမ္ဘာအနှံ့သွားခဲ့ပါသည်။ သို့သော် ဒီမြေ၊ ဒီရေသို့ပင် ပြန်လာချင်ခဲ့သည်။ အထပ်ထပ်အခါခါ စဉ်းစားကြည့်သောအခါ ဒီမြေသည် ငါ့မြေ၊ ငါ့တိုင်းပြည်ဖြစ်၍ ဤမြေတွင် ငါ့မိသားစု(ဆွေမျိုးသားချင်း ညီအစ်အကို မောင်နှမသူငယ်ချင်းများကို ဆိုလိုဟန် တူပါသည်) ရှိသည်ဟု စပ်ဆိုထားပါသည်။ 'This is where my family'ဟု သူမ အားပါးတရ အော်လိုက်သံ၊ အော်လိုက်ဟန်သည် ကျွန်မအား ကြက်သီးမြမြထစေပါသည်။ ၀မ်းနည်းခြင်း၊ အားငယ်ခြင်းစသည့် ခံစားမှုတို့ ပေါင်းစည်းထားသော၊ အမည်မဖော်နိုင်သည့် ခံစားမှုတစ်ခုသည် ကျွန်မရင်တွင်းတွင် ကိန်းအောင်းနေ၏။

ကျွန်မကိုယ် ကျွန်မပြန်မေးမိပါသည်။ “Where is my Family”။ ကျွန်မလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံပုံ Stickerသေးသေးလေးများ မျက်နှာတွင် ကပ်၍၊ တုတ်တံထိပ်တွင် တပ်ထားသော စက္ကူ အလံသေးသေးလေးများကို ဝှေ့ယမ်း၍ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့စသော ကျွန်မတို့ နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ဆင်နွှဲလိုပါသည်။ အကော်ဒယံအုန်းကျော်၏။ “ညီနောင်သားချင်းတို့ရေ . . တအူထုံဆင်းများမို့လေ . . ရန်တွေငြိမ်းသတ်ကာ .. အတူ လက်တွဲကြမယ်လေ . . .”ဟူသည့် “သွေးက စကားပြောပါတယ်လေ” သီချင်းကို အားပါးတရ လိုက်ဆိုချင်မိ၏။ ယခုတော့ ကျွန်မသည် စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေ၏။ စင်္ကာပူနိုင်ငံ၏ လွတ်လပ်ရေးနေ့ ဆင်နွှဲပွဲကို အားကျနေ၏။ တို့နိုင်ငံသာဆိုလျှင် . . .ဟု အတွေးနက်နက်များ ၀င်နှောက်နေ၏။

စိတ်သည် အငြိမ်မနေစွာ အတိတ်သို့ ပြေးသွား၏။ ကျွန်မ သူငယ်တန်းလောက်က ဖြစ်မည်ထင်သည်။ ကျွန်မ မေမေသည် ကျောင်းဆရာမဖြစ်သောကြောင့် ပြည်ထောင်စုနေ့ အလံကိုင် အခမ်းအနားများမှာ ကျွန်မနှင့် မစိမ်းလှပါ။ မြန်မာ နိုင်ငံတော်အလံကို တနယ်မှ တနယ်သို့ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းတို့နှင့် သယ်လာ၍ (အိုလံပစ် မီးရှူးတိုင် သယ်သကဲ့သို့) ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပ၏။ ဖေဖော်ဝါရီလ ၁၂ရက်နေ့သည် ဗိုလ်ချုပ်ကိုယ်တိုင် ပင်လုံလက်မှတ် ရေးထိုးခဲ့သော သွေးစည်းညီညွတ်ရေး အထိမ်းအမှတ်နေ့ ဖြစ်သည်။ ယခုတော့ ကျွန်မတို့ နိုင်ငံ၏ ရင်သွေးများသည် ဖေဖော်ဝါရီ ၁၂ကို ကျော်၍ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့ကို မေ့ကာ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကို ဆင်နွှဲရန်သာ အားသန်နေကြ၏။

ဇန်န၀ါရီလ ၄ရက်နေ့သည် တမျိုးသားလုံး ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သော လွတ်လပ်ရေးနေ့ဖြစ်၏။ နံနက် အရုဏ်တက်တွင် နိုင်ငံတော် အလံကို လွှင့်တင်၍ အလေးပြုခြင်း၊ လွတ်လပ်ရေးအချိန်တွင် ဥသြများမှုတ်ခြင်း၊ လွတ်လပ်ရေးနေ့ ဟောပြောပွဲများ၊ ပြခန်းများ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ကျွန်မငယ်ငယ်က ရှိခဲ့သည်ဟု ခပ်ဝါးဝါးမှတ်မိပါသည်။

ဇူလိုင်၁၉သည် ကျွန်မတို့ တမျိုးသားလုံး၏ ယူကြုံးမရ ၀မ်းနည်းဖွယ် အကောင်းဆုံး ဆုံးရှုံးမှုကို ဖြစ်ပွားစေသည့် အာဇာနည်နေ့ဖြစ်သည်။ “အာဇာနည်နေ့ကိုဖြင့် မမေ့ရက်နိုင်ပါပြီ” ဟူသော တေးသံအေးအေးလေးသည် ကြားရသူအပေါင်းကို မျက်ရည်ဝဲစေ၏။ “ငါတို့ ဗမာပြည်မှာကွယ် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဟူသည့် သီချင်းသည် ဇာတိမာန်ကို ထက်သန်စေ၏။ လူငယ်များကို ဗိုလ်အောင်ဆန်းကဲ့သို့ သတ္တိရှိရန်၊ စိတ်သဘောထားကြီးမြတ်ရန်၊ ရဲဝံ့ရန် လမ်းညွှန်သင်ကြားပေး၏။ ကျောင်းများတွင် ဆရာ၊ ဆရာမများက ဗိုလ်အောင်ဆန်း၏ အားကျအတုယူဖွယ်များကို ဟောပြော၏။ ကျွန်မ ပထမတန်းနှစ်က နားထောင်ခဲ့ဖူးပါသည်။

တော်လှန်ရေးနေ့သည် ကျွန်မတို့ နိုင်ငံ၏ သမိုင်းဝင်နေ့တနေ့ဖြစ်၏။ စစ်သားကြီးများ ချီတက်လာလျှင် ပန်းကုံးစွပ်ရန် ပန်းသီခဲ့ပုံကို ခပ်ရေးရေး မှတ်မိနေ၏။ မတ်လ၂၇ရက်နေ့ နံနက်စောစောတွင် ကျွန်မအဖေမှ ကျွန်မနှင့် ညီမလေးကို စက်ဘီးပေါ်တင်ကာ တပ်မတော်နေ့ ချီတက်ပွဲများကို လိုက်ပြခဲ့ဖူးပါသည်။

ယခုတော့ . . .
ယခုတော့ အားလုံးသိကြသည့်အတိုင်း ချစ်စရာအထိမ်းအမှတ်နေ့ ဆင်နွှဲပွဲများသည် ပျက်ကုန်၏။ မပြည့်စုံသော လူတို့သည် တစ်နေ့တာ စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရသောကြောင့် “ဒီနေ့ဘာနေ့လေ”ဟု ပြောလျှင်ပင် “ဘာနေ့ဖြစ်ဖြစ် သောက်ဂရုမစိုက်ဘူး”ဟု ပြောသူကိုပင် ပြန်ရန်လုပ်ဖွယ်ရှိ၏။ ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ စသည့် ဤသမိုင်းဝင်နေ့များအကြောင်း အသိပညာ လက်ဆင့်ကမ်းမှုများ ရပ်တန့်ကုန်သောကြောင့် လူငယ်များသည် သမိုင်းသည် စာအုပ်ထဲတွင်သာ ကျန်တော့သည်ဟု မှတ်ယူကြ၏။ အတုယူဖွယ် စံပြပုဂ္ဂိုလ် မရှိသော (သို့) စံထားမှားသော အနာဂတ်ရင်သွေးများသည် ကြိုးပြတ်သော စွန်ကဲ့သို့ ထင်ရာစိုင်းနေ၏။

အာဇာနည်နေ့တွင် ဗိုလ်ချုပ်ရုပ်ထုရှေ့ကိုယ့်သဘောဖြင့် ကိုယ် ပန်းခွေသွားချပါက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းခံရ၏။ ရပ်ကွက်လူကြီးမှတဆင့် နောက်နောင်မလုပ်ရန် သတိပေးခြင်းခံရ၏။ ယခုတော့ ပန်းခွေချမှာ စိုး၍ထင့်၊ ပုသိမ်မြို့ကမ်းနားလမ်းရှိ ဗိုလ်ချုပ်ပန်းခြံသည် လည်းကောင်း၊ ဗိုလ်ချုပ်ကြေးရုပ်သည် လည်းကောင်း အခြား အဆောက်အအုံအဖြစ်သို့ ဘ၀ပြောင်းသွားပြီဖြစ်၏။ ကျွန်မတို့ နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးသွားကြသော အာဇာနည်ကြီးများကို ကျော်၍ ဟိုးရှေးပဝေသဏီက ကျန်စစ်သား၊ အလောင်းဘုရား၊ မဟာဗန္ဓုလ၊ ဘုရင့်နောင် စသည့်ရုပ်ထုများ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ၏။ ကျွန်မတို့ နိုင်ငံတွင် ကျန်စစ်သားများ ဖောင်းပွလိုက်သည်မှာ အနော်ရထာပင် လှံတစ်ချောင်းနှင့် ပစ် မလောက်၍ စတင်းဂန်းနှင့် ပစ်ရသည်ဟု လူပျက်များ ပျက်သည်အထိပင်။ “တိုင်းသူပြည်သားများသည် နိုင်ငံအုပ်ချုပ်မင်းလုပ်သူ၏ စကားကို (မှားမှားမှန်မှန်) တသွေမတိမ်း လိုက်နာရာ၏”ဟု ကျန်စစ်သားပြောခဲ့သည် … ဟု ကျန်စစ်သားအား နာမည်ဖျက်ကြသည်။ (ကျွန်မ မမွေးသေး၍ အသံဖမ်းစက်နဲ့ သွင်းမထားမိသောကြောင့် ကျန်စစ်သားပြောမပြော သေချာမသိပါ။)

ဇန်န၀ါရီလ ၄ရက်နေ့တွင် ဘယ်ဥသြမှ မဆွဲသောကြောင့် ကျွန်မကတော့ လွတ်လပ်ရေးနေ့ကို အမြဲမေ့နေတတ်ပါသည်။ တခါက အင်္ဂလိပ်တို့ ပေးသော လွတ်လပ်ရေးသည် ရွှေရည်စိမ်လွတ်လပ်ရေးဟု ဆိုလျှင် ယခုကျွန်မတို့ ရနေသော လွတ်လပ်ရေးသည် ဘာရည်ကို စိမ်ထားသနည်းဟု ပေါက်ပေါက်ရှာရှာ တွေးမိ၏။

ပြည်ထောင်စုနေ့ အခမ်းအနားပြပွဲများ၊ စာပေဟောပြောပွဲများအစား မော်ဒယ်လ်ပြပွဲများ၊ စတိတ်ရှိုးပွဲများ နေရာယူလာ၏။ မြန်မာပြည်တွင် မော်ဒယ်လ်(သို့)မင်းသမီးဖြစ်လိုသော မိန်းကလေးနှင့် မင်းသား(သို့) အဆိုတော်ဖြစ်လိုသော ယောက်ျားလေးများကို ဖယ်လိုက်လျှင် လူငယ်မှ ကျန်ပါလေစ ဟု ထင်ရလောက်အောင် ဤအလုပ်အကိုင်များ တွင်ကျယ် နေ၏။ ယောက်ျားလေးများသည် နှမသားချင်းမစာနာစွာ ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် နောက်ပြောင်ရန် ၀န်မလေးကြတော့။ အလုပ်အကိုင်မရှိခြင်း၊ ရှိသည့်အလုပ်များသည် ရသည့်ဝင်ငွေနှင့် လုပ်ရသည်မှာ မတန်ဟု ထင်မြင်ခြင်းမှ အစပြု၍ ကြီးကျယ်သော စိတ်ကူးများကို အကောင်အထည် မဖော်နိုင်မှုအတွက် မိမိကိုယ်တိုင် အပါအ၀င် လောကတခုလုံးကို မျက်မုန်းကျိုးနေသော လူငယ်များ တနေ့တခြား တိုးလာ၏။

မိန်းကလေးများသည် နှုတ်ပေါ့ခြင်း၊ ပါးစပ်ဆော့ခြင်းများကို မရှက်မကြောက် ပြုမူလာကြ၏။ ကျပ်တည်းသော လူနေမှုဘ၀နှင့် လှချင်ပချင်ဝတ်စားချင်သော သဘာဝဓာတ်ခံကြောင့် အိနြေ္ဒတို့သည် နာမည်သာ ကျန်တော့၏။ မြန်မာရုပ်ရှင်ကားများတွင် မယုံနိုင်ဖွယ် မိန်းကလေးဖက်မှ ဖခင်ကို ခေါ်၍ (မိခင်တောင်မဟုတ်) ယောက်ျားသွားတောင်းခြင်းများကို တွေ့မြင်ရ၏။ (လရောင်နမ်းသည့် ပင်လယ် - ဒွေး၊ နန္ဒာလှိုင်)၊ နောင်တခေတ်တွင် အိန္ဒိယနိုင်ငံကဲ့သို့ တိုက်တစ်လုံး၊ ကားတစ်စီးဖြင့် ယောက်ျားတင်တောင်းရလတ္တံ့ဟု မြင်၏။ (ငွေကို ချွေတာလိုလျှင် ထိုအချိန်ကာလမရောက်ခင် မြန်မြန်ယူကြပါရန်)

တပ်မတော်နေ့တွင် ယခင်လို ချီတက်၊ မတက် ကျွန်မ မသိပါ။ ချီတက်ခဲ့လျှင်လည်း ပန်းကုံးသွားစွပ်ရန် ကျွန်မ ဆန္ဒမရှိတော့ပါ။ (တမျိုးမထင်ပါနဲ့ ပန်းဈေးတွေ ကြီးလို့ပါ။) ယခင် တပ်မတော်နေ့နားနီးလျှင် ပြတတ်သော မြန်မာကားကောင်းကောင်းလေးများကို ကျွန်မလွမ်းမိပါသည်။ ကျွန်မအမှတ်ရဆုံးကား နှစ်ကားမှာ ပျဉ်းမငုတ်တို(ကောလိပ်ဂျင်နေ၀င်း၊ နွဲ့နွဲ့မူ)နှင့် အချစ်တစ်ပွဲ စစ်ပွဲတရာ (ကျော်ဟိန်း၊ ခင်သန်းနု)တို့ ဖြစ်သည်။ လူငယ်ဘ၀ ဆိုးလွန်းပေလွန်း၍ ဖခင်က အိမ်မှ နှင်ချလိုက်သော ကျော်ဟိန်းသည် ယခင် သူကျွေးပေးထားသော ဘယ်သူငယ်ချင်းအိမ်ကမှ လက်မခံ၍ စစ်တပ်ထဲသို့ လိုက်သွား၏။ ထိုမှစ၍ ဘ၀ကို ရင်ဆိုင်ရဲရင့်လာပုံ၊ အနစ်နာခံစိတ်ရှိလာပုံ၊ ရဲဘော်ရဲဘက်စိတ်ထားတတ်လာပုံတို့သည် ကြည့်နေသူ၏ စိတ်နှလုံးကို အထူးပင် လှုပ်ရှားစေ၏။ အမှန်တကယ်ပင် အပြုအမူတစ်ခုသည် စကားပေါင်းများစွာထက် ထိရောက်၏။ မလိုက်နာနိုင်သော ကတိများကို ပေးခြင်းထက် မလုပ်နိုင်ဟု ၀န်ခံလိုက်သည်က ပို၍ ထိရောက်၏။ မိမိကိုယ်မိမိ မှားသည် မှန်သည် မဝေခွဲနိုင်ခြင်းသည် အဆိုးဆုံးဖြစ်ပါ၏။

လေနုအေးသည် ကျွန်မအား ပစ္စုပ္ပန်သို့ ပြန်ခေါ်လာ၏။ လီရှန်လုံး၊ ဂိုချောက်ထောင်နှင့် လီကွမ်ယုတို့မှ တလှည့်စီ မိန့်ခွန်းပြော၏။ ပီသသော အင်္ဂလိပ်စကားနှင့် ငြိမ်သက်စွာ နားထောင်နေသော လူအုပ်ကြီး အလယ်တွင် ကျွန်မ၏ ရင်ခုန်သံကို ကျွန်မ ပြန်ကြားနေရ၏။ အင်္ဂလိပ်စကားသည် ကမ္ဘာသုံးစကားဖြစ်၍ တတ်ကို တတ်ရမည်ဟု ဗိုလ်ချုပ်ပြောခဲ့ခြင်းမှာ မှန်ကန်လှသည်။ နိုင်ငံအုပ်ချုပ် မင်းလုပ်သူသည် ကမ္ဘာသုံးဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်မှ ကမ္ဘာ့ဆက်ဆံရေးတွင် ၀င်ဆံ့နိုင်မည်မဟုတ်ပါလား။

ကျွန်မတို့ လူမျိုးများသည် လူညံ့များမဟုတ်သည်ကို အားလုံးငြင်းနိုင်မည် မဟုတ်ပါ။ ကြီးကျယ်သော ကုမ္ပဏီကြီးများတွင် ၀င်ဆံ့စွာ အလုပ်လုပ်ကိုင်နေသော မြန်မာများကို စင်္ကာပူနိုင်ငံအနှံ့ မြင်တွေ့နိုင်၏။ ထိုမညံ့သော နိုင်ငံ၏ အလံတော်ကို ကိုင်၍ မညံ့ကြောင်း ပြခွင့်ရချင်စမ်းပါသည်။

   
Thanlwin Official Website

counter customizable free hit