အေဒီ ၃၀၀၀ လွန်ကာလ....
ဂြိုဟ်ပတ်လမ်းပေါ်က သက်ရှိတချို့ တည်ဆောက်ထားတဲ့ လွင့်မျော အဆောက်အအုံတစ်ခု မှာ ဖြစ်ပါတယ်။ တက္ကသိုလ် တစ်ခု၊ စာသင်ခန်း တစ်ခု၊ ဓါတ်ခွဲခန်း တစ်ခု၊ ရုပ်ရှင်ရုံ တစ်ခုနဲ့ ဆင်ဆင်တူတဲ့ အခန်းတစ်ခုမှာ သက်ရှိ ၃၀ခန့်က စားပွဲနဲ့ တူတဲ့ အရာတစ်ခုစီနဲ့ ကုလားထိုင် တစ်ခုစီမှာ ထိုင်ကြပြီး၊ သူတို့ရှေ့မှာ လက်သည်းပြင်ထက် ပါးလွှာတဲ့ ဖန်ပြားတစ်ခု ရှိပါတယ်...။
ခင်ဗျားတို့ အသက်ရှူ လေ့ကျင့်ခန်းပြီးရင် စိမ်းလန်းခဲ့သော ကမ္ဘာဆိုတဲ့ သင်ခန်းစာအကြောင်း သင်မယ်... ။ အဲဒါဟာ ခေတ်သစ် သိပ္ပံခေတ်ဦးမှာ နေဂလက်ဆီတစ်ခုရဲ့ Earth ဆိုတဲ့ ဂြိုဟ်တစ်ခုပေါ်က တကယ့် အဖြစ်အပျက် တစ်ခုပါ။ အဲဒီဂြိုဟ်က ဆွဲငင်အားကောင်းပြီး ဂြိုဟ်ရဲ့အပေါ်ယံအလွှာကို လေထုက ၀န်းရံထားတယ်။ ပြီးတော့ နေရောင်ခြည် သင့်တင့်မျှတစွာ ကျရောက်ပါတယ်။ ပင်လယ်နဲ့ ကုန်းမြေ၊ ရေခဲတောင်နဲ့ မီး တောင်၊ သဲကန္တာရနဲ့ ရွှံ့နွံအိုင်တို့ ပါဝင်ပါတယ်။ ခင်ဗျားတို့ အခုလိုကြားရင် ဘာသာရေးကျမ်းစာ ထဲက နတ်စည်းစိမ်လားလို့ ထင်မှတ်ကြပါလိမ့်မယ်။ ဒါဟာ အမှန်တကယ် ဖြစ်ပေါ်ခဲ့တာပါ။ ကြမ်းတမ်းခက်ထန်တဲ့ စကြာဝဠာကြီးရဲ့ ညီညွှတ် မျှတတဲ့ သမပိုင်းဇုန် တစ်ခုဟာ လောကနိဗ္ဗာန်အသွင် အဲဒီဂြိုဟ်ဝါကြီးပေါ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒါကြောင့် သက်ရှိ သန်းပေါင်းများစွာ ရှင်သန် နေထိုင်နိုင်ခဲ့ခြင်းပါပဲ။ အဲဒီ သက်ရှိတွေရဲ့ အားထုတ်မှုကြောင့် သမိုင်းဖြစ်ရပ်တွေ၊ အဆောက်အအုံဟောင်း၊ လေ့လာသင်ကြားစရာ ကျမ်းစာအုပ်တွေ၊ ဘာသာတရားတွေ၊ စကြ၀ဠာကြီးရဲ့ သမိုင်းအစတွေကို လေ့လာခွင့်ရခဲ့တယ်။ အဲဒီ သက်ရှိတွေထဲက လူဆိုတဲ့ မျိုးနွယ်ကြောင့် ကျုပ်တို့ လက်ရှိ အသုံးပြုနေတဲ့ စကြာဝဠာမြေပုံကို ရရှိတာပါ။ သူတို့ဟာ ပင်လယ်၊ သမုဒ္ဒရာဆိုတဲ့ ရေပြင်ကျယ်ကြီးပေါ်မှာ အဆောက်အအုံငယ်လေးတွေနဲ့ သွားလာလှုပ်ရှားရင်း အနားသတ်မျဉ်း မရှိတဲ့အရာတွေကို စံတန်ဖိုး သတ်မှတ်မျဉ်းကြောင်း တချို့ အနားသတ်ပြုလုပ်ပြီး မြေပုံ ဆွဲတတ်ခဲ့တာပါ။ အဲဒါဟာ ဒီကနေ့ ခေတ်သစ် စကြာဝဠာမြေပုံကို အထောက်အကူပြုစေပါတယ်။
အဲဒီ လူဆိုတဲ့သက်ရှိဟာ သူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို အကြိမ်ကြိမ် ရန်ပြု တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါဟာ သူတို့အခေါ် ၂၀ ရာစုနဲ့ ၂၁ ရာစုဆိုတဲ့ ကာလတွေမှာပါ။ ဒါဟာ သူတို့ ရဲ့ တွေးခေါ်မြော်မြင်တတ်မှုကို ထိပ်တိုက် စိန်ခေါ်မှုတွေနဲ့ သဘာဝတရားအပေါ် မသိ နားမလည်စွာ စီးနင်း သိမ်းပိုက်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုး တစ်ခုပါ။ သူတို့ဟာ ကြွားဝါလိုကြပြီး၊ အချင်းချင်း စည်းလုံး ညီညွတ်မှုလည်း ပျက်ပြယ်ခဲ့တယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံအလွှာကို မညှာမတာ ထိုးခွဲပြီး အဆိပ်သင့်နေတဲ့ မျိုးဗီဇတွေနဲ့ အလွန်အကျွံ ထွန်ယက်စိုက်ပျိုးခဲ့ကြတယ်။
မြေကြီး အတွင်းသားထဲက ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်သတ္တု၊ ကျောက်မျက်တွေနဲ့ သက်တမ်းရင့် မြေစိုင်၊ မြေခဲတို့ကို တူးဖော် အသုံးပြုခဲ့ကြတယ်။ နှစ်သန်းပေါင်းများစွာ အချိန်ယူ ဖွဲ့တည်ထားတဲ့ အရာတွေ အားလုံး ရာစုနှစ် နှစ်စုအတွင်းမှာပဲ အလွန်အကျူး သုံးစွဲခဲ့ကြပါတယ်။ အဆိုးဝါးဆုံးက အနုမြူ၊ ပလတ်စတစ်နဲ့ ကာဗွန်တို့ကို အလွန်အကျွံ သုံးစွဲခြင်းပါ။ ဒါ့အပြင် သက်ရှိ အားလုံးရဲ့မိတ်ဆွေရင်းများဖြစ်တဲ့ သစ်ပင်တွေကို ခုတ်လှဲပြီး၊ လူဆိုတဲ့ သတ္တ၀ါဟာ သူတို့အတ္တ အတွက် လွန်ကဲစွာ သုံးစွဲခဲ့ကြတယ်။ အကျိုးရလဒ်အားဖြင့်ကတော့ အေဒီ ၂၀၀၀ အလွန်မှာ သဘာဝ တရားရဲ့ တွန်းလှန်ခြင်းကို စတင် ခံစားခဲ့ရပါတယ်။ ပင်လယ်မျက်နှာပြင် ရေအောက်မှာ ပြတ်ရွှေ့ကြောတွေဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိန်အပိုင်းအစလေးမှာ လှိုင်းလုံးကြီးတွေ ဖြစ်လာတယ်...မုန်တိုင်း တိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေခဲတောင်များ အဆမတန်အရည်ပျော်ခြင်း၊ မြစ်ကြီးတွေကောပြီး သဲကန္တာရတွေ ပိုမိုဖြစ်ထွန်းလာခြင်းတွေ ဖြစ်လာတယ်။ ဒါဟာ ပထ၀ီပျက်ပြီး အာပေါ၊ ၀ါယော၊ တေဇောပါ ပြန်လည်ပြု ပြင်ရတာပါ။ အဲဒီ အချိန်ကာလအတွင်းမှာ လူသတ္တ၀ါနဲ့ တခြားသက်ရှိတွေဟာ ဆိတ်သုဉ်း လုနီးပါး သေကြေပျက်စီးခဲ့ရပြီး သဘာဝ တရားနဲ့ သင့်တင့်မျှတဖို့ နှစ်ပေါင်းများစွာ ပြန် လည်တည်ဆောက်ယူခဲ့ရပါတယ်။ အဲဒီ က ကျန်ရှိသူတွေထဲကနေ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြန်လည် ဆင်းသက်လာခဲ့တာပါ...။
ဒီသင်ခန်းစာဟာ ရင့်ကျက်တဲ့ ဟူးမန်း ရိုဘော့တီယန်းတွေ အတွက် သီးသန့်ဖြစ်ပြီး နှလုံးသားပါတဲ့ ဟူးမန်း ကလုံးနီးယန်းတွေအတွက် မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ဘိုးဘွား မျိုးနွယ်တွေအပေါ် အလွန်အကျူး အကောင်းမြင်တတ်လို့ပါပဲ။ သင်ခန်းစာပြီးပါပြီ...။ အောက်စီဂျင်ကို သုံးစွဲဖို့ မိနစ်လက်တံ တစ်ပတ် ရပါမယ်။ ဗီတာမင်ဆေးပြားတွေ ခင်ဗျား တို့ကို ပေးဝေထားပြီးပြီ ဖြစ်တဲ့အတွက် အစာကြမ်းဖြစ်တဲ့ ပေါင်မုန့်နဲ့ဒိန်ခဲကို သုံးစွဲခွင့် မရတော့ပါဘူး။ အစာချေရတာ လေ့လာသင် ကြားရေးကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ပါမောက္ခချုပ်က ဆုံးဖြတ်ထားပါတယ်။
ကောင်းသောညနေခင်းပါ ဟူးမန်းရိုးဘော့ တီယန်းများ..။