Views : 2467  |
Favoured : 80 |
ခဏတာ ရွာသွန်းပြီးနောက်
မင်းပြန်လာတယ် / မင်းပြန်သွားဦးမယ် / မင်းပြန်လာဦးမှာလား ?
မင်းဘက်မှာ စာချုပ်စာတမ်းနဲ့ ငါ့ဘက်မှာတော့ ကြုံရာကျပမ်း ပရမ်းပတာ
နွေမှာပဲ စတွေ့ကြပြီး နွေမှာပဲ တရွေ့ရွေ့ဝေးကွာနေကြမြဲ
ငါမစိုဖြစ်တဲ့ သင်္ကြန်ရေ၊ ငါမလောင်းဖြစ်တဲ့ သင်္ကြန်ရေ
နွေမြင့်လေ ငါဒီမှာ အရူးရင့်လေဖြစ်ရ
ငါ့အစိုးမရတဲ့စိတ်ကို ငြိမ်းသတ်ဖို့ လာပါလေ သင်္ကြန်မိုး၊ ရွာပါလေ သင်္ကြန်မိုး
(မျှော်လင့်ချက်ခပ်တိုးတိုးနဲ့ တောင်းဆိုချင်မိရဲ့)
ဧပရယ်လ်ပြီးရင် “သစ္စာပန်းများနဲ့ မေလ”
မင်းမေ့ခဲ့လို့၊ ငါမေ့ခဲ့လို့ ငါတို့တွေ ဘယ်တော့မှ မမေ့ဘူး
မင်းဆွံ့အခဲ့လို့၊ ငါဆွံ့အခဲ့လို့ ငါတို့တွေ တသက်လုံး ဆွံ့အရတော့မှာလား?
သုညဆိုတာ ငါ့ဘ၀ရဲ့ မြှောက်ဖော်ကိန်း
ဒါမှမဟုတ် ငါတသက်လုံး သိမ်းဆည်းထားတဲ့ ဘ၀အဓိပ္ပာယ်
မင်းလျှောက်နေတဲ့ လမ်းလိုတော့ စံပယ်တွေလည်း မွှေး၊ ကြယ်တွေလည်း ဖွေး မဟုတ်ပါဘူး
(ငါသိပါတယ်)
အခု ဆုံဆည်းရတယ်ဆိုတာလည်း ခဏနေခွဲခွာဖို့ရဲ့အစ
(မင်းကိုချစ်နေရတာဟာ)
ကိုယ်ဝန်ခဏခဏပျက်ကျဖူးတဲ့ မိန်းမတစ်ယောက်လို
စက္ကန့်တိုင်းဟာ တယုတယ ရှိလှပါတယ်။
သိုးထိန်း |
|