Views : 1549  |
Favoured : 53 |
ဘေဂျင်း (ဇန်န၀ါရီ ၁၁) - လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၅၀ ဘီလျံခန့်အား ထောင်ပေါင်းများစွာသော အဂတိလိုက်စားသည့် တရုတ်အာဏာပိုင်များက ပြည်ပသို့ ယူငင်၍ ထွက်ပြေးပုန်းရှောင်ခဲ့ကြသည်ဟု တရုတ်အစိုးရပိုင် မီဒီယာက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်အာဏာပိုင် ၄,၀၀၀ ခန့်သည် အမေရိကန်နှင့် သြစတြေးလျရှိ ဒုစရိုက်ဂိုဏ်းများ၏ အကူအညီဖြင့် ထိုသို့ မတရားယူထားသည့် ငွေမည်းများကို ငွေဖြူ အဖြစ် ပြောင်းလဲ၍ ပုန်းရှောင်သွားကြသည်ဟု အဆိုပါ ဂလိုဘယ်တိုင်းမ်သတင်းတွင် ဖော်ပြပါရှိသည်။
အစိုးရ အရာရှိ အဆင့်ဆင့်အကြားဝယ် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးအတွက် တရုတ်ပြည်ရှိ ၀န်ကြီးဌာန ၁၅ ခုပါဝင်သည့် အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်အတွင်း ပြည်ပသို့ ထွက်ခွာခဲ့သည့် အာဏာပိုင် ဦးရေ ၃၀၀ ထက်မနည်း ပါဝင်ပတ်သက်နေသည့် အမှုအခင်း ၁၀၃ ခု အား စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
Wenzhou မြို့မှ ထိပ်တန်းကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်သူ Yang Xinghong သည် ၂၀၀၈ ခုနှစ်တွင် ပြင်သစ်သို့ ထွက်ပြေးပုန်းရှောင်သွားခဲ့သဖြင့် ၎င်း၏ ဇနီးဖြစ်သူအား ယွမ်ငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂.၉ သန်း) ပမာဏရှိသည့် ငွေမည်းများအား ငွေဖြူဖြစ်အောင် ကြိုးပမ်းမှုဖြင့် ဖမ်းဆီး အရေးယူခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
သို့ရာတွင် ထိုငွေပမာဏ အမေရိကန် ဒေါ်လာ ၅၀ ဘီလျံအား မည်သို့မည်ပုံ ပြည်ပသို့ ခိုးထုတ်ခဲ့သည်၊ ပြည်ပရှိ ဒုစရိုက်ဂိုဏ်းများနှင့် အဂတိ လိုက်စားသည့် အာဏာပိုင်တို့ မည်သို့မည်ပုံ အဆက်အသွယ် ရခဲ့ကြသည်ကိုမူ အဆိုပါသတင်းတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
တရုတ်သမ္မတ ဟူကျင်းတောင်းက အကျင့်ပျက်ခြစားမှု ပပျောက်အောင် တိုက်ဖျက်ရေးသည် အလေးပေး ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်သည်ဟု နှစ်အတန်ကြာကတည်းက သတ်မှတ်ထားပြီး ဖြစ်ကာ ၎င်းသည် အာဏာရ ကွန်မြူနစ်ပါတီ၏ သေရေးရှင်ရေး တမျှ အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်အစိုးရ အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ယူငင်ထွက်ပြေးသွားသူ အကျင့်ပျက်အရာရှိများအား အပြစ်ပေးနိုင်စေရေး အတွက် သဘောတူညီချက် စာချုပ်များကို အနောက်နိုင်ငံများနှင့် လက်မှတ်ရေးထိုးခဲ့သည်။
Source: AFP Photo: BBC News
|
|