Home ဆောင်းပါးများ မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1470
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9656
mod_vvisit_counterတစ်လအတွင်း25225
mod_vvisit_counterစုစုပေါင်6း56654
Join us in Facebook
Facebook Fanbox 1.5.x.0
မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ

Views : 2536    

Favoured : 41

Rating 3.8/5 (10 votes)


မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ

ရေးသားသူ -S.S

Thanlwin Ain Matအခုဆိုရင် မြန်မာဘလောဂ့် လောကမှာ ဘလောဂ့်ရေးသူတွေ များပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကို ခွဲခြားစိတ်ဖြာ ကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒိုင်ယာရီသဘောမျိုး ရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက် ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကို အသုံးချပြီး အဖွဲ့အစည်းအရ တိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရ တိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။

ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ ခေါ်ခံခဲ့ရတဲ့ ပြည်သူတွေကတဆင့် မြန်မာပြည်က သတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင် တော်လှန်ရေးအပြီး တစ်နှစ်ကျော် ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ်။ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ ဗဟုသုတ နည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသ ၀န်းကျင်ဟာလည်း နာမည်ကြီး စာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာ ပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်း ခင်မင်ရင်းနှီးမှုတွေ ရှိကြတယ် ၊ ဘလော့ဂါ စင်မီနာတို့ ဘလော့ဂါ ဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေ အသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူ တွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေ ပြည့်ကျပ်လာတယ် ။ အဲလို အခြေအနေတွေကြား စဉ်းစားသင့်တဲ့ အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေး ချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။

တနေ့တခြား တိုးပွားလာတဲ့ မြန်မာဘလောဂ့်တွေကြား ဘယ်သူမှ စဉ်းစားမိပုံမရတဲ့ မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာ ဘလောဂ့်လောကနဲ့ ယှဉ်ရင် ဘယ်လို အဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲ ဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီ အဆင့်အတန်း ဆိုတာဟာ ဘန်နာ ဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခု ရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့် ဘယ်လောက်ရှိနိုင်တယ် ဆိုတာထက် ၊ ဘလောဂ့်ကို ဘယ်လိုလှပအောင် မွမ်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိ အခြေအနေ ပိုတိုးတက်ဖို့ ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်ဖို့ ဘယ်လို ပံ့ပိုးနေသလဲ ဆိုတာပဲ ဖြစ်ပါတယ် ။

Thanlwin Ain Mat နိုင်ငံတကာရဲ့ ဘလောဂ့်လောကကို လေ့လာမယ်ဆိုရင် ပထမဆုံး စိတ်ဝင်စားစရာ အချက်ကတော့ ဘလောဂ့်တွေကို ပညာရေး နယ်ပယ်တွေမှာ အသုံးပြုလာကြတာပါပဲ ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခုခေတ်မှာ ကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ် ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက် စီးနင်းလိုက်ပါ နေကြသူတွေ ဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့ သင်ကြား လေ့လာမှုတွေမှာ သူတို့ ယဉ်ပါးတဲ့အရာတွေကို အထောက်အကူ အဖြစ်သုံးရင် ပိုထိရောက်မှု ရှိနိုင်တယ်လို့ ပညာရေးပိုင်း လေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့် သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန် နှီးနှောဖလှယ်သည့် သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသား ကျောင်းသူတွေကြား ဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တစ်ယောက်တည်း သင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ် စိတ်ကူးတွေနဲ့ ပံ့ပိုးပြီး တည်ဆောက်မယ် ဆိုရင် သင်ယူခြင်းမှာ ပိုပြီးထိရောက်နိုင်ပြီး အသိပညာ ပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်း လေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလို လုပ်နိုင်ဖို့ ဘလောဂ့်တွေကို အသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။

ဒါကြောင့် နိုင်ငံတကာ ဘလောဂ့်လောကမှာ ပညာရေး ဘလောဂ့်တွေပဲ သီးသန့်  စုပေါင်းထားတဲ့ နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီ နေရာဟာ ဆရာ၊ဆရာမတွေ ကျောင်းသားတွေ အတွက် စာသင်ကြားရာမှာ ဘလောဂ့်ကို အလွယ်တကူသုံးနိုင်ဖို့ သီးသန့် တည်ထောင် ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာ ဘလောဂ့်ပေါင်း နှစ်သိန်းကျော် အထိရှိနေပါပြီ ။ သူတို့ဟာ ဘလောဂ့်တွေကို စာသင်ကြားရေးပိုင်းမှာ ဘယ်လို အသုံးချကြပါသလဲ ။

သင်္ချာဆရာ တစ်ယောက်က ထောင်ထားတဲ့ Mathblog မှာ တစ်နေ့တာ အတန်းထဲမှာ သင်လိုက်တဲ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာ ပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည် ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြား ကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေ ၀င်ရေးရင်း ဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ အင်တာနက်ပေါ်က ၀ဘ်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာ ပေးပြီး ဝေမျှကြပါတယ်။ ကျောင်းသားချင်း ရှင်းပြထားတဲ့ အရေးအသားဟာ သူတို့ချင်း နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုံးတွေကို သုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲက ရှင်းပြ ထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သင်္ချာဆရာရဲ့ ပါဝင်မှုက ကျောင်းသားတွေရဲ့ တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါ ၀င်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကိုယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို ပို့စ်အနေနဲ့ တင်ပေးပါတယ် ။ အဲလို လုပ်တဲ့အခါ ကျောင်းသားနဲ့ ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ဖြစ်လာပြီး ဆရာနဲ့ ကျောင်းသားကြားမှာ တသီးတသန့်ကြီး ဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမို ရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့ အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာ ထောက်ပြရဲလာပါတယ် ။ အဲလို ဘလောဂ့်မျိုးကို သင်္ချာဘာသာ တင်သာမက သိပ္ပံ ၊ ပထ၀ီ ၊ သမိုင်း စတဲ့ ဘာသာရပ် အမျိုးမျိုးမှာ အသုံးပြု ထားတာတွေ တွေ့ရပါတယ် ။

Thanlwin Ain Mat ဆရာ၊ဆရာမတွေ သုံးတတ်တဲ့ နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့ သဘောမျိုးပါပဲ ။ နောက်ထပ် သင်္ချာဆရာမ တစ်ယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာ အတန်းထဲမှာ သင်ကြားခဲ့တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ၊ လေ့ကျင့်ခန်း ထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေ သိသင့်တဲ့ တခြား အရေးကြီးတဲ့ အစီအစဉ်တွေ အကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေ အတန်းထဲမှာ ဘာတွေ သင်နေတယ် ဘာတွေ လုပ်ကြမယ် ဆိုတဲ့ အစီအစဉ်တွေ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတဲ့ မှတ်တမ်းတွေနဲ့ ဓါတ်ပုံတွေကို မိဘတွေ သိအောင် ဘလောဂ့်ကို သုံးပြီး ဝေမျှပါတယ် ။

နောက်တမျိုး ကတော့ အင်္ဂလိပ်စာ သင်ကြားရာမှာ ဖြစ်ဖြစ် ၊ ဘာသာစကား တခုခုကို သင်ကြားရာမှာ ဖြစ်ဖြစ် ဘလောဂ့်ကို အွန်လိုင်းဒိုင်ယာရီ အဖြစ် နေ့စဉ် ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင် ကျောင်းသားအချင်းချင်း အပြန်အလှန် ဖတ်ကြ ကွန်မန့်တွေ ရေးကြနဲ့ ဘာသာစကား တခုကို ပေါ့ပေါ့ပါးပါးနဲ့ သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလို ကိုယ်ရေးချင်တာကို ရေးတဲ့အခါ ရေးတဲ့သူ အတွက်လည်း ဘာရေးရမှန်းမသိ ဖြစ်နေတာမျိုး မရှိတော့သလို ဖတ်တဲ့သူ အတွက်လည်း ဖတ်စာအုပ်ထဲက စာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့် အဖြစ်အပျက်တွေကို ဖတ်နေရတဲ့ အတွက် စိတ်ဝင်စားမှု ရှိစေပါတယ် ။

ဘလောဂ့်ဆိုတာ ပညာရေးပိုင်းမှာ သာမက အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေ ပညာသည်တွေက သူတို့ အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ် ။ အဲလို ဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန် ဘလောဂ့်တွေမှာ ရေးထားတဲ့ အကြောင်းအရာတွေလို မဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့ အရည်အချင်း (credibility) အပြည့်အ၀ ရှိပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒီဘလောဂ့်ကို ရေးသားသူတွေဟာ သူတို့ ရေးသားထားတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ နယ်ပယ်မှာ ယုံကြည်ရတဲ့ အရည်အချင်း ရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေ သဘောနဲ့ ဖတ်တာ မဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာ နေရာတစ်ခု ဖြစ်လာပါတယ် ။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်ရှိပြီး အဲဒီနိုင်ငံတွေက ပညာတွေ အလုပ်အတွေ့အကြုံတွေ ရရှိထားတဲ့ မြန်မာဘလောဂါ့တွေ ဟာလည်း ကိုယ်နဲ့ သက်ဆိုင်ရာ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလို ဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီ နည်းပညာပိုင်းကို လေ့လာ သင်ကြားနေတဲ့ တက်သစ်စ မျိုးဆက်တွေကို သင်ကြားပို့ချရာ နေရာ၊ အဲလို နည်းပညာပိုင်းမှာ လုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့် သင်ယူခြင်းမျိုးနဲ့ အတူ မြန်မာပြည် တိုးတက်ရေး အတွက်လည်း တီထွင်ကြံဆ စိတ်ကူးဥာဏ်တွေကို တစစီ ပိုပို ကြီးပွားလာအောင် ပူးပေါင်း လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။

ဘလောဂ့်ရဲ့ အားသာချက်ထဲက တခုကတော့ ဘလောဂ့်ဆိုတာ ပေါ့ပါးသွက်လက်တဲ့ အသွင်ရှိပြီး စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဘောင်ခတ်ထားတဲ့ နေရာမျိုး ဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေ အတွက် စိတ်ကျဉ်းကျပ်တာမျိုး မဖြစ်စေပါဖူး ။ နောက်ပြီး ဘလောဂ့်ဆိုတာ ခုခေတ် လူငယ်တွေနဲ့ နီးစပ်တဲ့ အရာတခုလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေ ပြတာပဲ ဖြစ်ဖြစ် ဗွီဒီယို ထည့်တာပဲ ဖြစ်ဖြစ် အသံဖိုင် ထည့်တာပဲ ဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံ ကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်နိုင်ပါတယ် ။

စိတ်ကူး အကြံဥာဏ်တွေကို မြန်မာအများစု ဆွေးနွေး ဖလှယ်လေ့ ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလို လုပ်တာဟာလည်း အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲ ရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေ ထည့်ဖို့ ကန့်သက်ချက်တွေ ရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ နှီးနှောဖလှယ်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။

တခြား ဘလောဂ့်လုပ်နည်း တခုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲ လျှပ်တပြက် ပေါ်လာတဲ့အတွေး ချက်ချင်း လက်ငင်း ဖြစ်နေတဲ့ အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ် အသေးစားလေးတွေလို လုပ်ပြီး အများကို အသိပေး ဝေမျှတာမျိုး ဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ ဆိုဒ်တွေ များပေမယ့် လူသုံး အများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေက အစ နိုင်ငံပေါင်းစုံက ပညာရှင်တွေအထိ သူတို့ ဘာတွေလုပ်နေတယ် ဆိုတာကို သူတို့ကို အားပေးနေသူတွေ စိတ်ဝင်စားနေသူတွေ သိရအောင် ၊ ဒါမှမဟုတ် သူတို့ ဝေမျှချင်တဲ့ စိတ်ကူး အကြံအစည်တွေ အကြောင်းအရာ အချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကို အသုံးပြုတတ်ကြတယ် ။ အဲလို အသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင် လုပ်နိုင်တဲ့ မီဒီယာ ပါဝါမျိုး ရှိစေပါတယ် ။

မြန်မာဘလောဂ့် လောကမှာလည်း ကိုယ့်ရဲ့လက်ရှိ အခြေအနေကို အသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာ တွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့ အကောင့်တွေမှာ သတင်းယူတဲ့ မြန်မာတွေ နည်းပါးသလို သူတို့တွေရဲ့ သတင်းတင်နှုန်းကလည်း အမြဲမရှိတာ တွေ့ရပါတယ်။ Thanlwin Ain MatNY Times, CNN Breaking News စတဲ့ နိုင်ငံတကာ မီဒီယာတွေကတောင် Twitter ကိုသုံးပြီး သတင်းခေါင်းစဉ်တွေကို စာဖတ်သူတွေဆီ ဖြန့်ဖို့ကြိုးစားနေတဲ့အချိန် မြန်မာလောက (ဘလောဂ့်နှင့် မီဒီယာများ) ကတော့ Twitter ရဲ့ မီဒီယာပါဝါကို သေချာ မသုံးသပ်မိလေသလားလို့ ထင်စရာ ဖြစ်လာပါတယ် ။

ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့ အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး သုံးထားတဲ့ နမူနာကို ပြရရင်တော့ ABC News မှာ ကြည့်လိုက်ရတဲ့ ဆရာဝန်တွေ ခွဲစိတ်ကုသခြင်း တစ်ခု လုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ် ကျောင်းသားတွေကို သင်ပြပေးတဲ့ ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့ လူနာရဲ့ သဘောတူညီချက်နဲ့အတူ အဲဒီ ခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ် ကျောင်းသားတွေ ကြည့်နိုင်အောင် အင်တာနက်က ထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေက မေးခွန်းတွေ မေးတာကို ပြန်လည် ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန် ခွဲစိတ်နေတာကို အသေးစိတ် မြင်ရပြီး ဒါက ဘာလို့ ဒီလို လုပ်တာလဲ ဆိုတဲ့ မေးခွန်းမျိုး ချက်ချင်း မေးနိုင်တဲ့အတွက် သူတို့အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။

နိုင်ငံတကာ ဘလောဂ့်လောကမှာ အထက်မှာ ဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကို အကျိုးရှိအောင် အသုံးပြုနေတာကို ကြည့်ပြီး လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က စပြီး စည်ကားလာခဲ့တဲ့ မြန်မာဘလောဂ့် လောကမှာတော့ လိုအပ်နေတာတွေ အများကြီး ရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲ ထပ်တူလုပ်ရမယ် လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလား ဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့ လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါး နေရာတခုအဖြစ် မြန်မာဘလောဂ့်လောက တည်ရှိနေတာဟာ မကောင်းတဲ့ အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာ ဘ၀မှာ ရွေးချယ်မှုတွေ ရှိကြတယ် ။ တချို့က စိတ်ဖြေသာရာ အတွက်ပဲ ဦးစားပေးရွေးချယ် ဘယ်လို အခြေအနေ ရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘ၀မှာ အမြဲ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့ လူတွေ အတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနေနိုင်တာ မြင်ရပေမယ့် ၊ ဒုတိယအဖွဲ့က လူမျိုးတွေ အတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အရေး သိပ်ပေးတဲ့ပုံ မပေါ်သေးပါဖူး ။

ရွှေဝါရောင် တော်လှန်ရေးကာလက မြန်မာပြည်ထဲက သတင်းတွေ အလျင်အမြန် ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမ္ဘာက အသိအမှတ်ပြု ခံခဲ့ရတဲ့ မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာ မရေရာတဲ့ သတင်းတွေ ပါဝင်နေတဲ့ လူမှုဆက်ဆံရေး ချိတ်ဆက်ခြင်း (social networking) ကို အသားပေးနေတဲ့ အဆင့်မျိုးလောက်မှာ ရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်က အချိန်တွေကို ကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း အတွက်ရော ကိုယ်နဲ့ ယဉ်ပါးနေတဲ့ ဘလောဂ့်တွေကို အသုံးချဖို့ စိတ်မကူးကြတော့ဖူးလား ။

စိစစ်ရေး (censorship) မှာ ကမ္ဘာ့အချုပ်ချယ်ဆုံး နိုင်ငံတွေထဲ ပါဝင်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေ အတွက်တော့ အင်တာနက်ပေါ်က ဘလောဂ့်တွေဟာ သူတို့ မရောက်နိုင်တဲ့ လောကကို ၀င်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက် လိုပါပဲ ။ အဲဒီ ပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့ အတွေ့အကြုံတွေကို သူတို့ စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့ နည်းပညာတွေဟာ သူတို့အတွက် တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ်၊ မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေ အတွက် ဒီဘလောဂ့်တွေကို သုံးပြီး ပညာဒါနတွေ လှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့် အခွင့်အလမ်းတွေ ရှိတာ ဘလောဂ့်ရေးသူတိုင်း သိစေချင်ပါတယ် ။

ရှာဖွေလေ တွေ့ရှိလေလို့ ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာ ရုပ်လုံး ပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ ခဲယဉ်းပါတယ် ။ မြန်မာ ဘလောဂ့်လောက ဟာလည်း မြန်မာပြည်ထဲက ပြည်သူတွေအတွက် အကျိုးရှိတဲ့ ပြတင်းပေါက် တစ်ပေါက် ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက် မြန်မာဘလောဂါ့တွေရဲ့ အရည်အချင်းကို ပိုမို တိုးတက်လာနိုင်အောင် ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ မြန်မာဘလောဂါ့တွေ ပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတယ်လို့ ကောက်ချက် ချလိုက်မိပါတော့တယ်။

ရေးသားသူ- S.S
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 10 of 10 comments

1. 07-08-2009 16:41

ကျေးဇူး
မှန်ပါတယ် လိုအပ်နေတဲ့ အချက်တွေကိုထောက်ပြေ ပးတာကျေးဇူးတင်ပါတယ်
Guest
Nyeinsu

2. 06-08-2009 02:12

good article
brain storming လုပ်ပေးတဲ့ အတွက် အားလုံးကို ယ်စား ကျေးဇူးပါဗျာ။
Guest
mingalarko

3. 29-07-2009 23:22

တကယ်လိုအပ်နေတဲ့အချက်
ဒီလိုအတွေး အမြင်မျိုး မြန်မာဘလော်ဂါတွေ ကြားမှာရှင်သန်လာအောင် ဝိုင်းဝန်း ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ယခုလိုရေးသားပေးတဲ့ S-S ကိုလည်းကျေးဇူးတင်ပါတ ယ်ခင်ဗျာ။
Guest
နေးတစ်

4. 07-05-2009 21:04

Grateful Myanmar Blogs ago!
When will be stand at International grateful Myanmar Blogs!, I hopeful that days. I really appreciate Editor S.S. Thanks u for composting glad your Int:point of view. If it is possible let we go to Suppose Our Country with special IT Image! @ Master Mind Blogs Group. Best Regards: Grace ;)
Guest
Grace

5. 28-04-2009 20:11

မြန်မာ ဘလော့ဂါတွေ စဉ်းစားသင်ပြီ
အခု ဒီဆောင်းပါးနှင့် ပတ်သက်ပြီး တော့ မြန်မာ ဘလော့ဂါတွေ စဉ်းစားသင့် ပြီ။ ပြီးတော့ ဘလော့ဂါရဲ့ အခွင့်အလမ်းနည်းပါးနေ မှုကိုလည်း စဉ်းစားသင့် ပြီ။ ကျွန်တော် ဆိုလိုတာက ဘလော့ဂါရေး သူတွေ အလွယ်တကူ ဘလော့ရေးလို့ မရဖြစ်နေတဲ့  ကိစ္စ။ အမှိုက်သရို က်တွေ မ၀င်အောင် ပိတ်ထားတဲ့ ပြတင်းဆီကို ဘယ်လေကောင်းလေသန့်မှလ ည်း မ၀င်ဘူး ဆိုတဲ့ တဂိုးရဲ့ စကားကိုလည်း စဉ်းစားသင့် တယ်။
Guest
ဂျေဂျူဝိုင်

6. 23-04-2009 16:16

Thanks!
What a good article! I hope this article can provide Myanmar Bloggers with productive thinking!
Guest
zaw myo lwin

7. 23-04-2009 03:24

Thanks
ရေလည်ကောင်းတယ်။
Guest
TZA

8. 23-04-2009 00:46

Thanks!!!
အကျိုးမရှိ တဲ့ ငြင်းခုန်ြ ခင်းတွေ အတ္တအပြည့်နဲ့ ရန်လိုမှုတွေကြား ဘလောဂ့်ပေါ် က အချိန်တွေကို ကုန်စေတော့ မလား??  
 
I really appreciate above words. Let me say "Thank you" :)
Guest
khayayphyu

9. 21-04-2009 22:26

nice article
Let me say " Thank you" to the author and the editors of ThanLwinAinMat for this article. 
:)
Guest
hana san

10. 21-04-2009 19:03

thank you S.S
ဒီအခွင့်အလ မ်းတွေကို အကောင်အထည် ဖော်နိုင်မ လား ဆိုတာကတော့ မြန်မာဘလော ဂါ့တွေ ပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတ ယ်လို့ ဆိုပြီး တပ်လှန့်လိုက်တဲ့ ဆောင်းပါးေ ရးသူ S.S ကိုလဲ ကျေးဇူးလဲတ င်ပါတယ်။
Guest
MelodyMaung

Display 10 of 10 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved