Home မျက်နှာဖုံးနှင့် အမှာစာ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1790
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13257
mod_vvisit_counterတစ်လအတွင်း7783
mod_vvisit_counterစုစုပေါင်6း39212
Join us in Facebook
Facebook Fanbox 1.5.x.0
မျက်နှာဖုံးနှင့် အမှာစာ

Views : 4018    

Favoured : 52

Rating 3.5/5 (11 votes)

Thanlwin Ain Mat သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၃)

အမှာစာ


အချိန်ကာလ ယန္တရားသည် တရွေ့ရွေ့ ခရီးနှင်နေဆဲ။ သို့နှင့် တစ်နှစ်ပြီး တစ်နှစ် အချိန်များ ကုန်ဆုံးကာ သံလွင်အိပ်မက်ပင် သက်တမ်း ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ အချိန်တံတားအောက်တွင် ရေများစွာသည် စီးဆင်းခဲ့လေပြီ။ ၅ နှစ် ဆိုသည့် ကာလမှာ လူ့သက်တမ်းနှင့် ယှဉ်လိုက်သော် အလွန်တိုတောင်းလှပေသည်။ အခက်အခဲများစွာကို ကျော်ဖြတ်ကာ ၅ နှစ် သက်တမ်း ပြည့်လာသောအခါ လှမ်းလျှောက်ခဲ့သော လမ်းကို ပြန်ပြောင်း ဆင်ခြင်ကာ ရှေ့ဆက်ရန်ကို ပြင်ဆင်ရသည်။ ၅ နှစ်ပြည့် သံလွင်အိပ်မက် အထူးအစီအစဉ်အနေနှင့် ကျွန်တော်တို့ အယ်ဒီတာ အသီးသီး၏ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများကို အခြေခံထားသည့် အက်ဆေးများကို ဖတ်ကာ သံလွင်အိပ်မက်ကို ခံစားနိုင်ရန် စီစဉ်ထားသည်။ အယ်ဒီတာ တစ်ဦးဖြစ်သူ နေဘုန်းလတ်ကမူ ဘားအံထောင်တွင်း၌ ရောက်ရှိနေဖြင့် အက်ဆေး ရေးသားပေးပို့နိုင်ခြင်း မရှိသော်လည်း သူ၏အခြားလက်ရာမွန်များဖြစ်သည့် ဝတ္ထုတိုတစ်ပုဒ်နှင့် ပေးစာတစ်စောင်တို့ကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။ သံလွင်နှင့်အတူ စီးဆင်းခဲ့သော စာရေးသူများ၏ လက်ရေးမူ သ၀ဏ်လွှာများကိုလည်း စုဆောင်းထည့်သွင်းပေးထားသည်။

သံလွင်အိပ်မက် သမိုင်းကို ပြန်ကြည့်ရင်း မြန်မာပြည်သမိုင်းကိုလည်း ပြန်လည် မျှော်ကြည့်မိသည်။ ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်များ ကျဆုံးခဲ့သော ၁၉ ဇူလိုင် ၁၉၄၇ သည် ယခုနှစ်တွင် ၆၂ နှစ် ပြည့်ခဲ့လေပြီ။ တိုင်းတပါး နိုင်ငံခြားသို့ ရောက်နေသူ အများကလည်း “သြော် .. အာဇာနည်နေ့တောင် ကျော်သွားပါရောလား၊ မေ့နေလိုက်တာ” ဟု ပြောမည့်သူတွေ များနေသည်။ တိုင်းပြည်တွင်းရှိ သူများကလည်း ကျောင်းပိတ်ရက် ရုံးပိတ်ရက်တစ်ရက်အဖြစ်သာ အဓိက မြင်တော့သည်။ ကျွန်တော်တို့တွေကလည်း အာဇာနည် ဆိုသော စကားလုံးကို အာဇာနည်ဆိုသော သူရဲကောင်းစိတ်ဓာတ်ထက် ပိုပြီး အလေးထားဖို့ ပြင်ဆင်နေမိတတ်သည်။ အာဇာနည်ဖြစ်ဖို့ထက် အာဇာနည်နေ့ကို တိုင်းပြည် အမှောင်ကျခဲ့သောနေ့ဟု တမ်းတလွမ်းဆွေးကာ စကားလုံးများနှင့် အလှဆင်ဖို့ ကြိုးစားနေတတ်သည်။ သမိုင်းကိုပြန်ကြည့်ကာ သမိုင်း၏ အမှားများကို အတုယူရမည်ဖြစ်သော်လည်း မယူနိုင်သေးပေ။ “သမိုင်းကိုသင်တာ မ အ အောင်လို့” ဟု ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးသည်။ အကျိုးအကြောင်း ဆက်စပ်ကာ မှားတတ်ပုံကို အတုယူရမည် ဖြစ်သော်လည်း အချို့ကမူ ကိုယ်ရေးသော သမိုင်းသာ အမှန်ဖြစ်ကြောင်း သူတပြန်ကိုယ်တပြန် ငြင်းခုန်နေဆဲရှိကြောင်း တွေ့ရသည်။

လမ်းကြောင်းမှန်ပေါ်သို့ တက်နိုင်ရန် အဓိက လိုအပ်နေသည့် အကြောင်းရင်းတစ်ခုမှာ ကိုယ်မှားနေကြောင်းသိရန်၊ လက်ခံရန် ဖြစ်သည်။ ခေါင်းဆောင်တို့အနေဖြင့် မိမိတို့ လက်ထက်တွင် တိုင်းပြည် မည်ရွေ့မည်မျှ တိုးတက်နေသည်၊ ဆုတ်ယုတ်နေသည်ကို အမှန်အတိုင်း ကြည့်တတ်ရန်လိုပေသည်။ အသစ်အသစ် ထပ်ကာတွေ့ရှိသော သယံဇာတများကို နည်းပညာ ပေါင်းစည်းခြင်းမရှိဘဲ ရောင်းချနေခြင်းသည်ပင် ဆင်းရဲခြင်း ထောင်ချောက်တွင်းသို့ ကျရောက်နေသည့် အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။ ခေါင်းဆောင်များသည် ချမ်းသာသည်ထက် ချမ်းသာကာ ပြည်သူအများစုသည် ဆင်းရဲသည်ထက် ဆင်းရဲလာခြင်းသည်ပင် တိုင်းပြည်ဆုတ်ယုတ်ခြင်းကို မြင်သာသော ပြယုဂ်တစ်ခုမဟုတ်ပါလော။

ကျွန်တော်တို့ မြန်မာပြည် မည်မျှ ဆင်းရဲကြောင်း၊ မည်သူ့ အပြစ်ကြောင့် ယခုလို ဆင်းရဲတွင်း နက်နေရကြောင်းကို မည်သူမည်ဝါကြောင့်ဟု ပြစ်တင် ဝေဖန်နေမည့် အစား ဤဆင်းရဲတွင်းနက်နက်မှ ရုန်းထွက်ရန် ဖြစ်နိုင်ခြေ နည်းလမ်းများကို မြန်မာပြည်သူ ပြည်သားအားလုံး အတူလက်တွဲ၍ အကောင်အထည် ဖော်နိုင်ကြစေရန် ရည်ရွယ်၍ ယခု သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၃) တွင် ဆင်းရဲမွဲတေမှု အကြောင်း အသားပေး၍ ဖော်ပြထားခြင်း ဖြစ်သည်။ “ဒီမိုး၊ဒီရေ၊ဒီလေ” အောက်ဝယ် “ဒီအစိုးရ၊ ဒီပြည်သူ၊ ဒီအုပ်ချူပ်ပုံစနစ်” တို့ ပေါင်းစပ်၍ ဆင်းရဲမွဲတေမှုပြဿနာကို မည်သို့မည်ပုံ တိုက်ဖျက်နိုင်မည်နည်း၊ မည်သည့် အတိုင်းအတာအထိ တိုက်ဖျက်ခွင့် ရမည်နည်း ဆိုသည့် မေးခွန်းများ အတွက် အဖြေရှာရခက်နေဆဲ ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဆင်းရဲမွဲတေမှုကို ထက်ဝက် လျော့ချနိုင်ရမည်ဟူသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ် စီမံကိန်း၏ ရည်မှန်းချက်များမှာ ကျွန်တော်တို့ မြန်မာပြည်နှင့် အလှမ်းကွာဝေးနေဆဲပင် ဖြစ်သည်ဟု သုံးသပ်မိပါသည်။
သံလွင်အိပ်မက် ဝိုင်းတော်သားများ
၅ နှစ်ပြည့် ကျေးဇူးတင်လွှာ

ကျွန်တော်တို့အတွက် ရုပ်ပြောင် ထိပ်ပြောင်ပုံများ ဆွဲပေးသော ကာတွန်း ပန်းချီဆရာ KNT၊ ဒီဇိုင်းများကို မညည်းမညူ ရေးဆွဲပေးသော ကိုဖြိုး၊ ရင်ဘတ်ချင်းတူစွာ စီးဆင်းခဲ့သော စာရေးသူများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ငါးနှစ်ပြည့်အထိ အစဉ်တစိုက် အားပေးလာကြသော ပရိသတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်သည့် ပုဂ္ဂိုလ်များအားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများက ကျေးဇူးတင်ရှိပါသည်။
User comments Quote this article in website Favoured Print Send to friend
Monday, 20 April 2009 22:59