Views : 2579  |
Favoured : 81 |
တတိယမြောက်လမ်း
ကျွန်တော်တို့ ခွထိုင်ထားတာက
ဆင်းရဲမွဲတေမှုမျဉ်းကြောင်းရယ်..
ရတနာမြေပုံ တဖြစ်လဲ ဓာတ်ငွေ့သိုက်ရယ်..
တိုးပွားလာတဲ့ လူဦးရေနဲ့
မလောက်ငတော့တဲ့ အခြေခံအဆောက်အအုံတွေရယ်..
အေးစက်နေတဲ့ မီးလုံးတွေနဲ့
ခြောက်ကပ်နေတဲ့ ရေပိုက်တွေရယ်..
ကြေညာချက်တွေ ကြွေးကြော်သံတွေနဲ့
နိုင်ငံရေး ပုလင်းဆို့ ခပ်ကြီးကြီးတွေရယ်..
မိသားစုရော နိုင်ငံပါပျောက်နေတဲ့
ပြည်တွင်းစစ်ရဲ့ သားကောင်တွေရယ်..
မင်္ဂလာဒုံလေဆိပ်ကနေ ပျံသန်းလာကြသူတွေနဲ့
သံရုံးတွေမှာ နိုင်ငံသား စွန့်သွားကြသူတွေရယ်..
စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်
အထည်စက်ရုံတွေကနေ ပျောက်ချင်းမလှပျောက်ခဲ့ရတဲ့ အလုပ်သမတွေရယ်
ဘာပဲဖြစ်ဖြစ်
အရင်းအနှီးက မသေးဘူး မဟုတ်လား။
လက်ညှိုးတငေါက်ငေါက်ထိုးလို့
သူ့ကြောင့် ငါ့ကြောင့် အပြစ်ဖို့ နေမယ့်အစား
တံခါးတွေသာမက ရင်ဘတ်တွေပါ ဖွင့်ထားဖို့
စိတ်ကူးစိတ်သန်းချင်း တန်းညှိဖို့
ယုံကြည်မှုကို တည်ဆောက်ဖို့
ဘ၀များစွာ ပြောင်းလဲဖို့
ဘယ်လောက် အခွင့်အလမ်းနည်းနည်း
ဒီအပြောင်းအလဲကိုတော့ ကျွန်တော်တို့ လက်လွှတ်လို့ မဖြစ်ချေဘူး။
ခေလွန်း |
|