Home ဆောင်းပါးများ သိထားသင့်တဲ့ စင်ကာပူ (၆)
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1573
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9759
mod_vvisit_counterတစ်လအတွင်း25328
mod_vvisit_counterစုစုပေါင်6း56758
Join us in Facebook
Facebook Fanbox 1.5.x.0
သိထားသင့်တဲ့ စင်ကာပူ (၆)

Views : 2399    

Favoured : 34

Rating 3.1/5 (9 votes)

သိထားသင့်တဲ့ စင်ကာပူ (၆)
မောင်ပွတ်

 

About S'pore (Mr.Pooh, မောင်ပွတ်)သံလွင်အိပ်မက် မဂ္ဂဇင်းမှာ “သိထားသင့်တဲ့ စင်ကာပူ” ဆောင်းပါးတွေကို ထည့်သွင်း ဖော်ပြလာခဲ့တာ ဒီတစ်ကြိမ်နဲ့ဆို ၆ ကြိမ်ရှိ လာခဲ့ပါပြီ။ စင်ကာပူရဲ့ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ နေထိုင်မှု၊ အလုပ်အကိုင်  အခွင့်အလမ်း စတာတွေကို ဖော်ပြခဲ့ပြီးဖြစ်လို့ ဒီအပတ်မှာတော့ ငွေကြေးနဲ့ ဘဏ်တွေ အကြောင်း လက်လှမ်းမီသလောက် တင်ပြ
လိုက်ပါတယ်။


စင်ကာပူနိုင်ငံဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ခွဲထွက်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဧပြီလမှာ နိုင်ငံသုံး ငွေကြေးကော်မရှင်ဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး ပထမဆုံးသော စင်ကာပူဒေါ်လာနဲ့ အကြွေစေ့တွေကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ အချိန်တုန်းကတော့ စင်ကာပူဒေါ်လာဟာ မလေးရှားသုံး ရင်းဂစ်ငွေ၊ ဘရူနိုင်းသုံး ဒေါ်လာတွေနဲ့ တန်ဖိုးတူဖြစ်ပြီး လဲလှယ်အသုံးပြုနိုင်တဲ့ စာချုပ်ကိုလည်း သုံးနိုင်ငံ သဘောတူ ချုပ်ဆိုခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ အဲဒီစာချုပ်ကနေ မလေးရှားက နှုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်အထိ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံသုံး ငွေကြေးကတော့ တန်းဖိုးဆ တူဖြစ်နေဆဲပဲဖြစ်ပါတယ်။ စင်ကာပူမှာ အောက်ပါငွေစက္ကူနဲ့ အကြွေစေ့တွေ သုံးစွဲပါတယ်။


Singapore Bank Notes (Currnecy)ငွေစက္ကူ - $1, $2, $5, $10, $50, $100, $1000 (အသုံးနည်းသောငွေစက္ကူများ - $20, $25, $500, $10000)
အကြွေစေ့ - 1ct, 5ct, 10ct, 20ct, 50ct, $1
 
 
ငွေစက္ကူတွေရဲ့ မျက်နှာစာမှာတော့ စင်ကာပူရဲ့ ပထမဆုံး နိုင်ငံတော်သမ္မတ Yusof bin Ishak ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေထားပါတယ်။
 
 
စင်ကာပူမှာ အဓိကအနေနဲ့ UOB (United Overseas Bank), OCBC (Oversea-Chinese Banking Corporation Limited), DBS (The Development Bank of Singapore Limited), POSB (Post Office Savings Bank), ဗြိတိန် အခြေစိုက် HSBC (Hongkong and Shanghai Banking Corporation), အမေရိကန်ပိုင် CITI Bank နဲ့ မလေးရှားဘဏ်ကြီးဖြစ်တဲ့ MAY Bank တို့ဟာ လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဘဏ်ကြီးတွေဖြစ်ပါတယ်။ RHB, Standard Charter တို့လို အခြားဘဏ်တွေရှိသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ ဘဏ်တွေလောက် အသုံးမများကြပါဘူး။ အဲဒီဘဏ်တွေထဲမှာမှ UOB ဘဏ်ဟာ ၂၀၀၁ ခုနှစ်မှာ OUB ဘဏ်ကို အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံနဲ့ ဝယ်ယူပြီးနောက် အကြီးဆုံး ပြည်တွင်းဘဏ်ကြီးအဖြစ် ရပ်တည်နေပါတယ်။ DBS နဲ့ POSB ဘဏ် ၂ ခုဟာလည်း ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းပြီးဖြစ်လို့ ဘဏ်တစ်ခုတည်းအနေနဲ့ စဉ်းစားနိုင်ပါတယ်။


စင်ကာပူနိုင်ငံသားတွေရော၊ လာရောက် အလုပ်လုပ်ကြသူတွေ၊ ကျောင်းတက်ကြသူတွေ အားလုံးမှာ အနည်းဆုံး Savings ဘဏ်အကောင့် (ဘဏ်စာရင်း) တစ်ခုစီတော့ ရှိကြရပါတယ်။ စင်ကာပူမှာ  ငွေသားကိုင်ပြီး သုံးစွဲတာ အတော်နည်းပြီး အသေးသုံးငွေက အစ  NETS လို့ခေါ်တဲ့ ဘဏ်ကဒ်နဲ့ ပေးလေ့ရှိပါတယ်။  NETS နဲ့ သုံးလို့ရတဲ့ အနည်းဆုံး တန်ဖိုးတွေကတော့ ဆိုင်တွေပေါ်မှာ မူတည်ပြီးပြောင်းတတ် ပါတယ်။ ဥပမာ တချို့ဆိုင်များမှာ ၂ဒေါ်လာက စပြီး NETS နဲ့ပေးလို့ရပြီး တချို့ဆိုင်များမှာတော့ အနည်း ၁၀သုံးမှ NETSနဲ့ ပေးလို့ရမှာ ဖြစ်ပါတယ်။  NETS & ATMNETS (Network for Electronic Transfers) ကဒ်တွေကို ဘဏ်မှာ အကောင့်ဖွင့်တဲ့အခါ တခါတည်းပေးလေ့ရှိပါတယ်။ အချို့ဘဏ်တွေ (ဥပမာ HSBC ဘဏ်) ကတော့ NETS ကဒ်ရယ်လို့ သီးသန့်မရှိဘဲ Debit ကဒ် ဒါမှမဟုတ် Credit ကဒ်တွေကို NETS အနေနဲ့ သုံးနိုင်ပါတယ်။ NETS ကဒ်ကို အသုံးပြုဖို့ ဂဏန်း ၆ လုံး သို့မဟုတ် ၅ လုံးပါတဲ့ လျှို့ဝှက်နံပတ် (PIN Number) ရှိရပါတယ်။ NETS ကဒ်တွေကို နိုင်ငံအဝှမ်းက ငွေပေးချေမှုမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ ငွေပေးချေမှုတစ်ခု လုပ်လိုက်တာနဲ့ ပေးချေတဲ့ တန်ဖိုးငွေပမာဏကို ကိုယ့်ရဲ့ ဘဏ်စာရင်းထဲကနေ ချက်ချင်းနှုတ်ယူလိုက်တဲ့ စနစ်ဖြစ်ပါတယ်။ NETS စနစ်ရှိနေတာကြောင့် ငွေသားများများ ကိုင်ဆောင်ထားစရာမလိုသလို ပျောက်ဆုံးသွားမှာ၊ ခိုးယူခံရတာ အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကနေလည်း ကင်းလွတ်နိုင်ပါတယ်။ တကယ်လို့ ငွေသားလိုတယ်ဆိုရင်တော့ NETS ကဒ်ကို အသုံးပြုပြီး ATM (Automated Teller Machine) တွေမှာ ငွေသားထုတ်ယူနိုင်ပါတယ်။ ထုတ်ယူနိုင်တဲ့ ပမာဏကတော့ ဘဏ်ပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ATM စက်တွေကို ရထားဘူတာ၊ ဈေး၊ Shopping Mall စတဲ့ လူစည်ကားရာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ POSB နဲ့ DBS ဘဏ်တွေရဲ့ ATM စက်တွေကို အများဆုံးတွေ့နိုင်ပြီး UOB ATM တွေက ဒုတိယနေရာက ရှိပါတယ်။ တယ်လီဖုံးဘီလ်၊ ရေဖိုး၊ မီးဖိုး၊ ဒဏ်ကြေးငွေ အစရှိတဲ့ ငွေပေးချေမှုတွေကိုလည်း NETS ကဒ်အသုံးပြုပြီး အလွယ်တကူပေးနိုင်ပါတယ်။
 
ဘဏ်တွေနဲ့ ဆက်စပ်ပြီး ရယူနိုင်သေးတဲ့ အခြားကဒ်တစ်မျိုးကတော့ Credit ကဒ်ပဲဖြစ်ပါတယ်။ အကြွေးဝယ်ကဒ်လို့လည်း မြန်မာမှုပြုကြပါတယ်။ Credit ကဒ်အသုံးပြုသူတွေအနေဲ့ အဲဒီကဒ်နဲ့ ငွေပေးချေမှု လုပ်တဲ့အချိန်မှာ ကိုယ်ပိုင်ပိုက်ဆံ ဘဏ်ထဲမှာ ရှိနေစရာမလိုပါဘူး။ ပေးချေးမှုပုံစံကိုလိုက်ပြီး လကုန်တဲ့အခါ ဒါမှမဟုတ် သတ်မှတ်အချိန်ကာလတစ်ခုမှာ ငွေတောင်းခံလွှာလာမှ ပြန်ပေးရတာဖြစ်ပါတယ်။ စင်ကာပူမှာ Credit Card လျှောက်ထားလိုသူတွေဟာ ဘဏ်တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဓိက လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ နိုင်ငံသား(သို့) အမြဲတမ်းနေထိုင်ခွင့် (PR) ကဒ် ၊ လစာဝင်ငွေ အထောက်အထားပြစာရွက်တွေဖြစ်တဲ့ လစဉ်ဝင်ငွေပြ Pay Slip (သို့) စင်္ကာပူအခွန်ကြီးကြပ်ရေးရုံးမှ ရရှိထားသော အခွန်ပြေစာ (သို့မဟုတ်) CPF အတွင်းသို့ လစဉ်ထည့်သွင်းထားငွေ စာရင်း တစ်ခုခု ပြရန်လိုအပ်ပါတယ်။ ဘဏ်တော်တော်များများရဲ့ သတ်မှတ်ထားတဲ့ တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ သုံးသောင်းပြည့်မှီမှသာ Credit card များကို ထုတ်ပေးပါတယ်။ ဒါပေမယ့် ဘဏ်တွေအပေါ်လည်းမူတည်ပါသေးတယ်။ UOB နဲ့ Citi bank တို့ဟာ credit card ကို လွယ်လွယ်ကူကူနဲ့ ထုတ်ပေးပြီး တခြားဘဏ်များက ရရှိရန်ခက်ခဲတယ်လို့လည်း ကြားသိရပါတယ်။ Credit ကဒ်တွေရဲ့ ချေးယူနိုင်သော ပမာဏမှာ မိမိ၏ လစာပေါ်မူတည်၍ စင်္ကာပူဒေါ်လာ သုံးထောင်မှ တစ်သောင်းကျော်ထိရရှိကြပါတယ်။ ပုံမှန်လစဉ် နှစ်ထောင့်ငါးရာ လစာ ၀င်သူတွေအတွက် credit limit က စင်္ကာပူဒေါ်လာ ငါးထောင် ၀န်းကျင်ရှိပါတယ်။ စင်္ကာပူမှာ အဓိကသုံးတဲ့ credit card တွေကတော့ ဘဏ်တော်တော်များများ ချိတ်ဆက်ထားသော Master, VISA, Diner နဲ့ Amex တို့ ဖြစ်ကြပြီး JCB, Discover တို့မှာ အလွန်အသုံးနည်းပါတယ်။ နှစ်စဉ်ဝင်ငွေ သုံးသောင်းပြည့်မှီခြင်းမရှိတဲ့သူတွေအတွက် Citi bank မှ ပေးသော Credit card တစ်ခုရှိပြီး အဲဒီ card ရဲ့ credit limit ဟာ စင်္ကာပူဒေါ်လာ ငါးရာသာ ရရှိပါတယ်။ Debit ကဒ်ကတော့ Credit ကဒ်လိုပဲ လက်မှတ်ထိုး အသုံးပြုနိုင်ပေမယ့် ကိုယ့်ဘဏ်စာရင်းထဲမှာ ငွေရှိနေရမှာဖြစ်ပါတယ်။ Debit ကဒ်ကို ဘဏ်တော်တော်များများမှာ လွယ်လင့်တကူပဲ လျှောက်ထားနိုင်ပါတယ်။


နောက်ထပ်သိထားသင့်တဲ့ ငွေကြေးကိစ္စတစ်ခုကတော့ ဘဏ်ချေးငွေကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ဝယ်၊ ကားဝယ်လုပ်ကြတဲ့အခါ၊ ကျောင်းတက်ကြတဲ့အခါမျိုးမှာ ဘဏ်တွေကနေ အတိုးနှုန်းတစ်ခုနဲ့ ချေးယူနိုင်ကြပါတယ်။


အိမ်ဝယ်တဲ့အခါ HDB Loan နဲ့ Bank Loan ဆိုပြီး နှစ်မျိုးရှိပါတယ်။ တနည်းအားဖြင့် HDB Loan ဆိုတာဟာ အစိုးရဆီမှ ချေးငွေဖြစ်ပြီး Bank Loan ကတော့ ပုဂ္ဂလိကဘဏ်များကနေ ချေးငွေဖြစ်ပါတယ်။ ငွေချေးလိုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နှစ်စဉ်ဝင်ငွေ၊ မိသားစုအခြေအနေတွေ ပေါ်မူတည်ပြီး  အိမ်တန်ဖိုးရဲ့ ၈၀% ကနေ ၉၀% ခန့်ထိ ချေးယူနိုင်ပါတယ်။ အဲဒီချေးငွေကို ယေဘုယျအနေနဲ့ အများဆုံး နှစ်သုံးဆယ်အတွင်း အရစ်ကျ ပြန်ပေးရမှာဖြစ်ပါတယ်။ အတိုးနှုန်းတွေကတော့ ဘဏ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိတတ်ပါတယ်။ တစ်နှစ်ကို ချေးငွေရဲ့ ၂% ကနေ ၄% ခန့်အထိ လောက် ပေးရတတ်ပါတယ်။


ကားဝယ်ချင်လို့ ချေးယူတဲ့ Car Loan တွေမှာလည်း အထက်မှာ ဖော်ပြခဲ့သလို စီပွားရေးအခြေအနေပေါ်မူတည်ပြီး ဘဏ်တွေက ကားတန်ဖိုးရဲ့ ၁၀၀% ဒါမှမဟုတ် ၉၀% ခန့်အထိကို ကားဝယ်ယူသူ (ငွေချေးလိုသူ) ကိုယ်စား ကားကုမ္ပဏီကို ကြိုတင်ပေးထား ပေးကြပါတယ်။ အဲဒီချေးငွေကို အကြာဆုံး ၁၀ နှစ်အတွင်း အရစ်ကျပြန်ဆပ်လို့ရပါတယ်။ အတိုးနှုန်းကတော့ များသောအားဖြင့် ၂.၄၅% ခန့်ရှိပါတယ်။ ဒီ Housing Loan နှင့် Car Loan တွေ ချေးယူနိုင်ဖို့ စင်ကာပူနိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူဖြစ်ဖို့လိုအပ်ပြီး ၀င်ငွေအထောက်အထားတွေကိုလည်း ခိုင်ခိုင်မာမာပြဖို့ လိုအပ်ပါတယ်။


ကျောင်းတက်ဖို့ ချေးယူလိုတဲ့ Education Loan ကိုတော့ နိုင်ငံခြားသားများကပါ ချေးယူခွင့်ရှိပြီး အထူးသဖြင့် အစိုးရပိုင်ကျောင်းတွေကို တက်ရောက်ခွင့်ရတဲ့ ကျောင်းသားတွေအတွက် တော်တော်လေး လွယ်လွယ်ကူကူ ချေးယူလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ချေးယူထားတဲ့ ငွေရဲ့ အတိုးကို ကျောင်းပြီးတဲ့အခါမှ စယူလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျောင်းတက်နေတဲ့ ကာလတလျှောက် အတိုးရော အရင်းပါ ပေးစရာမလိုသေးဘဲ ကျောင်းပြီးသွားမှသာ စတင်ပြီး ပေးရပါမယ်။ အခုလို အသုံးများတဲ့ ဘဏ်ချေးငွေတွေအပြင် မင်္ဂလာဆောင်အတွက် ချေးယူနိုင်တဲ့ Marriage Loan ၊ မိမိ၏ အိမ်ကို ပြုပြင်ရန်အတွက်ချေးယူနိုင်တဲ့ Renovation Loan ၊ မိမိလိုအပ်လျှင် လိုအပ်သလို ငွေသားသက်သက် ချေးယူနိုင်သော Personal Loan စတာတွေလည်း ရှိပါသေးတယ်ဆိုတာကို တင်ပြရင်း သိထားသင့်တဲ့ စင်ကာပူ (၆) ကို အဆုံးသတ်လိုက်ရပါတယ်။
 
သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၁) - သယ်ယူပို့ဆောင်ရေး
သံလွင်အိပ်မက် အတွဲ (၂) ၊ အမှတ် (၃) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၂) - နေထိုင်မှုစနစ်
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၁) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၃) - ပညာရေး
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၂) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၄) - အလုပ်အကိုင် အခွင့်အလမ်းများ 
သံလွင်အိပ်မက် အတွဲ (၃) ၊ အမှတ် (၃) တွင် ဖော်ပြခဲ့သော သိထားသင့်တဲ့ စင်ကာပူ (၅) - အလုပ်အကိုင် အခွင့်အလမ်းများ (နောက်ဆက်တွဲ)  

 

မောင်ပွတ်
(လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်စွက်ပေးတဲ့ ကိုစည်သူ(သံလွင်)ကို ကျေးဇူးတင်ပါတယ်)

Ref: Wikipedia.org
User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Sunday, 15 November 2009 00:37