| တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ |
|
| ဆောင်းရာသီရဲ့ နေ့စွဲတစ်ခုဖြစ်တဲ့ ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ၃၅ ယောက်မြောက် သမ္မတအဖြစ် ဂျွန်အက်ဖ်ကနေဒီဟာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ထိုစဉ်က သူဟာ အသက် ၄၃နှစ်ရှိနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာတော့ အသက်အငယ်ဆုံး ရွေးချယ်ခြင်းခံခဲ့ရတဲ့ သမ္မတတစ်ဦးဖြစ်ပါတယ်။ ထိုနေ့မှာ ပြောကြားခဲ့တဲ့ ၎င်း၏ ကျော်ကြားလူသိများသော မိန့်ခွန်းမှ ကောက်နုတ်ချက် ဖြစ်ပါတယ်။ …………… ပြည်သူပြည်သားအပေါင်းတို့ခင်ဗျား .. ဒီကနေ့ဟာ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုရဲ့ အောင်ပွဲနေ့ မဟုတ်ပါဘူး။ လွတ်လပ်ခြင်း အနှစ်သာရအတွက် ကျင်းပကြတဲ့နေ့တစ်နေ့ပါ။ ဒီကနေ့ဟာ အဆုံးသတ်တစ်ခုဖြစ်သလို အစပြုခြင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ပြန်လည်ဆန်းသစ်မှုနဲ့ အပြောင်းအလဲတွေကိုလည်း ကိုယ်စားပြုပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ် ၂ခုနီးပါးက တိုင်းပြည်ခေါင်းဆေင်ကြီးတွေ အဆက်ဆက် ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ဘုရားသခင်နဲ့ ပြည်သူပြည်သားအားလုံးရဲ့ ရှေ့မှောက်မှာ ဒီနေ့ ကျွန်တော် ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ ကမ္ဘာကြီးဟာ အရင်လို မဟုတ်ဘဲ အများကြီး ပြောင်းလဲခဲ့ပါပြီ။ လူသားတွေမှာ ဆင်းရဲမွဲတေမှုတွေနဲ့ မလိုလားအပ်တဲ့ လူနေမှုစံတွေကို ဖျောက်ဖျက်ပစ်ဖို့ စွမ်းအားတွေလည်း ရလာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဘိုးဘေးအဆက်ဆက် တွန်းလှန်ခဲ့ရတဲ့ ယုံကြည်မှုတစ်ရပ်ကတော့ ကမ္ဘာပေါ်မှာ ရှိနေဆဲပါ။ အဲဒီယုံကြည်မှုကတော့ လူ့အခွင့်အရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းမွန်ပီပြင်တဲ့ စနစ်တစ်ခုက လာနိုင်မှာ မဟုတ်ဘဲ ဘုရားသခင်ကသာ ဖန်ဆင်းပေးနိုင်မယ်လို့ ယုံကြည်နေမှုပါပဲ။
ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် လွတ်လပ်မှုကသာ အမြဲတမ်း အောင်ပွဲခံနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး ပေးဆပ်ကြမယ်၊ တာဝန်ကိုယ်စီ ထမ်းဆောင်ကြမယ်၊ အခက်အခဲတွေကို ရင်ဆိုင်ကြမယ်၊ မိတ်ဆွေတွေကို ကူညီကြမယ်၊ ရန်သူတွေကို ဆန့်ကျင်ကြမယ်ဆိုတာ ဒီတိုင်းပြည်ကို ကောင်းစေချင်တဲ့ တိုင်းပြည်တွေရော မကောင်းအမြင်ရှိတဲ့ တိုင်းပြည်တွေပါ သိအောင် ကြေညာလိုက်ပါတယ်။ ဒီနေရာမှာ အလေးအနက် ကတိပေးချင်တာတွေကတော့ … ဟိုးပဝေသဏီကတည်းက ယဉ်ကျေးမှုသာမက ယုံကြည်ချက်တွေပါ တူညီစွာ ဝေမျှရင်း ချစ်ကြည်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ တိုင်းပြည်တွေ အပေါ်မှာ အမြဲသစ္စာရှိရှိ ယုံယုံကြည်ကြည်နဲ့ ဆက်ဆံသွားပါမယ်။ လွတ်လပ်ရေး ရပြီးကာစ တိုင်းပြည်တွေကိုလည်း ကိုလိုနီစနစ် အဆုံးသတ်သွားတာဟာ အဲဒီထက် ပိုမိုဆိုးရွားတဲ့ စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မဟုတ်ပါဘူးဆိုတာ ပြောလိုပါတယ်။ ကျွန်တော်တို့ အမြင်တွေကို အမြဲတမ်း ထောက်ခံအားပေးမယ်လို့ မျှော်လင့်မထားပါဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေးအတွက်ကိုတော့ ခိုင်ခိုင်မြဲမြဲ အလေးထားပြီး ထောက်ခံအားပေးကြမယ်လို့ မျှော်လင့်နေပါမယ်။ သတိရစေလိုတာကတော့ အတိတ်ကာလကတည်းက ကျားရဲ့ နောက်ကျောပေါ်ကို မိုက်မိုက်မဲမဲခွစီးဖို့ ကြိုးစားသူတိုင်း ဟာ ကျားရဲ့ အာခံတွင်းမှာပဲ ဘ၀အဆုံးသတ်ရတတ်တယ် ဆိုတာကိုပါ။ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ တဲတွေ ရွာတွေမှာ ရုန်းကန်ပြီး ဘ၀ကိုကျောင်းရင်း နွမ်းပါးစွာ နေထိုင်ကြရသူတွေကို ပြောချင်တာကတော့ ကျွန်တော်တို့အားလုံးက ခင်ဗျားတို့တတွေ ကိုယ့်အကျိုးအတွက် ကိုယ်တိုင် စွမ်းဆောင်နိုင်ကြဖို့ အချိန်ဘယ်လောက်ပဲ ကြာကြာ အတတ်နိုင်ဆုံး ရိုင်းပင်းကူညီသွားပါမယ်။ အဲဒါလိုကူညီမယ်ဆိုတာ ကွန်မြူနစ်တွေက လုပ်သွားမှာစိုးလို့လည်း မဟုတ်ပါဘူး။ အကူအညီပေးလိုက်မယ့်သူတွေဆီက ထောက်ခံမဲတွေ လိုချင်လို့လည်း လုံးဝ မဟုတ်ပါဘူး။ ဘာလို့ ကူညီတာလည်း ဆိုတော့ ဒါဟာ အမှန်တရားဖြစ်နေလို့ပါပဲ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ ဆင်းရဲနွမ်းပါးသူ အများစု ကို မကူညီနိုင်ဘူးဆိုရင် ချမ်းသားတဲ့ လူနည်းစုကိုလည်း ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တောင်ဘက်နယ်နိမိတ်မှာ ရှိတဲ့ တိုင်းပြည်တွေကို ပြောလိုတာကတော့ ချစ်ကြည်ရေးအတွက် ဆောင်ရွက်မှု တိုးတက်လာအောင် ပြည်သူတွေ အစိုးရတွေကို ဆင်းရဲတွင်းနွံက လွတ်မြောက်လာနိုင်အောင် အပြောချည်းသက်သက်မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြသွားပါမယ်။ ဒါပေမယ့် အဲဒီ မျှော်လင့်ချက်အတွက် ငြိမ်းချမ်းစွာ တော်လှန်ခြင်းဟာ အာဏာရယူလိုသူတွေအတွက် သားကောင် ဖြစ်သွားလို့ မရပါဘူး။ အမေရိကတိုက်မှာ ဆိုးဆိုးရွားရွား နိုင်ထက်စီးနင်းလုပ်မှုတွေကိုလုပ်မယ်ဆိုရင် ပူးပေါင်းဆန့်ကျင်သွားမယ်ဆိုတာ အိမ်နီးနားချင်း နိုင်ငံတွေကို သိအောင် ပြောပေးကြပါ။ ဒီကမ္ဘာတစ်ခြမ်းမှာ နေထိုင်ကြတဲ့သူတွေဟာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီး သွားမယ်ဆိုတာ အခြားတိုင်းနိုင်ငံတွေ သိပါစေ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ပြောလိုတာကတော့ ငြိမ်းချမ်းရေးအတွက် ဆောင်ကျဉ်းနိုင်မယ့် လက်နက်တွေထက် စစ်ပွဲတွေအတွက် လူသတ်လက်နက်တွေ များပြားနေတဲ့ ဒီခေတ် ဒီအခါမှာ ဒီကုလသမဂ္ဂအဖွဲ့ကြီးဟာ အားလုံးအတွက် အကောင်းဆုံးနဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ။ ဒီတော့ ဒီအဖွဲ့ကြီးကို အဖွဲ့အစည်းတစ်ခုအဖြစ် အမည်ရှိရုံချည်းသက်သက် မဟုတ်ဘဲ ထိထိရောက်ရောက် ပိုမို စွမ်းဆောင်သွားနိုင်အောင် အလေးအနက် ကူညီထောက်ပံ့ပေးသွားပါမယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ ယုံကြည်ချက်လားရာခြင်း မတူတဲ့ ဆန့်ကျင်ဘက်နိုင်ငံတွေကို တောင်းဆိုချင်တာကတော့ နှစ်ဦးနှစ်ဖက်လုံး အကျိုးမဲ့စေမယ့် လောကလူ့ဘုံပျက်စီးအောင် တမင်ကြံရွယ်ပြီးပဲဖြစ်ဖြစ် မတော်မဆပဲဖြစ်ဖြစ် သိပ္ပံပညာနဲ့ ဖန်တီးထားတဲ့ အရာတွေက အပြီးသတ် အနိုင်ယူ မသွားခင်မှာ ငြိမ်းချမ်းရေးအတွက် အသစ်တဖန် ဆောင်ရွက်ကြရအောင်လား။
ဒါကြောင့် ကျွန်တော်တို့ အားလုံး အသစ်တဖန် ဆောင်ရွက်ကြရအောင်။ နှစ်ဖက်စလုံး အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံခြင်းဟာ တစ်ဖက်ဖက်က အားနည်းမှုကြောင့် ဆိုတဲ့ လက္ခဏာမဟုတ်ပါဘူး။ ရိုးရိုးသားသားဆက်ဆံကြမယ်ဆိုရင် ဒါဟာ သက်သေကောင်း တစ်ခု ဖြစ်လာနိုင်မှာပါ။ အစိုးရိမ်လွန်ပြီး အချင်းချင်း မျှတတဲ့ အပေးအယူညှိနှိုင်းမှုတွေ မလုပ်ဘဲ မနေသင့်ကြသလို အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လဲ ဘယ်တော့မှ အစိုးရိမ် မလွန်ကြပါစေနဲ့။ ကျွန်တော်တို့အချင်းချင်း စိတ်ဝမ်းကွဲမှုဖြစ်စေမယ့် ပြဿနာတွေကို အဖန်ဖန်တလဲလဲ ပြောနေဆိုနေကြမယ့်အစား ဘယ်လို ပြဿနာမျိုးကို အတူတကွ ဖြေရှင်းကြမလဲဆိုတာ နှစ်ဖက်စလုံးက နည်းလမ်းရှာဖွေကြရအောင်လား။ ပထမဦးဆုံးအနေနဲ့ လက်နက်ထိန်းချုပ်မှု၊ စောင့်ကြည့်လေ့လာမှုတွေကို လုပ်ဖို့အတွက် တိတိကျကျ အဖြေထုတ်ကြရအောင်လား။ သိပ္ပံပညာက ပေးနိုင်တဲ့ ဆိုးကျိုးတွေအစား ကောင်းကျိုးတွေကိုသာ ရှာဖွေကြရအောင်လား။ ကြယ်တာရာတွေဆီကို အတူသွားကြမယ်။ သဲကန္တာရတွေကို အတူကျော်ဖြတ်ကြမယ်။ ရောဂါဘယတွေ ကင်းရှင်းအမြစ်ပြတ်သွားအောင် အတူကြိုးစားကြမယ်။ ပင်လယ်ပြင်အောက်ကို အတူ လေ့လာကြမယ်။ အနုပညာနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် အတူ အားပေးကြမယ်။ နှစ်ဖက်စလုံးက ညီညီညွတ်ညွတ်ရှိမယ်ဆိုရင် ကမ္ဘာ့နေရာဒေသအသီးသီးမှာ ရှိတဲ့ မနိုင်ဝန်တွေ ထမ်းနေရသူတွေနဲ့ အနိုင်ကျင့်ဖိနှိပ်ခံနေရသူတွေ အားလုံး လွှတ်မြောက်သွားမှာပါ။ တကယ်လို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တွေကို သံသယတောနက်ထဲ ပြန်မောင်းသွင်းခံလိုက်ရမယ် ဆိုရင်တောင် အသစ်ပြန်ပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားကြမယ်။ အဲဒီလို လုပ်ခြင်းဟာ အာဏာချိန်ခွင်လျှာကို မျှသွားအောင် မဟုတ်ဘူး။ အားကြီးတဲ့သူတွေအတွက် မျှမျှတတ ဆောင်ရွက်ပေးပြီး အားနည်းသူတွေအတွက် လုံခြုံအေးချမ်းမှုပေးနိုင်တဲ့ ကမ္ဘာသစ်တစ်ခုကို ပြန်ပြီး တည်ဆောက်နိုင်ဖို့ အတွက်ပါ။ ဒါတွေအားလုံး ပြီးမြောက်ဖို့ ရက်တစ်ရာနဲ့လည်း မပြီးပါဘူး။ ရက်တစ်ထောင်နဲ့လည်း ပြီးမှာ မဟုတ်ပါဘူး။ ဒီ လက်ရှိအုပ်ချုပ်ရေး သက်တမ်းအတွင်းမှာတောင် ပြီးချင်မှ ပြီးမှာပါ။ ဒါမှ မဟုတ် ဒီကမ္ဘာကြီး သက်တမ်းကုန်တဲ့အထိတောင် ပြီးချင်မှ ပြီးလိမ့်မယ်။ ဒါပေမယ့် .. ကျွန်တော်တို့ အခုကနေ စပြီး လုပ်လိုက်ကြရအောင်။ ပြည်သူများခင်ဗျား .. ကျွန်တော်တို့ အဆုံးသတ် အောင်မြင်မလား ဒါမှမဟုတ် ကျဆုံးမလားဆိုတာဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည် သက်သက်ထက် ခင်ဗျားတို့ အားလုံးရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒီတိုင်းပြည်ကို စပြီး တည်ထောင်ခဲ့ကတည်းက အမေရိကန်မျိုးဆက် အစဉ်အဆက်ဟာ သစ္စာရှိရှိနဲ့ ဆောင်ရွက်ခဲ့ကြသူချည်းပါပဲ။ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တဲ့ အမေရိကန်လူငယ်တွေရဲ့ အုတ်ဂူတွေဟာ ကမ္ဘာ အရပ်ရပ်မှာ ရှိနေပါတယ်။ အခုလည်း ခရာသံတွေက ကျွန်တော်တို့ကို ခေါ်တွေ ပြန်ပြီ။ လက်နက်တွေ ကိုင်ဆောင်လာဖို့ မဟုတ်ဘူး။ စစ်ပွဲမှာ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက အခုထိ နှစ်စဉ်လိုလို ရင်ဆိုင်နေရတဲ့ လူသားမျိုးနွယ်ရဲ့ ရန်စွယ်တွေဖြစ်တဲ့ အာဏာရှင်စနစ်၊ ဆင်းရဲမွဲတေမှု၊ ရောဂါဘယပေါမှုနဲ့ စစ်ပွဲတွေ အစရှိတဲ့ ရုန်းကန်မှုတွေ အဆုံးသတ်သွားအောင် ကူညီဖို့ပါ။ လူသားမျိုးနွယ်စု သာယာဝပြောတဲ့ ဘ၀တွေ ပိုင်ဆိုင်နိုင်ဖို့ အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ အတူ အဲဒီ ရန်စွယ်တွေကို ကြိုးကြိုးစားစားစား တိုက်ထုတ်ကြရအောင်လား။ ကမ္ဘာ့သမိုင်းတလျှောက်မှာ မျိုးဆက်အနည်းငယ်ကသာ လွတ်လပ်ရေးကို တိုက်ယူဖို့မလိုဘဲ အရေးကြုံရင် ကာကွယ်ဖို့ဆိုတဲ့ ဆုလာဘ်ကို ရခဲ့ကြတာပါ။ ကျွန်တော့်အနေနဲ့ ဒီတာဝန်ကို မငြင်းပယ်ပါဘူး။ ကြိုဆိုပါတယ်။ ကျွန်တော်တို့ထဲက ဘယ်သူကမှ အခြားသူ ဒါမှမဟုတ် အခြားမျိုးဆက်တစ်ခုခုနဲ့ ဒီလိုအခြေအနေတစ်ခုကို လှဲလှယ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ စွမ်းအားတွေ၊ ယုံကြည်မှုတွေ၊ ခိုင်မာတဲ့ ကြိုးစားမှုတွေကြောင့် တိုင်းပြည်မှာ အောင်မြင်ခြင်းမီးလျှံကနေ အလင်းရောင်တွေ ရလာမှာပါ။ အဲဒီ အောင်မြင်ခြင်း မီးလျှံဟာ ကမ္ဘာတ၀ှမ်းကို အလင်းရောင် ပေးပါလိမ့်မယ်။ ဒီတော့ အမေရိကန် ပြည်သူပြည်သားများ ခင်ဗျား… သင့်အတွက် တိုင်းပြည်က ဘာလုပ်ပေးနိုင်သလဲ မမေးပါနဲ့ .. တိုင်းပြည်အတွက် သင် ဘာလုပ်ပေးနိုင်သလဲသာ မေးပါ။ “Ask not what the country can do for you. Ask what you can do for your country” ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ခင်ဗျား… သင့်အတွက် အမေရိကန်တိုင်းပြည်က ဘာလုပ်ပေးမလဲ မမေးပါနဲ့ .. ကျွန်တော်တို့ အတူတကွ လူသားမျိုးနွယ်စုတစ်ရပ်လုံးရဲ့ လွတ်လပ်ရေး အတွက် ဘာလုပ်ပေးနိုင်ကြမလဲ မေးပါ။ နောက်ဆုံး ပြောလိုတာကတော့ အမေရိကန်နိုင်ငံသားဖြစ်ဖြစ် ကမ္ဘာသူကမ္ဘာသားဖြစ်ဖြစ် ခင်ဗျားတို့ကို ကျွန်တော်တို့ တောင်းဆိုတဲ့ စွမ်းအားတွေ ပေးဆပ်ရင်းနှီးမှုတွေနဲ့ ညီမျှတာကို ပြန်ပြီး ကျွန်တော်တို့ဆီက တောင်းဆိုပါ။ စိတ်ထား ကောင်းကောင်းထားကြမယ်ဆိုရင် ရလဒ်ကောင်းတွေ ရကြမှာ မလွဲပါဘူး။ ကျွန်တော်တို့ရဲ့ အများအကျိုးဆောင်တဲ့ လုပ်ရပ်တွေကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ ကျွန်တော်တို့ ချစ်ကြတဲ့ ဒီမြေကို ဦးဆောင်ဦးရွက်ပြုဖို့ အရှေ့ကိုထွက်ခဲ့ကြပါ။ ဒီကမ္ဘာလောကအတွက် ကျွန်တော်တို့ အားလုံး ဘုရားသခင်ရဲ့ ကိုယ်စား အလုပ် လုပ်ကြရဦးမယ်ဆိုတာ သိထားကြပါ… ။ …………… (အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၏ ကျော်ကြားလူသိများသော မိန့်ခွန်းမှ ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းကို ဖတ်လိုပါက အောက်ဖော်ပြပါ အင်တာနက်လိပ်စာတွင် ဖတ်ရှုနိုင်ပါသည်။) Ref: http://www.inspiring-quotes-and-stories.com/ask-not-what-your-country-can-do-for-you.html |
|
ကျွန်တော်တို့ဟာ ပထမဆုံး တွန်းလှန်ခဲ့သူတွေရဲ့ အမွေအနှစ်ကို ဆက်ခံမည့်သူတွေဆိုတာ ဒီကနေ့ မေ့ထားလို့ မဖြစ်ပါဘူး။ အခု အမေရိကန်ရဲ့ မျိုးဆက်သစ်တွေဆီကို အဲဒီအမွေအနှစ်တွေ လက်ဆင့်ကမ်းလိုက်ပြီ ဆိုတဲ့အကြောင်းကို ဒီအချိန် ဒီနေရာကနေပြီးတော့ မိတ်ဆွေတွေရော ရန်သူတွေပါ သိသွားပါစေ။ လူ့အခွင့်အရေးကို အကောင်အထည်ဖော်ဖို့ နှေးကွေးမှုတွေ ယခင်ကတည်းက ဒီတိုင်းပြည်မှာ မရှိခဲ့ ခွင့်မပြုခဲ့သလိုဘဲ ဒီကနေ့က စပြီး ကျွန်တော်တို့ တိုင်းပြည်မှာရော ကမ္ဘာအ၀ှမ်းမှာပါ မရှိအောင်ဆောင်ရွက်သွားပါမယ်။
ကမ္ဘာ့အင်အားကြီး အုပ်စုနှစ်ခုအနေနဲ့ လက်ရှိအခြေအနေမှာ ရောင့်ရဲနေလို့ မဖြစ်ပါဘူး။ နှစ်ဖက်စလုံးမှာ ခေတ်မီလက်နက်တွေ အပြိုင်တပ်ဆပ်ကြ အနုမြူဗုံးတွေ အပြိုင်လုပ်နေကြတာဟာ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာကို တဖက်ဖက်က အားသာမှုရှိအောင် ပြင်ဆင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အကြမ်းဖက်မှုတွေနဲ့အတူ လူသားမျိုးနွယ်ရဲ့ အဆုံးသတ် နောက်ဆုံးစစ်ပွဲကြီးကို ဦးတည်သွားမှာပါ။




Thanlwin Ainmat Online Magazine