Views : 4223  |
Favoured : 54 |
You could not step twice into the same river; for other waters are ever flowing on to you (Heraclitus)
ဂရိတွေးခေါ် ပညာရှင် ဟေရာကလိုက်တပ်စ်၏ အထက်ပါ စကားအတိုင်း အရာရာတိုင်းသည် ရွေ့လျော ပြောင်းလဲနေသည်။ မူဝါဒရေးရာ အပြောင်းအလဲ၊ ကမ္ဘာ့စူပါ ပါဝါ အပြောင်းအလဲ၊ ပညာရေး အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲ၊ နည်းပညာ အပြောင်းအလဲ စသဖြင့် ပြောင်းလဲမှုလှိုင်းတွေက တစ်လုံးပြီး တစ်လုံး ဆင့်ကဲ ရိုက်ခတ်နေသည်။ ထို အပြောင်းအလဲများကို ဒီအတိုင်း လက်ခံလိုက်မည်လား၊ ငြင်းဆန်လိုက်မည်လား၊ အထိန်းအကွပ်နှင့် လက်ခံသွားမည်လား၊ အလိမ္မာသုံး၍ ငြင်းပယ်မည်လား ဆိုသည်က တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊ နိုင်ငံတစ်ခုချင်းစီ၏ ကိုယ်ပိုင်ရွေးချယ်မှုပင် ဖြစ်သည်။ ပြောင်းလဲရမည်ကို ကြောက်ရွံ့နေသဖြင့် ပြောင်းလဲရန် မကြိုးစားဘူးဆိုလျှင် အပြောင်းအလဲမှ ရလာမည့် အကျိုးရလဒ်ကို မျှော်လင့်နေ၍ မဖြစ်နိုင်တော့ပေ။ အခြားတဘက်တွင်လည်း ပြောင်းလဲတိုင်း ကောင်းလာမည်ဟု တရားသေ တွက်ဆထား၍ မရနိုင်ပေ။ အပြောင်းအလဲလုပ်ရန် လမ်းကြောင်းနှင့် နည်းစနစ်ဗျူဟာအပြင် အကျိုးအပြစ်ကို ချိန်ဆတတ်ဖို့က အရေးကြီးသည်။ သို့မှသာ အပြောင်းအလဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေမည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်၍ နိုင်ငံရေး အပြောင်းအလဲ အခြေအနေ တစ်ရပ်ကို မကြာခင် ကာလတွင် မြင်တွေ့ရန် လူအများက စောင့်မျှော်နေကြပေပြီ။ သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးထိုးနေကြမည့်အစား သူနှင့် ငါသာမက အားလုံး လက်တွဲ၍ ဆောင်ရွက်သွားနိုင်မည့် ကာလကို မှန်းဆကြရန် လိုအပ်ပါမည်။ ဒီမိုကရေစီ ရောင်နီဦးကိုတော့ ခပ်ရေးရေးသာ လှမ်းမြင်ရသည်။ ဤခရီး မဝေးပါ။ သို့ရာတွင် ဤခရီးမှာ အစသာ ရှိပါသေးသည်။ မူဝါဒ အပြောင်းအလဲ၊ ခေတ်စနစ် အပြောင်းအလဲ၊ စိတ်ဓာတ်ရေးရာ အပြောင်းအလဲ စသဖြင့် ပြောင်းလဲမှုများစွာက ရှေ့မှာ စောင့်ကြိုနေသည်။ ရပ်စောင့်မနေဘဲ ဆက်သွားကြဖို့ လိုပါသည်။ သူများနိုင်ငံတွေ ပထမကမ္ဘာသို့ အလုအယက် ပြေးလွှား ပြိုင်ဆိုင်နေချိန်မှာ မြန်မာနိုင်ငံမှာ တတိယကမ္ဘာတွင် မျက်လွှာချပြီး တံခါးပိတ် မီးပိတ်၍ အခန်းအောင်း မနေသင့်တော့ပါ။ လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ အပြောင်းအလဲကတော့ တံခါးခေါက်နေပြီ ဖြစ်သည်။
သံလွင်အိပ်မက် ဝိုင်းတော်သားများ
ကျေးဇူးတင်လွှာ
ကျွန်တော်တို့ အတွက် မညည်းမညူ ကာတွန်းများ၊ ကဗျာသရုပ်ဖော်ပုံများ ဆွဲပေးသော KNT ၊ ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းများကို မအားလပ်တဲ့ကြားက ဆွဲပေးသော ကိုဖြိုး၊ သရုပ်ဖော်ပုံများ ရေးဆွဲ ပေးပို့ခဲ့သော မပန်ဒိုရာ၊ ရင်ဘတ်ချင်း တူညီစွာ စီးဆင်းခဲ့ကြသည့် စာရေးသူများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အစဉ်တစိုက် အားပေးလာကြသော ပရိသတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများမှ ကျေးဇူးတင်ရှိပါသည်။
တောင်းပန်ခြင်း
သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၄) ကို မူလ သတ်မှတ်ထားသည့် အောက်တိုဘာလတွင် ထုတ်ဝေရမည့်အစား တိုက်ဆိုင်လာခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် နှောင့်နှေးခဲ့ရပြီး ယခု နိုဝင်ဘာလတွင်မှ ထုတ်ဝေနိုင်ခဲ့သည့် အတွက် စောင့်ဆိုင်းနေကြသည့် ပရိသတ်အား အနူးအညွတ် တောင်းပန်အပ် ပါသည်။
|
|