Home မျက်နှာဖုံးနှင့် အမှာစာ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1617
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13084
mod_vvisit_counterတစ်လအတွင်း7610
mod_vvisit_counterစုစုပေါင်6း39039
Join us in Facebook
Facebook Fanbox 1.5.x.0
မျက်နှာဖုံးနှင့် အမှာစာ

Views : 3635    

Favoured : 52

Rating 2.9/5 (16 votes)

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း။
အတွဲ (၂)၊ အမှတ် (၂)၊ ၂၀၀၈ ခုနှစ် ဇူလိုင်လ။

 

 

မျက်နှာဖုံး ရှင်းလင်းချက်

 

ယခု သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သည် စောင်ရေအားဖြင့်ဆိုလျှင် သံလွင်ဝိုင်းတော်သားများ၏ (၁၃) စောင်မြောက် ကြိုးစားအားထုတ်မှုဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်မှစပြီး အတွဲ (၂) အဖြစ်ပြောင်းလဲ ထုတ်ဝေခဲ့ပြီး ယခင် PDF ဖိုင်များအစား ပိုမိုအဆင်ပြေသော web version အဖြစ် အသွင်ပြောင်းခဲ့ကြပါသည်။ သုံးလတစ်ကြိမ်ထုတ်ဝေသော သံလွင်အိပ်မက်အတွက် ယခုလထုတ် အတွဲ(၂)၊ အမှတ်(၂)သည် ဇူလိုင်လမှ နောက်လာမည့် သုံးလအကြာ အောက်တိုဘာလအထိဖြစ်ပါသည်။ ယခုလမျက်နှာဖုံးတွင် ထိုသုံးလအတွင်း ဖြတ်သန်းသွားမည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ အထင်ကရ သမိုင်းမှတ်တိုင်ကြီး သုံးခုကို သရုပ်ဖော်ထည့်သွင်းထားပါသည်။ ပထမဆုံး အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် မမေ့နိုင်သည့် ၁၉ ဇူလိုင်၊ ထို့နောက် ကျောင်းသားပြည်သူပေါင်းများစွာ သွေးမြေကျခဲ့ရသည့် ၈.၈.၈၈ အရေးအခင်းကြီး၏ နှစ် ၂၀ ပြည့် ၈.၈.၀၈၊ ထို့နောက် ဘုရားသားတော်သံဃာတော်တို့၏ တပည့်ဒါယိကာတို့အတွက် အသက်စွန့်ပေးဆပ်မှု၏ ပြယုဂ် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးတစ်နှစ်ပြည့် ... မှတ်တိုင်များကား ကြမ်းတမ်းလှပေသည်။ အစားထိုးမရနိုင်သည့် တိုင်းပြည်ခေါင်းဆောင်များ၊ တိုင်းပြည်အနာဂတ်ကို ဖန်တီးပေးမည့် ကျောင်းသားများ၊ ဘာသာနှင့် သာသနာကို စောင့်ရှောက်ကြကုန်သော သံဃာတော်မြတ်များ ... နှစ်ရာသီ အလီလီပြောင်းခဲ့သော်လည်း သူတို့သွေးတွေကား မခြောက်သေး၊ အပြစ်လုပ်ခဲ့သူများကလည်း အကြောက်မပြေသေး။ ကျွန်တော်တို့ သံလွင်ဝိုင်းတော်သားများက ထိုလူအာဇာနည်၊ သံဃာအာဇာနည်တို့ကို ထာဝရလေးစားဦးညွတ်ရင်း အာဇာနည်များကိုယ်စား ဗိုလ်ချုပ်၏ စိတ်ဓာတ်တက်ကြွဖွယ် စစ်မြင်းစီးနေဟန်ရုပ်ပုံ၊ ၈၈၈၈ အရေးအခင်းကို ထင်ရှားမြင်သာစေသည့် ကျောင်းသားတို့၏ သပိတ်စခန်းတစ်ခုနှင့် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကာလအတွင်း မေတ္တာသုတ်များ မပြတ်ရွတ်ဖတ်ရင်း ကြွချီလာကြသော သံဃာတော်အရှင်သူမြတ်တို့၏ ကမ္ဘာကိုတုန်လှုပ်စေခဲ့သည့် မြင်ကွင်းတစ်ခုတို့ကို မျက်နှာဖုံး ရုပ်ပုံများအဖြစ် အဓိပ္ပာယ်ပြည့်ဝစွာ အသုံးပြုထားပါသည်။ ဆောင်းပါးကိုးပုဒ်၏ နာမည်ရှေ့မှ ကြယ်ကိုးလုံးသည် ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့ကြကုန်သော အာဇာနည်ကိုးဦးအားလည်းကောင်း၊ ကြယ်တို့၏ ရွှေဝါရောင်သည် သံဃာတော်များအားလည်းကောင်း၊ ဆောင်းပါးတို့၏အမည်ကို အဖြူရောင်နှင့် ရေးသားထားခြင်းသည် ၈၈၈၈ တွင်ကျဆုံးခဲ့ကုန်သော အပြစ်ကင်းဖြူစင်သည့် ကျောင်းသားတို့အားလည်း ကောင်း ရည်ရွယ်ပါသည်ဟု ထပ်လောင်းဖြည့်စွက်လိုက်ရပါသည်။

 

အမှာစာ

 

ကျွန်တော်တို့ အယ်ဒီတာအဖွဲ့၊ စာရေးသူများနှင့် စာဖတ်ပရိသတ်များ လက်တွဲညီညီ ခရီးဆက်နေကြသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းမှာ လာမည့် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ၄ နှစ်တင်းတင်းပြည့်ပြီဖြစ်ပါသည်။ ၄ နှစ်ဆိုသော အတိုင်းအတာအတွင်း အထက်တွင်ဖော်ပြခဲ့သလို မဂ္ဂဇင်းစောင်ရေ ၁၃ စောင်ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဝါသနာကိုအရင်းခံကာ ကျွန်တော်တို့ စတင်ထုတ်ဝေခဲ့စဉ်က ယခုလို ပရိသတ်အခိုင်အမာနှင့် နှစ်ရှည်လများခရီးဆက်နေနိုင်လိမ့်မည်ဟု မမျှော်လင့်ရဲခဲ့ကြောင်း ရိုးသားစွာဝန်ခံလိုပါသည်။ ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှု၊ ထိုကြိုစားအားထုတ်မှုကို အသိအမှတ်ပြုပေးသော စာဖတ်သူများ၊ ထိုစာဖတ်သူများအား ကလောင်ဖြင့် ကျေးဇူးပြုကြသော စာရေးသူ၊ စာမူပေးပို့သူများအားလုံးကြောင့် ကျွန်တော်တို့ မမျှော်လင့်နိုင်ခဲ့သော ကာလအပိုင်းအခြားကို ဖြတ်ကျော်နိုင်ခဲ့ပေပြီ။ လူငယ်တို့၏ အညွန့်တလူလူဝေနေသော စိတ်ဓာတ်များသည် အင်တာနက်ဆိုသည့် အဆီးအတားမဲ့နယ်မြေထဲတွင် လွတ်လပ်ပေါ့ပါးစွာ ပျံဝဲရင်း ရည်မှန်းရာ ပန်းတိုင်အသီးသီးသို့ ခရီးပြင်းနှင်နေကြဆဲပင်ဖြစ်သည်။ သံလွင်အိပ်မက်တစ်စောင်ထွက်တိုင်း ယခင် issue များမှ လိုအပ်ချက်များ၊ စာဖတ်ပရိသတ်များ၏ ဝေဖန်ချက်များကို စီစစ်ပိုင်းခြားကာ ပြုပြင်ဖာထေးရင်း ကောင်းသထက်ကောင်းအောင် ကြိုးစားကြပါသည်။ ယခင်က စာအုပ်ဆန်လှသော PDF ဖိုင်များတွင် ဖတ်ရှုကြရာမှ သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၁) တွင် Website ပုံစံပြောင်းလဲထုတ်ဝေခဲ့သည်။ ယခုတဖန် အတွဲ (၂) ၊ အမှတ် (၂) တွင် စာဖတ်သူများပါ ပါဝင်နိုင်သည့် Web Portal ပုံစံကို ထပ်မံမြှင့်တင် နိုင်ပြန်ပေပြီ။ စာဖတ်သူများက ဆောင်းပါးများကို Rating ပေးခြင်း၊ Comment ပေးခြင်းများသာမက ရှိသင့်ပြီဖြစ်သော Forum နှင့်တကွ အခြားသော အသစ်အသစ်များကို ပြည့်စုံစွာ တင်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ယခုကဲ့သို့ တဆင့်ထက် တဆင့်မြင့်လာအောင် ကြိုးပမ်းနေသော ခေတ်မီနည်းပညာများအား မျက်ခြေမပြတ်သည့် အယ်ဒီတာအဖွဲ့နှင့် ပြင်ပမှ တတပ်တအားပါဝင်ကူညီသည့် သူငယ်ချင်းများရှိနေခြင်းသည် ကံကောင်းပေစွ။ သံလွင်အိပ်မက် အတွဲ (၂) အမှတ် (၁) ထုတ်အပြီးတွင် စာဖတ်သူအများစု ထံမှပြန်ကြားရသည့် မေးခွန်းတစ်ခုမှာ သံလွင်အိပ်မက်၏ ဦးတည်ချက်များ၊ စာမူအကြောင်းအရာများ ပြောင်းလဲကုန်ပြီလားဟူ၍ဖြစ်သည်။ အဆိုပါ issue တွင် နိုင်ငံရေးဟု မြင်ကြသော ပြည်တွင်းရေးရာများနှင့် အစိုးရကို ထင်ဟပ်စေသည့် ဆောင်းပါးစာမူ အများအပြား ပါဝင်နေသောကြောင့် မေးကြခြင်းဖြစ်သည်။ ထိုမေးခွန်းများကို ကျွန်တော်တို့ ဤနေရာမှ အဖြေပေးပါရစေ။ သံလွင်အိပ်မက်၏ ခံယူချက်များ၊ ဦးတည်ချက်များ အနည်းငယ်မှ သွေဖည်သွားခြင်း၊ ပြောင်းလဲသွားခြင်းမရှိသေးပါ။ သို့သော်လည်း ပြည်သူများ ဒုက္ခပင်လယ်ဝေနေချိန်၊ နေ့ညမရွေး၊ နေရာဒေသမရွေး၊ အသက်အရွယ်မရွေး၊ ကျား၊မ၊သံဃာမရွေး အကြောင်းပြချက်မဲ့ အဖမ်းဆီးခံနေရချိန်၊ ကျွန်တော်တို့၏ အားအထားရဆုံး အယ်ဒီတာ နေဘုန်းလတ် အထိန်းသိမ်းခံထားရချိန်တွင် ကျွန်တော်တို့အနေဖြင့် အချစ်ဇာတ်လမ်းလှလှလေးများ၊ ဟာသများ၊ ကြည်နူးဖွယ်ရာများကို ဦးစားမပေးနိုင်ခဲ့သည်ကို စာဖတ်ပရိသတ်များ နားလည်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ကျွန်တော်တို့အားလုံးကတော့ စာဖတ်သူများ ကျေနပ်နှစ်သိမ့်နိုင်စေရန်နှင့် စောင့်မျှော်ရကျိုးနပ်စေရန် အကောင်းဆုံး ကြိုးစားနေဆဲဖြစ်ကြောင်း ထပ်လောင်းကတိပြုလိုက်ပါသည်။ ယခု အတွဲ (၂) အမှတ် (၂)တွင် သံလွင်၏ ပင်တိုင်စာရေးဆရာများ၊ နာမည်ကျော် ဘလော့ဂ်ဂါများသာမက ကလောင်စွမ်းထက်လှသော မျက်နှာသစ်ကလောင်ရှင်များ အချိုးညီစွာ ပေါင်းစပ်ထည့်သွင်းထားသဖြင့် ယခင်ထက်ပိုသော အားပေးမှုများရရှိလိမ့်မည်ဟု ယုံကြည်စွာ မျှော်လင့်လိုက်ရပေသည်။ ကျွန်တော်တို့ ရှေ့ဆက်နိုင်ရန် စာဖတ်သူတို့၏ အားပေးမှုသာမက ဝေဖန်ထောက်ပြမှုများသည်လည်း အရေးပါလှသဖြင့် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

 

စာဖတ်သူများအား အစဉ်လေးစားလျက်

 

သံလွင်ဝိုင်းတော်သားများ။

User comments Quote this article in website Favoured Print Send to friend
Wednesday, 02 July 2008 02:17