မတ်လ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အဆိုပါသတင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။
"ပြည်ထောင်စု မြန်မာနိုင်ငံတော် - နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေ အမှတ် (၁/၂၀၁၀) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၃/၂၀၁၀) ဖြင့် ပြည့်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၄/၂၀၁၀) ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၅/၂၀၁၀) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် (၉)၊ ၂၀၁၀ ပြည့်နှစ် မတ်(၈)ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေများကို မတ်(၉)ရက်မှ စ၍ နေ့စဉ်ထုတ် သတင်းစာများတွင် အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်ပြီး စာအုပ်များ အဖြစ်လည်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။"ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၄၄၀ နေရာအတွက် ၃၃၀ နေရာကို ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်များက ရယူမည်ဖြစ်ပြီး ၁၁၀ နေရာကို တပ်မတော်ကိုယ်စားလှယ်များက ရယူသွားမည် ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၂၂၄ နေရာအတွက် ၁၆၈ နေရာကို ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်များက ရရှိမည် ဖြစ်ပြီး စစ်ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်ကိုယ်စားလှယ်များက ၅၆ နေရာ ရရှိမည် ဖြစ်သည်။
မတ်လ ၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် အချပ်ပိုဖြင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ကို ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ ဥပဒေအရ ပထမအကြိမ် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အနည်းဆုံး အဖွဲ့ဝင် ငါးဦးဖြင့် ခန့်အပ်သွားမည် ဖြစ်သည်။ ထိုဥပဒေဖြင့် ယခင်က ထုတ်ပြန်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေ (၁/၈၈) ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း အချပ်ပိုဖြင့်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကို ဖော်ပြထားကြောင်း သိရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၄/၈၈) အရ တည်ရှိနေသော ပါတီများသည် ထိုဥပဒေအရ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုပါက အဆိုပါ ဥပဒေ ပြဌာန်းသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားရမည် ဖြစ်ပြီး ကော်မရှင်၏ ခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်ခွင့် ရှိမည် ဖြစ်ကာ ထိုကဲ့သို့ လျှောက်ထားခြင်း မရှိလျှင် နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ပါရှိသည်။ ထိုဥပဒေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၄/၈၈) ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။
(သံလွင်သတင်း)