Home    Old Issues    Contact   


 
သံလွင်စကားဝိုင်း
သံလွင်အိပ်မက်ပရိသတ်များ ဆွေးနွေးပေးပါသည်။
 

၁ ၊

ပြီးခဲ့တဲ့ သံလွင်အိပ်မက် (၁၁)မှာ သံလွင်စကားဝိုင်းကဏ္ဍအတွက် ဘလော့ဂ်ဖတ်ခြင်း၊ ရေးခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ သံလွင်အိပ်မက်ကတဆင့် ဒီလို ဖိတ်ခေါ်ခဲ့ပါတယ်။

“ဘလော့ဂ်ရေးခြင်းဟာ မြန်မာလူငယ်တွေ အကြားမှာ အတော်ရေပန်းစားလာနေပါတယ်။ ဘလော့ဂ်ဖတ်ခြင်း၊ ရေးခြင်းဟာ အချိန်ကုန်စေတယ်။ စိတ်ကူးပေါက်ရာတွေကို လျှောက်ရေးနေကြတာပဲလို့ တချို့က မြင်ကြပါတယ်။ စာဖတ်သူကရော ဘယ်လိုမြင်ပါသလဲ”

အဲဒီ သံလွင်စကားဝိုင်းနဲ့ ပတ်သတ်ပြီး ၀ိုင်းဝန်းပြီး ဆွေးနွေးထားကြတာတွေကို သံလွင်အိပ်မက်မူနဲ့ အညီ တည်းဖြတ် တင်ပြထားပါတယ်။ မူရင်းကိုတော့ http://thanlwinainmat.blogspot.com/2007/07/blog-post.html မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ သံလွင်အိပ်မက်ရဲ့ အယ်ဒီတာများမှာလည်း ကိုယ်ပိုင်ဘလော့ဂ်တွေ ကိုယ်စီရှိကြပါတယ်။

Alvin ။ ။ (၁)အသိပညာ (၂)သုတ (၃)ရသ ... တစ်ခုခု ကျန်မယ့် စာဆိုရင် ဘလော့ဂ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရေးသင့်ပါတယ်။ စာရေးသူ အတွက် သာမက စာဖတ်သူ အတွက်လဲ အကျိုးရှိတာပေါ့။

အမည်မသိ ။ ။ အဲဒါဟာ အချိန်ကုန်စေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဘီယာ Pub တွေသွားပြီး မူးနေမယ့်အစား စာရေးတာက ပိုကောင်းမှာပေါ့။ အဲဒီလို မထင်ဘူးလား။

ကိုဖြိုး ။ ။ အင်း .. ဘလော့ဂ်ကို ဖက်ရှင်တစ်မျိုးအနေနဲ့ လက်ခံကျင့်သုံးလာကြတာလို့ထင်ပါတယ် .. ။ အရင်က အီးမေးလ်များလိုပေါ့။ နောက်တော့လည်း ကိုယ်သန်ရာသန်ရာနဲ့ လိုင်းတွေကွဲကုန်ကြမှာပါ။ ဘလော့ရေးခြင်း ဖတ်ခြင်းဟာ အချိန်ကုန်စေတာတော့ အမှန်ပါ။ စိတ်ကူးပေါက်ရာကို လျှောက်ရေးတယ်ဆိုတာလဲ အမှန်ပါ။ ဒါပေမယ့် အမြဲလိုလိုကတော့ ကုန်သွားတဲ့ အချိန်နဲ့ ထိုက်တန်တယ်လို့ ထင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းတွေ၊ နည်းပညာသစ်တွေ၊ ခံစားမှုအသစ်တွေ၊ အရင်ရှိပြီးသား အဟောင်းတွေ အခြားသောအရာတွေကို ရရှိ စေနိုင်ပါတယ်။ ကိုယ်ဘယ်လို ရှာလဲအပေါ်မှာ မူတည်ပြီး ကိုယ်ရလိုက်တာ ကွဲသွားမှာပါ။ ကဗျာတွေကို စိတ်မ၀င်စားသူ တစ်ယောက်ဟာ ကဗျာဆရာတစ်ယောက်ရဲ့ ဘလော့ဂ်ကို သွားနေလို့ကတော့ အချိန်ကုန်တာပဲ အဖတ်တင်မှာပါ။ ဘလော့ဂါများအနေနဲ့ စာဖတ်သူအတွက် စေတနာတစ်ခုနဲ့ ပို့စ်တွေကို ရေးနေတယ်ဆိုတာ .. သေချာနေသ၍ ဘလော့ဂ်ဖတ်ပရိတ်သတ်အတွက် အသိတစ်ခုမဟုတ်တစ်ခုရနေဦးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာငွေကြေး အမြတ်အစွန်းအတွက်လုပ်နေကြတာ မဟုတ်ဘဲ ၀ါသနာပါရာ လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ပါတယ်။ သေချာတာတစ်ခုဟာ မြန်မာဘလော့ဂ်ရေးတဲ့သူတွေဟာ မြန်မာစာကို ပိုမိုကျွမ်းကျင်စွာ ရိုက်တတ်လာကြတာပဲ ဖြစ်ပါတယ်။

ချမ်းမြစိုး ။ ။ "မီး" လိုပေါ့ အသုံးချရင် ချတတ်သလို အကျိုးရှိတယ်။ အသုံးမချတတ်လို့ကတော့ အလကား အချိန်ကုန်တာပဲ ရှိမှာပါ။ အသုံးချတဲ့သူပေါ်မှာပဲ မူတည်မှာပါ။ သူများပြောလို့ ဘလော့ရေးတာ ဖတ်တာ အလကားပါပဲ ဆိုပြီး မလုပ်ဘဲ မဖတ်ဘဲနေသူတွေကတော့ ဘလော့ထဲက ရလာတဲ့ အသိပညာ ဗဟုသုတတွေကို ခံစားရမှာ မဟုတ်ပါဘူး။ စာဖတ်သလိုပါပဲ ကိုယ်စိတ်ဝင်စားတဲ့ ကိုယ့်အတွက်တိုးတက်မှု ရှိစေတဲ့ စာပေတွေ ပါဝင်တဲ့ ဘလော့တွေကို လိုက်ဖတ်တာ ပိုကောင်းပါတယ်။ အဆိပ်အတောက် စာပေတွေပါဝင်နေမယ်ဆိုရင်တော့ ဝေးဝေးကနေ ရှောင်ရှားသင့်ပါကြောင်း ... ။ ကျွန်တော့်ရဲ့ အမြင်သက်သက်ပါ။

99 ။ ။ ကျနော်ကိုယ်တိုင်လည်း သူများဘလော့တွေ ဖတ်ကြည့်ပြီးတော့ ငါလည်းရေးချင်တယ်ဆိုတဲ့ စိတ်နဲ့ ခပ်ရှင်းရှင်းဘလော့တစ်ခု ရအောင်ကြိုးစားမိတယ်.. အဲဒီကနေ ကျနော်မြင်လာတာတွေကတော့ .. ဘလော့ရေးတယ်ဆိုတာ .. ကိုယ့်ဘလော့ကို ပိုကောင်းအောင်ဆိုပြီး ကိုယ်မလေ့လာဖူးတဲ့ မနီးစပ်ဖူးတဲ့ နည်းပညာတွေကို ဟိုဟိုဒီဒီ ဘလော့တွေကနေ တဆင့် လေ့လာမိတဲ့အပြင်.. ကိုယ့်ဘလော့ကို လာဖတ်သူတွေအတွက် တခုခုပေးလိုက်ချင်တဲ့ စေတနာနဲ့ ပိုကောင်းတဲ့ အကြောင်းအရာတွေ .. ဗဟုသုတတွေ .. နည်းပညာတွေ .. စတဲ့ ကိုယ်တတ်နိုင်တာတွေကို ဖန်တီးချင်စိတ်တွေ ပေါ်လာတာပါပဲ။ ဒါ့အပြင် သူများ ဘလော့တွေကိုလည်း အချိန်ပေး ဖတ်ဖြစ်လာတယ်။ ကြိုက်ခြင်း မကြိုက်ခြင်းတွေကို အရင်လို ဂျီးမများဖြစ်တော့ပဲ .. ဖန်တီးသူရဲ့စေတနာကို နားလည်စွာနဲ့ အရင်က ပြီးဆုံးအောင် မဖတ်ဖြစ်တာတွေ.. ဖတ်ဖို့ပျင်းနေခဲ့တာတွေ .. မကြိုက်လို့ လှည့်မကြည့်ခဲ့တာတွေ အားလုံး.. အခုဖတ်ဖြစ်လာတယ်..။ စာများများ ဖတ်ဖြစ်ရာကနေ .. ဗဟုသုတတွေရော စိတ်နေစိတ်ထားတွေပါ ပြောင်းလဲလာစေတဲ့အတွက် ဘလော့အသိုင်းအ၀ိုင်းအခုလို ဖွံ့ဖြိုးတိုးတက်လာတာဟာ ဆုတ်ယုတ်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ ၀မ်းသာစရာလမ်းစတစ်ခုလို့မြင်မိတယ်..။

နောက်ပြီး.. တစ်ယောက်ကိုတစ်ယောက် မမြင်ဖူးကြပေမယ့် ဒီဘလော့တွေကနေ တဆင့် တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ဖေးမကူညီ အကြံပေးနေကြတာတွေဟာ ငွေကုန်ကြေးကျခံပြီး တက်နေရတဲ့ စာသင်ခန်းတွေထက် အများကြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရပါတယ်။ ဝေးကွာနေတဲ့လူတွေအချင်းချင်း မှန်ကန်တဲ့ ခွန်အားပေးရာ ရောက်ပါတယ်။ ဘလော့တွေပေါ်က အားထုတ်မှုတွေကို လူကြီးရော လူငယ်တွေပါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားသမှုနဲ့ ခံစားပေးကြတဲ့အတွက်လည်း မျိုးဆက်အသစ်နဲ့ အဟောင်းတွေကြားက ကွာဟမှုတွေကို အချိုးညီညီ ပေါင်းစပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပျောက်ဆုံးလုဆဲဆဲ ဖြစ်နေတဲ့ သမိုင်းကြောင်းတွေကိုလည်း ပြန်ရှင်သန်စေမယ့် နေရာတစ်ခုလည်းဖြစ်တယ်လို့ ယူဆပါတယ်။

မယ်လိုဒီမောင် ။ ။ သူများနိုင်ငံတွေမှာ ဘလော့ဂ်ရေးကြတာက လူကြီးလူငယ်တော်တော်များများ ဖြစ်နေပြီဆိုတော့ ကိုယ်လဲ ကိုယ်ပိုင်ဘလော့ဂ်လေးတခုလောက်တော့ရေးမယ်ဆိုပြီး စိတ်ကူးရနေတာကြာပါပြီ။ စစချင်းတော့ မြန်မာနိုင်ငံ အကြောင်းနဲ့ ကိုယ့်အကြောင်းလေး နည်းနည်းပါးပါးကို အင်္ဂလိပ်လိုလေးရေးရင်းက မြန်မာလိုရေးတဲ့ မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကိုလည်း သွားလည်ရင်း ဖတ်ရင်းကနေ တော်တော်လေး စိတ်ပါလာတာကြောင့် မြန်မာလို ကြိုးစားရိုက်ကြည့်ပြီး မြန်မာဘလော့ဂ်လေး ရေးဖြစ်ခဲ့တာပါ။ ကိုယ်ရေးနေတုန်း ခုနောက်ပိုင်းမှာလဲ အနှေးနဲ့ အမြန် အတော်ရေပန်းစားလာတာ တွေ့ရတာလဲ ၀မ်းသာစရာပါ။ ဘာအလုပ်ပဲ လုပ်လုပ်တော့ ထမင်းစား၊ ရေသောက်တာလေးပဲ ဖြစ်ဖြစ်တောင်မှ စိုက်ထုတ်မှုတစ်ခုအနေနဲ့ အင်အား၊ အချိန်၊ငွေ ဆိုပြီး တခုခုတော့ ရှိရမှာပါ။ ဘလော့ဂ်တွေ ဖတ်ဖို့ ရေးဖို့ရာမှာလဲ အချိန်ပဲဖြစ်ဖြစ်၊ အင်အား သို့မဟုတ် ငွေပဲဖြစ်ဖြစ် အနည်းဆုံး တခုခုတော့ စိုက်ထုတ်မှုတွေ ပေးရမှာပါပဲ။ ပထမဆုံး ဘလော့ဂ် ဖတ်ဖို့ ဆိုရင်တောင်မှ ကိုယ့်မှာရှိတဲ့ အချိန်ပို၊ အချိန်အား များများစားစား မရှိရင်တောင်မှ အကြားအလပ် အားမယ့် အချိန်လေးကို ခိုးယူပြီး ကြိုးစားဖတ်ရမယ်။ အချိန်ရရင်လဲ ဘလော့ဂ်ဖတ်ဖို့ အင်တာနက် ချိတ်ဆက်ထားပြီးသား ကွန်ပြူတာသုံးဖို့ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် ဆိုက်ဘာကဖေးများမှာပဲ ဖြစ်ဖြစ် ပိုက်ဆံအကုန်ခံပြီးသွားဖတ်ရမယ်။ ကိုယ်သွားလည်ပြီးဖတ်တဲ့ ဘလော့ဂ်တွေ များရင်များသလောက် ဖတ်တဲ့ အချိန် ကြာရင်ကြာသလောက် ခါးနာ ဇက်ကြောတက်လို့ ဆေးခန်းမသွားရရင်တောင်မှ ကိုယ်လက်ညောင်းညာတဲ့ ဝေဒနာတွေ ခံစားရဦးမယ်။ ဒါက ဘလော့ဂ်ဖတ်တဲ့ သူတွေဖက်က စိုက်ထုတ်မှုတွေ။

ဘလော့ဂ်ရေးတဲ့ သူတွေဖက်ကဆိုရင်တော့ စောစောကပြောတဲ့ အချိန်၊ ငွေကြေး၊ ကိုယ်လက်ညောင်းညာတာတွေသာ မကပါဘူး။ ကိုယ့်ဘလော့ဂ်မှာ ရေးသားတင်ပြစရာ ကုန်ကြမ်းအတွက် ရင်းနှီးစိုက်ထုတ်မှုများတောင် ပိုပါသေးတယ်။ ဘလော့ဂ်ရေးတဲ့သူတွေ ပို့စ်တင်စရာ အကြောင်းအရာ ဘယ်ကရလဲ စဉ်းစားကြည့်ရင် နှလုံးသားက ခံစားချက်တွေပဲ ဖြစ်ဖြစ်၊ ဦးနှောက်က အတွေးအခေါ်ထင်မြင် ယူဆချက်တွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ နေရာဒေသတခုခုက မြင်ကွင်း၊ အခြေအနေ တခုခုမှာ မှတ်တမ်းတင် ရိုက်ယူဖြစ်ခဲ့တဲ့ ဓာတ်ပုံ၊ ဗွီဒီယိုပဲဖြစ်ဖြစ် ကိုယ်ဖတ်ရှုလေ့လာဖူးတဲ့ စာအုပ်စာတမ်းထဲက မှတ်စုမှတ်ရာတွေကို အပင်ပန်းခံ ရိုက်ပြီး ဝေမျှခံစားတင်ပြတာပဲဖြစ်ဖြစ် အားထုတ်မှုပုံစံ တစ်မျိုးစီအတွက် အရင်းအနှီး စိုက်ထုတ်ရတာပါ။ အဲဒီလို ဘလော့ဂ်တွေကို သွားဖတ်မိတဲ့အခါ ကိုယ်နဲ့ လက်လှမ်းမမီသေးတဲ့ သတင်း၊ အချက်အလက်၊ အတွေးအခေါ် ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးများကို သိရှိခွင့်၊ သိပြီးသား အကြောင်းအရာတွေကို ဖလှယ်ခွင့် ရလို့ ဒီလို ဘလော့ဂ်တစ်ခုတစ်ခုမှာ အသစ်အသစ်တင်မဲ့ ပို့စ်တွေကို ကျေကျေနပ်နပ်ကြီး မျှော်လင့်ရင်းစောင့် ဖတ်မိတာမျိုးရှိသလို ဘာအကြောင်းအရာကိုမှ မယ်မယ်ရရမရှိဘဲ စိတ်ကူးပေါက်ရာကို လျှောက်ရေးနေတတ်တဲ့ (ဘလော့ဂ်ကို ရေးရမယ်ဆိုလို့ သာရေးနေတာ၊ ဘလော့ဂ်ရေးဖို့ အကြောင်းအရာ ဘယ်မှာဘယ်လို ရှာရမှန်းမသိဘူး၊ အဲဒီလိုဖြစ်နေ တွေးနေတတ်သော) ဘလော့ဂ် တချို့တလေလည်းရှိကောင်းရှိမှာပါ။

ဘယ်ဘလော့ဂ်တွေ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်ဖတ်တဲ့ သူတွေအနေနဲ့ ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်ရှိတာမို့ ကိုယ့်အတွက် အကျိုးခံစားမှု တစုံတရာမရှိတဲ့၊ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာနဲ့ မကိုက်တဲ့ ဘလော့ဂ်တွေကို သွားမဖတ်ချင်လို့ ရှောင်ချင်လဲရှောင်၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ အရေးအသား၊ အကြောင်းအရာတွေအမြဲ တင်ပြတဲ့ ဘလော့ဂ်တွေရှိရာကို ကျေနပ်နှစ်သက်စွာ ဖတ်ဖို့ မကြာခဏပဲသွားသွား၊ အမြဲတမ်းပဲ သွားသွား အဲလို လည်ဖတ်နိုင်တာ အင်မတန် ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်ပါတယ်။ ရည်ရွယ်ချက် တိတိပပ မရှိဘဲ စိတ်ကူးပေါက်ရာ လျှောက်ရေးနေတဲ့ ဘလော့ဂ်တွေကတော့ အိမ်မသာလို့ ဧည့်မလာတဲ့ အခါ ပျင်းရိငြီးငွေ့စရာ ကောင်းပြီး နောက်ဆုံးမှာ ရပ်နားသွားတဲ့ ဘလော့ဂ်တစ်ခုအနေနဲ့ ဇာတ်သိမ်းသွားမှာတော့ မလွဲပါဘူး။

ဘလော့ဂ်ရေးသူတစ်ယောက်အနေနဲ့တော့ ကိုယ်ရေးတဲ့ ဘလော့ဂ်မှာ လာဖတ်သွားကြတဲ့ သူငယ်ချင်းတွေ အတွက် ကိုယ်သိထား၊ ရထားတဲ့ သတင်းအချက်အလက်၊ ဗဟုသုတတွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ အချစ် အလွမ်းပါတဲ့ ခံစားချက်တွေပဲဖြစ်ဖြစ်၊ ရင်ကိုလာမှန်တဲ့ တွေးခေါ်ထင်မြင် ယူဆချက်တွေပဲဖြစ်ဖြစ်၊ နေ့ တဓူဝကြုံတွေ့ရတဲ့ ဘ၀အတွေ့ အကြုံတွေထဲက ပြောပြချင်တာတွေ ဖြစ်ဖြစ်၊ တချိန်မှာ ကိုယ်ပြန်ပြီး မှတ်မိသင့်တဲ့ မှတ်တမ်းတစ်ခုခု အနေနဲ့ပဲဖြစ်ဖြစ် အကြောင်းအရာ သိပ်မရွေးပေမဲ့ စိတ်ကူးပေါက်ရာ လျှောက်ရေးတာမျိုးမဟုတ်ဘဲ တစုံတရာ အကျိုးရစေမယ့် စာကောင်းပေမွန် ပို့စ်လေးတွေကို အတတ်နိုင်ဆုံး ကြိုးစားရေးသားသွားဖို့ ဆန္ဒရှိပါတယ်။

ဆက်ဖတ်ရန် >>

၁ ၊

   
Thanlwin Official Website

counter customizable free hit