Views : 1715
Favoured : 38
Satun (နိုဝင်ဘာ ၃၀) - ထိုင်းငါးဖမ်း စက်လှေများတွင် အလုပ်လုပ်နေသော မြန်မာလုပ်သား ၃ ဦးကို ဗြိတိန်လူမျိုးတစ်ဦးအား သတ်မှုဖြင့် ယနေ့တွင် ထောင်ဒဏ် ၂၅ နှစ် ၈ လစီ ချမှတ်လိုက်ကြောင်း ထိုင်းတရားရုံး တစ်ခုက အတည်ပြု ပြောကြားခဲ့သည်။
လွန်ခဲ့သော မတ်လက ထိုင်းကမ်းခြေတွင် အပန်းဖြေ ရွက်လှေစီးနေသော ဗြိတိန်လူမျိုး လင်မယားနှစ်ဦး၏ ရွက်လှေကို ထိုမြန်မာလုပ်သား ၃ ဦးက ဝင်ရောက်လုယက်ကာ ခင်ပွန်းဖြစ်သူ Malcolm Robertson (အသက် ၆၄ နှစ်) ၏ လည်ပင်းကို လှီးဖြတ်ပြီး ပင်လယ်ထဲ ပစ်ချခဲ့သည်။ ထို့နောက် ဇနီးဖြစ်သူ Linda အား ရွက်လှေကို ကျွန်းတစ်ခုသို့ လှော်ခတ်စေခဲ့သည်။ လုယက်သတ်ဖြတ်ခဲ့သည့် မြန်မာ ၃ ဦးသည် ရာဘာလှေငယ်တစ်ဦးဖြင့် ထွက်ပြေးသွားခဲ့ပြီး Linda က အနီးအနားမှ ဖြတ်သွားသော လုံခြုံရေး မော်တော်များကို အကူအညီတောင်းခံခဲ့သည်ဟု သိရသည်။ အခင်းဖြစ်ပွားပြီး မကြာမီမှာပင် ထိုမြန်မာ လုပ်သား ၃ ဦးကို ဖမ်းဆီးမိခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြပါရှိသည်။ အသတ်ခံရသော Malcolm Robertson ၏ ရုပ်အလောင်းကိုမူ အခင်းဖြစ်ပွားပြီး ၅ ရက်ကြာမှ ရှာတွေ့ခဲ့ကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း Satun ပြည်နယ်တရားရုံးမှ တရားခံများတွင် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ပြီး ယခုကဲ့သို့ ကြီးလေးသော ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားခံများ၏ အမည်များကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
Source : AFP
Image : topnews.in