Home မျက်နှာဖုံးနှင့် အမှာစာ
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့142
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်း4081
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း5599
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886006
Join us in Facebook
Facebook Fanbox 1.5.x.0
မျက်နှာဖုံးနှင့် အမှာစာ

Views : 4641    

Favoured : 106

Share

သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း။
အတွဲ (၂)၊ အမှတ် (၃)၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ။

 


အမှာစာ

 

သုံးလတစ်ကြိမ် ထုတ်ဝေနေကျ ဖြစ်သည့် သံလွင်အိပ်မက် မဂ္ဂဇင်းအား ယခုတဖန် စီစဉ် တင်ဆက်လိုက်နိုင်ပေပြီ။ သံလွင်အိပ်မက်ကို ပုံစံအသစ်ဖြင့် ဖတ်ရှုနိုင်ရန် အတွဲ (၂) အမှတ် (၁) ထုတ်ဝေခဲ့ပြီးနောက် ဆက်လက်၍ အတွဲ (၂) အမှတ် (၂) တွင်တော့ စာဖတ်သူများပါ ပါဝင်ဆွေးနွေးနိုင်ရန်နှင့် မှတ်ချက်များ ရေးထားခဲ့နိုင်ရန် ထပ်မံ ကြိုးစားခဲ့ကြပြန်သည်။ အတွဲ (၂) အမှတ် (၂) နှင့် ပတ်သက်၍ ပရိသတ်များထံမှ ပြန်လည်ကြားသိရသည့် မှတ်ချက်ကောင်းများသည် ယခု အတွဲ (၂) အမှတ် (၃) အတွက် အားဖြစ်စေခဲ့သည်။ ယခုအခါ သုံးလ တစ်ကြိမ် တင်ဆက်နေသည့် သံလွင်အိပ်မက်မဂ္ဂဇင်းအပြင် နေ့စဉ်နှင့်အမျှ ပြည်တွင်းနှင့် ပြည်ပရှိ သတင်းဦး သတင်းထူးများကို ဖော်ပြပေးနေသည့် သံလွင်သတင်းကဏ္ဍကိုပါ တိုးချဲ့နိုင်ခဲ့ပြီး သတင်းလာရောက် ဖတ်ရှုသူများလည်း တိုးပွားလျက် ရှိသည်။

ယခုလသည် သီတင်းကျွတ်လဖြစ်သည်နှင့်အညီ သီတင်းကျွတ်လရောက်တိုင်း မည်သည့်နိုင်ငံတွင် ရောက်နေစေကာမူ မိမိ၏ မိသားစုနှင့်အတူ ငယ်စဉ်က အတူ ဆင်နွှဲခဲ့ကြသော မီးထွန်းပွဲ နေ့ရက်များကို အမှတ်ရကြပေမည်။ ငယ်စဉ်က မိမိအား ကျွေးမွေးခဲ့ စောင့်ရှောက်ခဲ့သည့် လူကြီးသူမများကိုလည်း မိမိ တာဝန် ယူနိုင်သည့် အချိန်တွင် မိမိက တဖန် တလှည့် မမေ့မလျော့ ကျွေးမွေးစောင့်ရှောက်ရန် လိုအပ်ပေသည်။ ပြည့်စုံသည့် မိသားစုများမှ လာသူတချို့သည် မိဘအား ငွေကြေး ထောက်ပံ့ရန် မလိုအပ်ဟု ထင်မြင်နေကြသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ မိမိ လုပ်အားဖြင့် ရလာသည့် ၀င်ငွေဖြင့် မိဘများအား စောင်မကြည့်ရှုခြင်းဖြင့် မိဘများမှာလည်း နည်းများမဆို ပီတိ ဖြစ်ရပေမည်။ ငယ်ငယ်က မုန့်ဖိုးတောင်းတိုင်း မငြူစူခဲ့သော မိဘများအား မိမိ၏ ရောက်ရှိရာ နိုင်ငံဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် ခေါ်ထားခြင်း မပြုလုပ်နိုင်ခဲ့လျှင် ၎င်းတို့အတွက် လိုအပ်သည်များကို မိမိတတ်နိုင်သလောက် မငြူမစူဘဲ ပေးကမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းလိုပါသည်။

လမ်းဟောင်းများကို စွန့်ကာ လမ်းသစ်ဖောက်ရန် လက်မနှေးသော မြန်မာလူငယ်များသည် ပြည်တွင်းတွင် မရနိုင်သည့် အတွေ့အကြုံများ၊ ပညာရပ်များကို ပြည်ပ တိုင်းပြည်များတွင် စွန့်စွန့်စားစားလာကာ ရည်မှန်းချက်အား ရရှိအောင် ကြိုးစားနေကြသည့်အတွက် အားတက်မိသလို နွမ်းပါးနိမ့်ကျဆဲဖြစ်သော မိမိ၏ ဇာတိဖြစ်သည့် အမိမြန်မာပြည်ကို ပြန်လည် အကျိုးပြုနိုင်ရန် မမေ့မလျော့ကြဖို့ လိုအပ်ပါသည်။ သို့မဟုတ်လျှင် မည်သူကလာပြီး အမိမြန်မာနိုင်ငံ တိုးတက်ကောင်းစားရေးအတွက် ဆောင်ရွက်ကြပါမည်နည်း။ ထို့ကြောင့် မည်သို့မျှ မတတ်သာသည့် အခြေအနေတွင်မှ အမိမြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ်ခြင်းဟူသည့် လမ်းကို အသေအချာဆုံးဖြတ် စဉ်းစားရွေးချယ်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။ မြန်မာနိုင်ငံ ပြောင်းလဲလာသည့် တချိန်တွင် အမိမြန်မာနိုင်ငံသို့ ပြန်မည်ဟု မျှော်မှန်းထားသူများ အနေဖြင့်လည်း ထိုအချိန်ရောက်လျှင် မိမိမျှော်မှန်းထားသလို လုပ်ကိုင်နိုင်ရန် ယခုကတည်းက ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ စသဖြင့် လိုအပ်သည့် တန်ဆာပလာ ရိက္ခာများကို တတ်အားသရွေ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပေမည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို အတူတကွ ကျော်ဖြတ်ကြရင်း ပြည်တွင်း ပြည်ပတွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ၊ အတွေ့အကြုံများသည် မြန်မာလူငယ်များအား အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်ပြီး တာဝန်သိသိဖြင့် မဝေးတော့သည့် အနာဂတ်တွင် တိုင်းပြည်အကျိုး သယ်ပိုးကြမည့် သားကောင်း ရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု သံလွင်အိပ်မက်မှ ယုံကြည်ပါသည်။

ယခုအတွဲ (၂) အမှတ် (၃)တွင်လည်း တင်ဆက်နေကျ ကဏ္ဍများဖြစ်သည့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဓာတ်ပုံစသည်တို့ကို ပြည့်ပြည့်စုံစုံ ထည့်သွင်းထားပါသည်။ အကျဉ်းကျခံထားရသော သံလွင်အိပ်မက် အယ်ဒီတာ တစ်ဦးဖြစ်သည့် နေဘုန်းလတ်(ခ) နေမျိုး(သံလွင်)၏ သံလွင်အိပ်မက်အတွက် ထောင်နံရံ အခက်အခဲများကြားမှ နှုတ်တိုက်ရွတ်ပေးလိုက်သော ကဗျာတစ်ပုဒ်ကိုလည်း ထူးထူးခြားခြား ဖတ်ရှုရမည် ဖြစ်ပါသည်။ သံလွင်အိပ်မက်အနေဖြင့် နေဘုန်းလတ်နှင့်အတူ နောင်လာမည့် သံလွင်အိပ်မက် မဂ္ဂဇင်းများတွင် အတူတကွ လက်တွဲပြီး အကောင်းဆုံး စီစဉ်ထုတ်ဝေသွားနိုင်ရန် ကျွန်ုပ်တို့ အယ်ဒီတာအဖွဲ့အနေဖြင့် မျှော်လင့်စောင့်စားလျက် ရှိသလို ၎င်းအား မတရားစွပ်စွဲထားသည့် အမှုများမှ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်လည်း သံလွင်အိပ်မက်မှ အလေးအနက် တောင်းဆိုလိုက်သည်။

သံလွင်သည် နရီ စီးချက်မှန်စွာ စီးဆင်းနေမြဲဖြစ်သလို "သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကို ကြားလိမ့်မယ်" ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ လူငယ်များအတွက် သုတ၊ရတ ပေးနိုင်ရန်အတွက် မည်သို့ပင် အခက်အခဲရှိစေကာမူ သံလွင်အိပ်မက် ဆက်လက် ရပ်တည်နိုင်အောင် ကြိုးစားသွားကြပါမည်။

 


ကျေးဇူးစကား

 

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ အခြေစိုက်ကာ စတင်ထုတ်ဝေခဲ့သည့် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းအား အစဉ်တစိုက် အားပေးနေခဲ့သလို ဝေဖန် အကြံပေးမှုများ ပြုလုပ်ပေးခဲ့သည့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့ပြင် ကာတွန်းရုပ်ပုံများကို မေတ္တာဖြင့် အသုံးပြုခွင့်ပေးသော ဆရာအော်ပီကျယ်၊ သံလွင်အိပ်မက်ခရီးဆက်နိုင်ရန်အတွက် အကျိုးအမြတ် တစုံတရာ မျှော်လင့်ခြင်းမရှိဘဲ လိုအပ်သည့် စာမူများကို မေတ္တာဖြင့် အစဉ်အမြဲ ပေးပို့ကူညီခဲ့ကြသည့် စာရေးသူများ၊ ဘလော့ဂါမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။ ထို့ကြောင့် ကဗျာ၊ အက်ဆေး၊ ၀တ္ထု၊ ဆောင်းပါး စသဖြင့် မိမိ ဖတ်ရှုမိသော စာများအား တတ်စွမ်းသရွေ့ မှတ်ချက်များ ပေးခဲ့ကြရန်၊ နှစ်သက်သဘောကျပါက မဲပေးခဲ့ရန် စာဖတ် ပရိသတ်များအား ပန်ကြားလိုပါသည်။ ထိုသို့ ရရှိလာသည့် မှတ်ချက်များသည် စာရေးသူနှင့် ဖတ်သူတို့အကြား ဆက်သွယ်ထားသည့် ပေါင်းကူးတံတား တစ်ခုဖြစ်သလို ပုံနှိပ်မီဒီယာတွင် မရနိုင်ဘဲ အင်တာနက်မီဒီယာတွင်သာ ရနိုင်သည့် အားသာချက်တစ်ခုဖြစ်သည့်အပြင် စာရေးသူများအတွက် စာမူခထက် အဆပေါင်းများစွာသာသော ကျေနပ်ပီတိဖြစ်မှုကို ဖြစ်စေနိုင်လိမ့်မည်ဟု သံလွင်အိပ်မက်မှ မျှော်လင့်ပါသည်။

 

စာဖတ်သူများအား အစဉ်လေးစားလျက်

သံလွင်ဝိုင်းတော်သားများ။

User comments Quote this article in website Favoured Print Send to friend
မျက်နှာဖုံးနှင့် အမှာစာ
Wednesday, 02 July 2008 02:17

Rating 2.5/5 (20 votes)