Home ပေးစာ ညီလေးရေ (၂)
21 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့318
mod_vvisit_counterမနေ့က1303
mod_vvisit_counterတစ်ပတ်အတွင်3း072
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း4590
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2884997
Join us in Facebook
Facebook Fanbox 1.5.x.0
ညီလေးရေ (၂)

Views : 3567    

Favoured : 103

Share

 ညီလေးရေ (၂)

နေဘုန်းလတ်
 
 

ညီလေးရေ…

အခု အချိန်လောက် ဆိုအရင်တခေါက်ကစာကို မင်းဖတ်ပြီးလောက်ရောပေါ့။ ငါပြောတဲ့ အကြောင်းအရာတွေကို မင်းသဘောပေါက်ရဲ့လား ပြီးတော့အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ရှေ့ဆက်တွေးဖြစ်ရဲ့လား။ တွေးရမယ် … စဉ်းစားတွေးခေါ်ရမယ်။ ဘယ်သူ့က ကိုယ့်ကိုဘာတွေပဲ လာပြောပြော၊ ဘယ်လိုအကြောင်းအရာတွေကိုပဲ လေ့လာလေ့လာ … ကြားလိုက်ရတာ၊ မြင်လိုက်ရတာ၊ ခံစားလိုက်ရတာတွေထက်ပိုတဲ့ သိမှုပညာအဆင့်ကိုရောက်သွားဖို့ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေး ခေါ်ဖို့ အသေအချာ ကို လိုအပ်တယ်။ ငါကမင်းကို ငါ့ညီတစ်ယောက် အနေနဲ့ရော၊ လူငယ်တစ်ယောက် အနေနဲ့ရော တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်စေချင်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတဲ့ နေရာမှာ ငါ့အနေနဲ့ကတော့ နှစ်မျိုးခွဲ ပြီးမြင်မိတယ်။ အသုံးချ တန်ဖိုး နဲ့ပကတိတန်ဖိုး ဆိုပြီးတော့လေ။ အသုံးချတန်ဖိုးဆိုတာ ကတော့ရှင်းပါတယ်။ အဲ့ဒီ လူတစ်ယောက်ဘယ်လောက် အသုံးဝင် သလဲ၊ အသုံးကျ သလဲ ဆိုတဲ့ အပေါ်မှာ တိုင်းတာတယ်။ အဲဒီ့မှာ သူ့အတွက်ပဲသူ အသုံးဝင်တဲ့သူ၊ လူတစ်ဦးတစ်ယောက် အတွက်အသုံးဝင်တဲ့သူ၊ မိသားစုအတွက် အသုံးဝင်တဲ့သူ၊ အဖွဲ့အစည်းတခု အတွက် အသုံးဝင်တဲ့သူ၊ သူ့နိုင်ငံ အတွက် အသုံးဝင်တဲ့သူ၊ တကမ္ဘာလုံး အတွက် အသုံးဝင်တဲ့သူ စသည်ဖြင့် သူ့ရဲ့အသုံးဝင်မူ အ၀န်းအ၀ိုင်း ဘယ်လောက်ကျယ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး အသုံးချတန်ဖိုး အနည်းအများ ကွဲပြားကြလိမ့်မယ်။ နောက်တခုက ပကတိတန်ဖိုး … အဲဒီပကတိ တန်ဖိုးဆိုတာကတော့ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားတွေနဲ့ သူ့ရဲ့ဖြတ်သန်းမှုတွေမှာ သူဘယ်လို ရပ်တည်ခဲ့သလဲဆိုတဲ့ အပေါ်တွေမှာ တိုင်းတာရမယ် ထင်တယ်။ အရှင်းဆုံး ထပ်ပြောရရင်တော့ အသုံးချတန်ဖိုးဆိုတာ သူဘာလဲဆိုတာနဲ့ ဆက်နွယ်တယ်၊ ပကတိတန်ဖိုးကတော့ သူဘယ်လိုလူလဲ ဆိုတဲ့မေးခွန်းနဲ့ ပိုပြီးဆက်နွယ်လိမ့်မယ်။ အသုံးချတန်ဖိုးက မင်းအသုံးဝင် နေသရွေ့အထိ တာရှည်ခံတယ်၊ ပကတိ တန်ဖိုးကတော့ အခု လက်ရှိအသုံးဝင်နေခြင်း ဆိုတဲ့ အနေအထားရဲ့ အလွန်အထိ တာရှည်ခံတယ်။ နားရှုပ်သွားပြီလား။ ပကတိတန်ဖိုးဆိုတာနဲ့ ပတ်သတ်ပြီး နည်းနည်း ထပ်ရှင်းဖို့ လိုမယ်ထင်တယ်။ အခု လက်ရှိအချိန်မှာ ဘယ်သူ့အတွက်မှ ဘာမှလုပ်ပေးနေစရာမလိုဘဲ သူရဲ့အရှိတရား (ဒါမှမဟုတ်) သူရှိခဲ့တယ်ဆိုတဲ့ အမှန်တရားတစ်ခုနဲ့ တင်တန်ဖိုးရှိနေတာ မျိုးလေ။ အမြင့်ဆုံး ဥပမာပေးရရင်တော့ အနှိုင်းမဲ့ ပကတိ တန်ဖိုးပိုင်ရှင်ဟာ ဗုဒ္ဓမြတ်စွာဘုရားပဲ။ အခြား ဥပမာတွေကိုတော့ မင်းဘာသာမင်း စဉ်းစားကြည့်ပေါ့။

 

မင်းနောက်ပိုင်းကျရင် ကြုံလာလိမ့်မယ်။ အသုံးချတန်ဖိုးမြင့်ပေမယ့် ပကတိ တန်ဖိုး နိမ့်တဲ့သူတွေ။ ဘယ်လိုလူတွေလဲဆိုတော့ ပညာတွေအရမ်းတတ်ပြီး မာန်တက်နေတဲ့ လူမျိုးတွေပေါ့။ အဲဒီလို လူမျိုးတွေက သူ ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့တစ်နေ့ ဘာတန်ဖိုးမှ မရှိတဲ့ လူဖြစ်သွားမှာပဲ။ သိပ်ကြောက်ဖို့ကောင်းတယ်။ အသုံးချတန်ဖိုးနဲ့ ပကတိတန်ဖိုးရဲ့ ကြားမှာ သိမ်မွေ့တဲ့ ဆက်နွယ်မှုတစ်ခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပရဟိတစိတ်နဲ့ စေတနာပဲ။ ဘာတွေပဲလုပ်လုပ် အတ္တစိတ်မှာ အခြေမခံဘဲ ပရဟိတစိတ်နဲ့ စေတနာ အရင်းခံပြီး လုပ်မယ်ဆိုရင် အဲဒီသူရဲ့ အသုံးချတန်ဖိုးဟာ ပကတိ တန်ဖိုး ဖြစ်လာလိမ့်မယ်။ အဲဒီ့တော့ ငါ့ညီရေ … ဖြစ်နိုင်ရင် တလောကလုံးအတွက် အသုံးဝင်တဲ့ အသုံးချတန်ဖိုး မြင့်မားသူဖြစ်အောင် ကြိုးစားပါ။ ပြီးတော့ ဘာကိုပဲလုပ်လုပ် ပရဟိတစိတ်၊ စေတနာတွေ အရင်းခံလုပ်ရင်း ကိုယ့်ရဲ့အသုံးချတန်ဖိုးကို ပကတိ တန်ဖိုးအဆင့်ရောက်အောင်မြှင့်တင်ပါ။ ပြီးတော့ …. ကိုယ့်ရဲ့ ဖြတ်သန်းမှုတိုင်းမှာ သတိတရားမြဲမြံစွာနဲ့ ကိုယ်ကျင့်တရားထိမ်းနိုင်အောင် ကြိုးစားရင်း ပကတိတန်ဖိုး မြင့်သူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပျိုးထောင်ပါလို့ ငါပြောချင်တယ်။

 

လူ့တန်ဖိုးဆိုတဲ့စကားလုံးနဲ့တဆက်တည်းပဲ ငါဆက်ပြောချင်တာက … မင်းလဲကြားဖူးမှာပေါ့။ ဆရာဗန်းမော်တင်အောင် မကွယ်လွန်မီ ပြောသွားတဲ့ စကားလေ … “လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” တဲ့။ ဒါကတော့ ဆရာဗန်းမော်တင်အောင် ပြောခဲ့တဲ့စကားပေါ့။ အဲဒီ့အထဲမှာ ငါအဓိကပြောချင်တာက သမိုင်းတာဝန်ဆိုတဲ့ စကားပဲ။ လူတိုင်းမှာ သမိုင်းတာဝန်ရှိတယ်။ အဲဒီသမိုင်းတာဝန်က ဘာလဲဆိုတာကို သိနိုင်ဖို့ ငါတို့သမိုင်းကို လေ့လာဖို့လိုလိမ့်မယ်။ သမိုင်းကို မလေ့လာဘဲနဲ့ရော မသိနိုင်ဘူးလားလို့ ပြောစရာရှိတယ်။ သိတော့သိနိုင်တယ်။ ဒါပေမယ့် သမိုင်းကို သေသေချာချာ မလေ့လာထားဘဲ သိတဲ့အသိက မပြည့်စုံနိုင်ဘူး။ မခိုင်မာဘူးလို့တော့ ပြောလို့ရတယ်။ အဲဒီ့တော့ သမိုင်းကို လေ့လာပါ။ အဲဒါမှ မင်းရဲ့ပုခုံးပေါ်ကို ခေတ်ကတင်ပေးမယ့် သမိုင်းတာဝန်ဆိုတာ ဒါကြီးပါလားဆိုပြီး မင်းအသေအချာကို သိလာလိမ့်မယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာ့သမိုင်းကို လေ့လာရမယ်။ ကမ္ဘာသူကမ္ဘာသား တစ်ယောက် အနေနဲ့ ကမ္ဘာ့သမိုင်း ကိုလေ့လာရမယ်။ အဲဒါမှ ကမ္ဘာကြီးအတွက် ငါလုပ်ပေးရမယ့် ငါ့တာဝန်က ဘာလဲ ဆိုတာကို သိနိုင်လိမ့်မယ်။ ကိုယ့် တာဝန် ကိုယ်သိပြီး အဲဒီ့တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းရွက်ဖို့ ကြိုးစားမှသာ တန်ဖိုးရှိတဲ့ သူဖြစ်လိမ့်မယ်။

 

ငါ့ညီရေ … မင်းငယ်သေးပေမယ့် ... အခုအသက်အရွယ်ထိ မင်းဖြတ်သန်းခဲ့ပြီးတဲ့ ကာလတလျှောက်မှာ မင်းကြုံတွေ့နေရတာတွေ အားလုံးဟာ မင်းရဲ့စိတ်နဲ့ ထပ်တူညီရဲ့လား။ မညီဘူးနော် …. ဟုတ်တယ် .. ငါတို့ရဲ့စိတ်ဆန္ဒနဲ့ မကိုက်ညီတဲ့ အခြေအနေတွေဟာ ငါတို့မလိုချင် ပေမယ့်လည်း ငါတို့ဆီ ရောက်ရောက် လာတာပဲလေ။ အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ။ မလိုချင်ပါဘူးဆိုနေမှ ကိုယ့်ရှေ့တည့်တည့်ကို ပြုတ်ကျ လာတဲ့ ကံကြမ္မာကို ငါတို့ဘယ်လို တုံပြန်ကြမလဲ။ ငြင်းဆန်လို့ ရနေသရွေ့တော့ အားတင်းငြင်းဆန်ရုံပေါ့။ ငြင်းဆန်လို့ ဘယ်လိုမှ မရတော့ဘူးဆိုတာ သေချာသွားရင်တော့ လက်ခံလိုက်ရတော့မှာပဲပေါ့။ ဒါပေမယ့် … ဒီအတိုင်းကြီးတော့ လက်မခံလိုက်နဲ့ကွာ။ ပုံသဏ္ဍန်ပြောင်း ပြီးငါတို့လက်ခံကြမယ်။ မင်းကြားဖူးလားတော့ မသိဘူး - ဆော့ခရတ္တိစ် ပြောတာ … မိန်းမသာယူလိုက်ပါတဲ့ … မိန်းမကောင်းကိုရတော့ သာယာတဲ့ အိမ်ထောင်ရေး သုခကို ခံစားရတာပေါ့တဲ့ … မကောင်းတဲ့ မိန်းမကိုရတော့လည်း သင် အတွေးခေါ်ပညာရှင် ဖြစ်သွားနိုင်တာပေါ့တဲ့။ ရယ်စရာကောင်းတဲ့ ဟာသတစ်ခု ဆိုတာထက်ပိုတဲ့ အနှစ်သာရတစ်ခု အဲဒီ့စာကြောင်းလေးထဲမှာရှိတယ်။ အဲဒါ ဘာလဲဆိုတော့ … ဘယ်လောက်ဆိုးဝါးတဲ့ အခြေအနေ တစ်ခုဖြစ်ပါစေ - အဲဒီ အခြေအနေမှာ အနည်းဆုံး ကောင်းကွက်တစ်ခုတော့ရှိတယ် ဆိုတာပဲ။ ငါတို့က အဲဒါကို တွေ့အောင်ရှာတက်ဖို့ပဲ လိုတယ်လေ။ လမ်းပေါ်က သူတောင်းစားနဲ့သူဌေးသား ဘယ်သူက အိမ်မက်လှလှ ပိုများမယ်လို့ မင်းထင်လဲ။ အဲဒီတော့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့ …. အဲဒီ့ အခြေအနေ ရဲ့ထူးခြားချက်၊ အားသာချက်၊ ကောင်းကွက်တွေကို တွေ့အောင်ရှာပါ။ ပြီးရင် အဲဒီကောင်းကွက်လေးတွေရဲ့ အရသာကို ခံစားပါ။ ပျော်စရာ ကောင်းပါတယ်။ ငြင်းဆန်လို့ မရတဲ့ လောကဓံတရားတွေနဲ့ ကြုံလာတဲ့အခါ အဲဒါတွေကို ပုံသဏ္ဍန် ပြောင်းပြီး လက်ခံနိုင်အောင် ကြိုးစားပါ။ နောက်ကြုံတဲ့အခါ ဥပမာတွေပေးပြီး ငါ အေးအေးဆေးဆေး မင်းကို ရှင်းပြပါဦးမယ်။ အခုတော့ မင်းကိုယ်တိုင်ပဲ ဆက်စဉ်းစားကြည့်ဦးပေါ့။

 

အရင်တခါတုန်းက ညီမျှခြင်းလေးတစ်ကြောင်းနဲ့ အဆုံးသတ်ထားတယ်။ အခုလည်း ငါစဉ်းစားမိထားတဲ့ ညီမျှခြင်း နှစ်ကြောင်း နဲ့မင်း ကိုရေးပြမယ်။

 

 

Event + Ego =Emotion

Emotion + Exit =Effect

ညီမျှခြင်း နှစ်ခု လုံးမှာ E တွေပါတော့ E ခြောက်လုံး သီအိုရီလို အမည်တပ်ချင်လည်း တပ်ပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ် (Ego) နဲ့ပေါင်းမကြည့်ရင် ဘာမှမဖြစ်ဘူး။ အဲ ပေါင်းမိပြီဆိုရင်တော့ စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက် (Exit) နဲ့တွေ့ရင်တော့ အပြင်ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေသက်ရောက်တော့တာပဲ။ အဲဒါလေးပါ။ ငါတို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကိုခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလိုက်ရှာပြီး မတွေ့မခြင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ … အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီ ဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ …. ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသော ထွက်ပေါက်ကိုပဲရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို လည်း အတ္တနည်းသထက် နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံးကတော့ အဖြစ် အပျက်တွေတိုင်းကို အတ္တ ထည့်မပေါင်းဘဲ သူ့အတိုင်း မြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါကတော့ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။ နောက်တော့ မင်းသိလာပါလိမ့်မယ်။ တချို့တွေပြောကြတာ မင်းကြားဖူးမှာပေါ့။ အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ အဲဒါကလည်း ညီမျှခြင်းထဲမှာ အကျုံးဝင်လိမ့်မယ်။ Exit ကိုလိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဥာဏ်ပညာ (Wisdom) ကိုထည့် ပေးလိုက်နိုင်မယ်ဆိုရင်တော့ အကျိုးဆက် (Effect) တွေကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောလို့ရတယ်။ မင်းလည်းလိုသလို ဆက်တွေးကြည့်ပေါ့။

 

ဒါပဲလေ။ နောက်တော့ ထပ်ပြောသေးတာပေါ့။

 

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။ ဥာဏ်ပညာကို တန်ဖိုးထားပါ။

 

မင်းရဲ့ ကိုလတ်

(၁၂.၅.၂၀၀၉)

 

နေဘုန်းလတ် 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
ညီလေးရေ (၂)
Sunday, 19 July 2009 02:14

Rating 3.2/5 (17 votes)