စာမလာ သတင်းမကြားနဲ့ အသံတိတ်လှချည်လား။ အေးလေ.. တိတ်ဆို.. တိတ်နေတာ နင်တစ်ယောက်တည်းမှ မဟုတ်ဘဲ။ ငါတို့ ပြည်သူအားလုံးရဲ့ အသံတွေ တိတ်နေခဲ့ရတာ ကြာခဲ့ပါရောလား။ မဲပေးမယ်ဆိုတော့လည်း ပေးချင်သလို မပေးရ၊ နာဂစ်ဒုက္ခသည်တွေကို ကူညီမယ်ဆိုတော့လည်း စိတ်တိုင်းကျ ကူညီလို့ မရတဲ့ ဘ၀တွေကိုး။ နင်တို့လို ပြည်တွင်းက လူတွေ အများစုက သတင်းအမှောင်ချခံထားရလို့ မသိ မမြင် မကြားရတဲ့ ဒုက္ခ၊ ငါတို့လို ပြည်ပရောက် လူ အများစုက သတင်းတွေ အမြဲ မြင်နေ ကြားနေ ဖတ်နေ ရလို့ သိ၊ မြင်၊ ကြား ရတဲ့ ဒုက္ခ .. ဒီဒုက္ခတွေ အားလုံးရဲ့ အရင်းခံကတော့ ရသင့်ရထိုက်တာထက် ပိုလိုချင် ပိုရချင်တဲ့ လောဘ၊ အသိတရားရ ရမယ့်အရွယ်အထိ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အာဏာကို မက်မော ရှေ့ဖြစ်ဟောဆရာဟောသမျှ ယုံ ယုံနေတဲ့ မောဟ၊ ထစ်ကနဲရှိ လက်နက်အားကိုးနဲ့ ဥပဒေမဲ့တိုင်းပြည်လို အုပ်စုဖွဲ့ မိုက်ကြတဲ့ ဒေါသတွေကြောင့်လို့ပဲ ငါထင်တယ် ဧပရယ်လ်။
ပြီးခဲ့တဲ့ မေလမှာ လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အဓမ္မအတည်ပြုပွဲကြီး .. အဲ.. ဆန္ဒခံယူပွဲကြီးမှာ နင့် အသဲကြားက မဲတစ်ပြားကို ထည့်ခဲ့တယ် မဟုတ်လား။ ငါတို့ စင်္ကာပူမှာတော့ ဧပြီလကတည်းက ကြိုတင်မဲတွေ ကောက်တယ်။ စင်္ကာပူမှာ တခြားနိုင်ငံတွေမှာထက် တရားဝင်နေထိုင်တဲ့ မြန်မာတွေက ပိုလည်းများ၊ နိုင်ငံကလည်း သေးတော့ မြန်မာသံရုံး ဆိုတာကလည်း သိပ်ဝေး ဝေးလံလံ သွားရတဲ့ နေရာမဟုတ်တော့ ကန့်ကွက်မဲတွေ မများအောင် ဘဘကြီးတွေက ဆင်ကြံ ကြံကြတယ်။ အဲဒါက စင်္ကာပူမှာ အမှန်တကယ်ရှိတဲ့ မဲပေးခွင့်ရ မြန်မာဦးရေထက် အဆမတန်လျော့ပြီး မဲပြား အရေအတွက် ကို လျှော့ပို့ပေးလိုက်တာပဲ။ ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသည်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကလိမ်ကျဖို့အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက သံရုံးကို သတင်းပို့သူတွေသာ မဲပေးခွင့်ရှိသည်ဆိုပြီး လုပ်တော့တာပါပဲ။ အားအားယားယား ဘယ်သူကများ စင်္ကာပူကို ရောက်တာနဲ့ ကျွန်တော်မျိုးကြီး ရောက်ရှိကြောင်းပါဆိုပြီး သွားသတင်းပို့မတုန်း။

ကံမကောင်းရင် အခွန်အတင်းဆောင်ခိုင်းတာနဲ့ နဂိုထက် ဆယ်ရာခိုင်နှုန်း ပိုဆင်းရဲသွားနိုင်တယ်။ တခါတလေ မသွားမဖြစ်လို့သာ မြန်မာပြည်မပြန်ခင် ထောက်ခံစာလေး သွားယူရ၊ ပတ်စပို့သက်တမ်းလေးကုန်ရင် သွားတိုးရ၊ ရှိစုမဲ့စုလေးထဲက ဆယ်ရာခိုင်နှုန်းဆက်ကြေးပေးရ လုပ်ရတာကိုး။ ထုံးစံအတိုင်းပေါ့လေ။ ငါတော့ ငယ်ငယ်က ဆော့ကြတိုင်း ညစ်တဲ့ကောင်တွေပါရင် သူတို့ မနိုင်နိုင်အောင် ညစ်ကြလိမ်ကြပုံတွေကိုပဲ ပြန်မြင်ယောာင်မိတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆယ်နှစ်သားလောက်ပဲ ရှိသေးတဲ့ ငါ့အတွက် မှတ်မှတ်ရရ အသက်သုံးဆယ်ပြည့်လုလု အချိန်မှာမှ ပထမဆုံး မဲပေးဖူးတဲ့ အတွေ့အကြုံပေါ့ဟာ။ အောင်မယ် ဒါတောင် ဆန္ဒခံယူပွဲတွေ ဘာတွေ လုပ်နေလို့ .. သူ့ဟာသူ အတည်ပြုလိုက်ပါသည် ဆိုပြီး လုပ်ရင်ရော ငါတို့က ဘာတတ်နိုင်မှာတဲ့လဲ မိဧပရယ်လ်။ မိုးကောင်းတုန်း ရွာထားဦးပေါ့။ ဘာတဲ့ .. ခွေးရူးကောင်းစား တမွန်းတည့် တဲ့။ ခုတော့ ခွေးရူးကောင်းစား တနေကုန်ပါပဲ။ နောက်တစ်နေ့ကျပြန်တော့လည်း ခွေးရူးပဲ ကောင်းစားတာပဲ။ အဟဲ။
ဒါနဲ့ စကားမစပ် ဟိုတလောက စင်္ကာပူမှာ Mas Salamatဆိုတဲ့ အကြမ်းဖက်သမား တစ်ယောက်လွတ်သွားလို့တဲ့။ စင်္ကာပူ တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ပါပဲ။ Mas Salamat ဆိုတာကတော့ စင်္ကာပူ ချန်ဂီလေဆိပ်ကို ဗုံးဖောက်ဖို့ ကြံရွယ်ခဲ့တဲ့ အကြမ်းဖက်သမား တစ်ယောက်ပါ။ သူ့ကို ဖမ်းထားတဲ့ ထိန်းသိမ်းရေးစခန်းမှာ မိသားစုနဲ့ ပေးတွေ့ဖို့ အပြင်ထုတ်လာရင်း အိမ်သာကနေ တဆင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းတွေမှာတော့ ပါတာပဲဟ။ လူံခြုံရေးစနစ် ကောင်းလှပါတယ်ဆိုတဲ့ စင်္ကာပူနိုင်ငံက အဲဒီနေ့မှာ CCTV Camera ပျက်နေသတဲ့။ ကဲ . . . ကောင်းရော။ ထားပါတော့။ ဒါတွေက နင်သိအောင်ပြောပြတာပါ။ ငါပြောချင်တာကတော့ သူ့ပုံကြီးပါပဲ။ သူ့ပုံကို နေရာတိုင်းမှာလိုက်ကပ်ပြီး ပုံရဲ့အောက်မှာ သူ့ကိုတွေ့ရင် ရဲကို ဖုန်းဆက်ပါဆိုတဲ့ စာတစ်ကြောင်းရေးထားတယ်။ ကပ်တာမှ ရထားဘူတာ၊ ကားမှတ်တိုင်၊ ဘတ်စ်စကားတွေပေါ် သစ်ပင်တွေမှာရော နေရာအနှံ့ပါပဲဟာ။ တချို့ အိမ်သာတွေထဲမှာတောင် ကပ်ထားတယ်။ ဘယ်လောက်ဆိုးလဲ နင်ပဲ စဉ်းစားကြည့်လေ။ ကိုယ်အိမ်သာတက်နေတုန်း ဓာတ်ပုံဖြစ်ဖြစ် ဘာဖြစ်ဖြစ် အရှေ့မှာ တစုံတစ်ယောက်က စူးစူးစိုက်စိုက်ကြီး လာကြည့်နေတယ်ဆို။ ဖြစ်ဖြစ်ချင်းတုန်းကဆို ညဖက်ကြီး သူများအိပ်ကောင်းတုန်း Handphoneကို Messageလာတော့ ဘာများလဲလို့ ထကြည့်တော့ သူ့ပုံကြီးပဲ။ ဒီလောက်တောင် မြင်နေမှတော့ ဒီလူကြီးပုံကို ငါ့အိပ်မက်ထဲတောင် ထည့်မက်မိတာပေါ့။ အိပ်မက်ထဲမှာ ငါ့ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ခံရတယ်ဟ။ ခါးပိုက်နှိုက်ခံရတာ သိသိချင်းအနီးအနားမှာ ရှိတဲ့လူတွေဆီက ပိုက်ဆံအိတ် ပြန်ရတာနဲ့ပဲ ကမန်းကတန်း ပိုက်ဆံအရေအတွက်ကို စစ်ကြည့်လိုက်တော့ အရမ်းထူးဆန်းသွားတယ်။ ဟုတ်တယ်လေ . . ပိုက်ဆံပေါ်မှာ ရိုက်ထားတဲ့ လူပုံက အရင်လူကြီးပုံ မဟုတ်တော့ပဲ Mas Salamat ကြီးပုံ ဖြစ်နေတာကိုး။ ပုံကြီးကလည်း စပ်ဖြဲဖြဲနဲ့ပေါ့ မိဧပရယ်လ်။
မေလ ၂ ရက်နေ့က မြန်မာပြည်ကို ၀င်မွှေသွားတဲ့ နာဂစ်မုန်တိုင်းသတင်းကတော့ တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ပဲ။ နိုင်ငံတကာ သတင်းဌာနတွေမှာလည်း သတင်းတွေ ပလူပျံလို့။ ကုလသမဂ္ဂက ထုတ်တဲ့ အစီရင်ခံချက်တွေအရ လူဦးရေ တစ်သန်းခွဲလောက် နာဂစ်မုန်တိုင်း ဒဏ်ကို ခံခဲ့ရပြီး ၈၀၀၀၀ နီးပါး သေ၊ ၅ သောင်းခွဲနီးပါး ပျောက်ဆုံးခဲ့တယ်တဲ့။ နင်သိလား။ နာဂစ်ဆိုတာ အူရဒူဘာသာစကားနဲ့ ဒဖ်ဖိုဒယ်လ် (Daffodil) ပန်းလို့ အမည်ရသတဲ့။ ပြိုဟ်မွှေတဲ့ ဒီပန်းကြောင့် ငါတို့ရဲ့ ပြည်သူတွေ အတော် အတိဒုက္ခရောက်ကြရတယ်။ ကမ္ဘာအရပ်ရပ်က အကူအညီတွေက မုန်တိုင်း ၀င်ပြီး မကြာခင်မှာပဲ အဆင်သင့်ဖြစ်နေခဲ့ပြီ။

ငါတို့ နိုင်ငံတော်အစိုးရကတော့ ဘာဆို ဘာမှ အဆင်သင့်မဖြစ်ဘူး။ မဖြစ်ဆို ကိုယ့်ဒုက္ခကို လာကူမယ့်သူကို လက်ခံဖို့တောင် အဆင်သင့် မဖြစ်ဘူးတဲ့။ သမိုင်းမှာတော့ အမည်းစက်တစ်ခုပါပဲ။ ပြည်ပက အကူအညီ မရရှာတဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို စာနာတဲ့ ပြည်တွင်းက စေတနာရှင်တွေက ချက်ချင်းဆိုသလို ပေးကမ်းကူညီခဲ့ကြလို့သာ သူတို့ အသက်ရှူချောင်ခဲ့ရတာ။ ပြည်ပရောက် မြန်မာတွေကတော့ တတ်အားသရွေ့ ငွေကြေးနဲ့ တမျိုး၊ အ၀တ်အစားတွေနဲ့ တဖုံ ပေးပို့ ကူညီပေးခဲ့ကြတာ အားရစရာပါ။ အကူအညီပေးဖို့ သွားတဲ့သူတွေကို လမ်းက တားလိုတား၊ ဖမ်းလိုဖမ်း၊ သူတို့ လှူပေးပါမယ်ဆိုပြီး ကြားက ဖြတ်စားလပ်စား လုပ်လိုလုပ်နေတာတွေကတော့ ရုပ်ပျက်လွန်းတယ်။ အာဏာပိုင်တွေ တာဝန်ယူပြီး မမြှုပ်နိုင်လို့ ပုပ်ပွခြောက်သယောင်းနေတဲ့ အလောင်းတွေကို မြေတစ်ဝက်ကွယ် တွင်းတူးပြီး ကျကျနန မြှုပ်ပေးတဲ့ သူတွေကိုလည်း ဖမ်းတာပဲ။ ကိုသူရ (ဇာဂနာ)တို့လို အားတက်သရော လှူနေ ကူနေတဲ့သူတွေကိုလည်း ဖမ်းတာပဲ။ ငါတို့ မြန်မာပြည်က မကောင်းတာလုပ်ရင် ကောင်းစားပြီး ကောင်းတာလုပ်ရင် အဖမ်းခံရသတဲ့လား ဧပရယ်လ်။
ပြည်တွင်းက မြန်မာဘလော့ဂါလူငယ်တစ်စုကလည်း ဘတ်ဂျတ်တဲလို့ နာမည်ပေးထားတဲ့ ငွေကုန်ကြေးကျသက်သက်သာသာနဲ့ ဆောက်နိုင်တဲ့ အိမ်လေးတွေကို ဒုက္ခသည်တွေ အတွက် မိုးကြားလေကြားမှာ စွန့်စွန့်စားစားသွားပြီး ဆောက်ပေးခဲ့တယ်။ အခြားသော ဘလော့ဂါတွေ၊ လူငယ်လူရွယ်တွေလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာ လူစုပြီး ဒုက္ခသည်တွေဆီအရောက် ဆန်၊ဆီ၊ အစားအစာ၊ အ၀တ်အထည်တွေကို ပေးပို့ပေးခဲ့ကြတယ်။ အစိုးရ သတင်းမီဒီယာတွေက အခြေအနေတွေ ငြိမ်သက်သွားပါပြီ။ ဒုက္ခသည်တွေ မရှိတော့ပါဘူးလို့ ဗြောင်လိမ်နေချိန်မှာ စီအန်အန်သတင်းဌာနက ဘန်ကောက်အခြေစိုက် ရီပို့တာ Dan River က မြန်မာပြည်ထဲ ရောက်လာခဲ့ပြီး ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကမ္ဘာသိအောင် ထုတ်လွှင့်ပြသခဲ့တယ်။ သူရောက်ရောက်ချင်းမှာ သူ့ရုပ်ပုံကို မပြဘဲ သတင်းတွေ လွှင့်နေခဲ့ပေမယ့် နောက်ပိုင်း သူ့ပုံနဲ့တကွ သတင်းတင်ဆက်ရင် ပိုပြီးပီပြင်မယ်ထင်လို့ သူ လူလုံးထွက်ပြခဲ့တဲ့ အချိန်က စပြီး သူ့နောက်ကို ထောက်လှမ်းရေးတွေ မြေလှန်ပြီး လိုက်တော့တာပါပဲ။ သူ မြန်မာပြည်က ပြန်အထွက် လေယာဉ်ကွင်းမှာ အရစ်ခံခဲ့ရပေမယ့် ကံကောင်းထောက်မပြီး ဘန်ကောက်ကို ပြန်ရောက်လာခဲ့တယ်။ ကံမကောင်းရင် ပြီးခဲ့တဲ့ စက်တင်ဘာက အသက်ပေးခဲ့ရတဲ့ ဂျပန်သတင်းထောက်ဓာတ်ပုံဆရာလို ဖြစ်သွားနိုင်တာကိုး။
နာဂစ်ဝင်ပြီးပြီးချင်းကာလကတော့ မြန်မာ့အရေးဟာ ကမ္ဘာ့သတင်းတွေမှာ အတော်လေး အာရုံစိုက်စရာဖြစ်ခဲ့တယ်။ ထောက်ပံ့ရေးပစ္စည်းတွေ တင်လာတဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် စစ်သင်္ဘောတွေကလည်း ပင်လယ်ဝမှာ အသင့်စောင့်လို့ပေါ့။ မြန်မာပြည်က ဒုက္ခသည်တွေ ရှိတဲ့ ဧရာဝတီတိုင်းကို အစိုးရက ၀င်ကူခွင့် မပေးရင် အတင်းဝင်ကူဖို့ တောင်းဆိုကြတဲ့အထိ ဖြစ်ခဲ့တယ်။ နိုင်ငံတကာမှာတော့ ဒါကို Humanitarian Intervention လို့ ခေါ်ကြတာပေါ့လေ။ လူသားချင်းစာနာထောက်ပံ့ဖို့ ၀င်ရောက်စွက်ဖက်ခြင်း လို့ ဘာသာပြန်ရမယ် ထင်ပါရဲ့။ ဒီတခါတော့ စစ်အစိုးရ ကိစ္စပြတ်ပြီ ထင်ထားတာ။ ကံကောင်းထောက်မစွာနဲ့ (ယတြာကောင်းလို့လားတော့ မသိ) အမေရိကန်ကလည်း အစိုးရခွင့်ပြုချက် မရှိဘဲ မ၀င်ပါဘူးတဲ့။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ(Sovereign of state) ကို လေးစားပါတယ် ဘာညာလုပ်ပြီး ဟုတ်မလိုလိုနဲ့ လျှော်သွားပါလေရော။ အကူအညီတွေကိုတော့ လေယာဉ်ပျံကြီးတွေနဲ့ ရန်ကုန်လေဆိပ်ကို ပေးပို့ခဲ့တယ်။ ဒုက္ခသည်တွေဆီ အချိန်တိုတိုအတွင်း မြန်မြန်နဲ့ များများရောက်အောင် ကုန်တင်စစ်လေယာဉ်ကြီးတွေနဲ့ တင်ပို့လိုက်တဲ့ ပစ္စည်းတွေဟာ လေယာဉ်ပေါ်ကနေ စက်ကိရိယာအကူအညီမပါဘဲ လက်ချည်း သယ်ချနေရတာကြောင့် တနေကုန်ပါရောလား။ ပြီးတော့လည်း အဲဒီပစ္စည်းတွေဟာ ဂိုဒေါင်တွေထဲမှာ မနိုးသော အိပ်ချင်းနဲ့ အိပ်စက်၊ တချို့ကတော့ ရန်ကုန်မြို့ပေါ်က ဈေးကြီးတွေမှာ ရောင်းအစားခံရနဲ့ပေါ့ ဧပရယ်လ်။ သတင်းတွေထဲမှာတော့ နိုင်ငံတကာက ပို့လိုက်တဲ့ အလှူပစ္စည်းတွေကို အစိုးရ အရာရှိကြီးတွေ နာမည်တပ်ပြီး

ရွာသားများအလှူ သူကြီးကောင်းမှု လုပ်ကြတာ စိတ်ပျက်စရာပါဟာ။ စက်တင်ဘာကတည်းက သံဃာတွေကို သတ်ခဲ့တဲ့လက်တွေ အခုတခါ ဒုက္ခသည်တွေဆီက ပစ္စည်းတွေကို လုနေပြန်ပြီ။ နောက် ဘာများ ဆက်လုပ်ကြဦးမလဲ။ ငါတို့ ပြည်သူတွေကရော ဘယ်လောက်အထိ ခံစားနေရဦးမလဲ။ အဖြေမသိတဲ့ မေးခွန်းတွေ အများကြီးပဲ မိဧပရယ်လ်။
နာဂစ်ရဲ့ ဒုက္ခပေးခဲ့ပုံကို ကိုယ်တိုင် ခံစားကြည့်ချင်တဲ့ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတစ်ယောက်တော့ ကောင်းကင်ပြာပြာအောက်က တဲပြာပြာလေးတွေကို ကြည့်ရင်း အစိုးရရဲ့ စေတနာအမှန်ကို နားလည် သဘောပေါက်သွားလောက်မယ် ထင်ပါရဲ့။ သူ့လိုပဲ တဲပြာပြာတွေကို ကြည့်ခွင့်ရခဲ့တဲ့ ပြည်ပနိုင်ငံတစ်ခုက သံအရာရှိတစ်ယောက် ပြောပုံကတော့ ပြုံးချင်စရာပါပဲ။ “ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ တဲတွေမှာ နေ နေတယ်ဆိုတဲ့ ဒုက္ခသည်တွေရဲ့ ခြေထောက်တွေဟာ ရွှံ့တွေနဲ့ ပေကျံနေတယ်။ သူတို့ နေ နေရတယ်ဆိုတဲ့ တဲတ၀ိုက်မှာ ဘာရွှံ့အစအနမှ မရှိဘူး” တဲ့။ ကဲ.. ဘယ်ကနေ အရောင်ပြဖို့ ခိုကပ်နေရတဲ့ ဘုန်းကြီးကျောင်းတွေကနေ အတင်းအဓမ္မ ခေါ်လာတဲ့ ဒုက္ခသည်တွေလဲ။ ခက်တယ် ဧပရယ်လ်။ ရှေ့ကဖုံး နောက်ကပေါ်ဆိုသလိုပေါ့။ ပြချင်ရာပြ ပြောချင်ရာပြောနေရအောင် သူတို့ ပြနေ ပြောနေတဲ့ သူတွေရော ငါတို့ ပြည်သူတွေကပါ သူငယ်နှပ်စားလေးတွေ မဟုတ်ကြဘူး။ လိမ်ရမယ်ဆိုရင် အခုတမျိုး တော်ကြာတမျိုး မျက်နှာပြောင်ပြောင်နဲ့ ဗြောင်လိမ်တတ်တဲ့သူတွေဆိုတာ အားလုံးက အကြောင်းသိ အစင်းသိ ဖြစ်နေကြပြီ။
အမျိုးမျိုးအဖုံဖုံ လိမ်လို့ အားမရသေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကြီးဆိုပြီး အားရပါးရ ဆက်လိမ်လိုက်သေးတယ်။ လျှို့ဝှက်မဲပေးရတဲ့ စနစ်အစား ပြောင်ပြောင်တင်းတင်း မဲရုံတွေထဲ ၀င်နှောက်ယှက်တာတွေ၊ အမှား မခြစ်နဲ့ အမှန်ခြစ်ဆိုတာတွေ၊ အမှားခြစ်တဲ့လူကို ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ၊ မဲပေးတဲ့နေ့လူများမယ် အခုကတည်းက ကြိုတင်မဲထည့်ထားကြဆိုပြီး အတင်းကာရော ထောက်ခံမဲ ထည့်ခိုင်းတာတွေ၊ မိသားစုဝင်အားလုံးအတွက် ကိုယ်စား မဲပေးလို့ ရတာတွေ စတဲ့ အရှက်မရှိလုပ်ရပ်တွေနဲ့ လိမ်ညာခြိမ်းခြောက်ခဲ့တယ်။ ပြီးတော့ တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ ဦးရေ ၂၂ သန်းထဲက ၉၂.၄ ရာခိုင်နှုန်းက သူတို့ရဲ့ “ဖွဲ့စည်းပုံအခြေမခိုင်ဥပဒေကြီး” ကို ထောက်ခံပါတယ်လို့ ကြေညာခဲ့သေးတယ်။ အဟဲ.. ဒီလောက်ညစ်တာတောင် ၁၀၀ ရာခိုင်နှုန်းမရတာ ရှက်ဖို့ ကောင်းလိုက်တာဟာ။ ဘာပဲဖြစ်ဖြစ် လမ်းပျောက်မြေပုံ ၇ချက်အရတော့ ဖွဲ့စည်းပုံအစုတ်အပြတ်ကတော့ (သူတို့ ပြောစကားအရ) အတည်ဖြစ်သွားပြီ ဧပရယ်လ်။ ဒီတော့ ငါတို့တတွေ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာလည်း ကြံ့ဖွတ်တဖြစ်လဲ နိုင်ငံရေးပါတီကြီးကို အုံးအုံးကြွက်ကြွက် အားပေးလိုက်ကြရအောင်လား။ ငါတို့ တိုင်းပြည်ကြီးရဲ့ အ၀ါရောင်သန်းတဲ့ အနာဂတ်တွေ ရှေ့မှာ မြင်နေရပြီ။ ဒါပေမယ့် ၀ါဝါမြင်တိုင်း ရွှေမထင်လိုက်နဲ့ မိဧပရယ်လ်။
မတရားဥပဒေကို ချိုးဖောက်လို့ဆိုပြီး မတရားအဖမ်းခံထားရတဲ့ ငါတို့ရဲ့ သူငယ်ချင်း သံလွင်အိပ်မက် အယ်ဒီတာနေဘုန်းလတ်ရဲ့ မွေးနေ့ပွဲကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က သူ့မိတ်ဆွေသူငယ်ချင်းတွေကပဲ ကိုယ်စီကိုယ်ငှ ကောင်းမှုလုပ်သူလုပ်၊ ဘလော့မှာ မွေးနေ့ဆုတောင်း ရေးသူကရေးနဲ့ သူလွှတ်မြောက်အောင် ဆုတောင်းကြ၊ တောင်းဆိုကြ၊ အလှူအတန်း လုပ်ပေးခဲ့ကြတယ်လေ။ ဒီတခေါက် ငါတို့ သံလွင်အိပ်မက်မှာ သူရေးခဲ့တဲ့ သီချင်းခံစားမှုဆောင်းပါး၊ သူရေးခဲ့တဲ့ ကဗျာတွေကို ငါတို့ ထည့်ထားတယ်။ မတရားချုပ်ထားပေမယ့် .. နေဘုန်းလတ် ငါတို့နဲ့အတူ အမြဲရှိနေတယ် ဧပရယ်လ်။
နင့်ဆီလည်း သုံးလမှ တစ်ခါ စာရေးဖြစ်လို့ စာက ရေးလိုက်တာ အတော်ရှည်နေပြီ။ အခု ငါ နင့်ဆီ စာရေးနေရင်းက သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ နားထောင်နေမိတယ်။ ဘာသီချင်းလဲ နင်မသိချင်ဘူးလား။ “စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ်အတူကြီးပြင်း ဒို့သွေးချင်းပါ.. လက်တွဲလို့ကူပါ .. အကြင်နာတွေနဲ့ ဖေးကူပါ” ဆိုတဲ့ နာဂစ်ဒုက္ခသည်တွေ အတွက် စပ်ဆိုထားကြတဲ့ သီချင်းလေ။ ငါတို့ သွေးချင်းသားချင်းတွေ အားလုံး လက်မတွဲကြသရွေ့၊ အမုန်းပွားနေကြသရွေ့၊ အကြင်နာတွေနဲ့ ဖေးမကူကြသရွေ့တော့ ငါတို့ နိုင်ငံဟာ .. ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့“စိမ်းနေဦးမည့် ကျွန်တော့်မြေ” အစား ငါတို့ သံလွင်အိပ်မက်ထဲက ၀တ္ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်လို “ပိန်းနေဦးမည့် ကျွန်တော့်မြေ” ဖြစ်နေဦးမှာပဲ ဧပရယ်လ်။