
၃လ တစ်ကြိမ်ထုတ် အမေရိကန်အခြေစိုက် ဂျာနယ်တစ်စောင်ဖြစ်တဲ့ ၀ီလ်ဆင်ဂျာနယ် အတွက် အမေရိကန် ကျဆုံးနိုင်သလား ဆိုတဲ့ ဆောင်းပါးကို မကြာသေးမီကပဲ ရေးသားပြီးစီးခဲ့တယ်။ အဲဒီဆောင်းပါးရဲ့ အဖွင့်စာပိုဒ်မှာ ယခုလို ဖော်ပြထားတယ်။ ၁၉၈၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ စင်္ကာပူနိုင်ငံရဲ့ လူထုလှုပ်ရှားမှုပါတီ (ပီအေပီ) ဟာ အုပ်ချုပ်စိုးမိုးလာခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီအရှုံးဟာ မဲဆန္ဒနယ် တစ်ခုထဲမှာ ဖြစ်ပျက်ခဲ့တာတောင် ပီအေပီ အနေနဲ့ အတော်လေး တုပ်လှုပ်ချောက်ချားခဲ့တယ်။ စင်္ကာပူနိုင်ငံရဲ့ ဖခင်တွေလို့ ပြောရမယ့်သူ ၃ ဦးအနက်က ၁ ဦး ဖြစ်တဲ့ ဒေါက်တာ ဂိုကန်းဆွီးကို ပီအေပီဟာ ဘာကြောင့် အဲဒီတုန်းက အရေးနိမ့်ခဲ့ရသလဲ မေးတော့ သူက ပြန်ဖြေတယ်။ “ငါတို့ အရေးနိမ့်ခဲ့ရတာ ဘာကြောင့်လဲဆိုတော့ ရှုံးနိုင်ခြေ ရှိတယ်လို့ လုံးဝကို တွေးထင် မထားခဲ့မိလို့ပဲ” တဲ့။
ရိုးရှင်းတဲ့ အမှန်တရားကတော့ ဘယ်လူ့အဖွဲ့အစည်းမဆို ကျဆုံးနိုင်တယ် ဆိုတာပဲ။ အမေရိကန်မှာ ဖြစ်နိုင်သလို စင်္ကာပူမှာလည်း ဖြစ်နိုင်တယ် မဟုတ်လား။ ဒေါက်တာ ဂိုပြောသလို ဆိုရရင်တော့ဖြင့် အကျအဆုံးကို ကြိုတင်ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘာလဲဆိုရင် ရှုံးနိုင်ခြေဆိုတာကို ကြိုပြီး တွေးထားဖို့ပါပဲ။
စင်္ကာပူနိုင်ငံသားတွေကို စင်္ကာပူနိုင်ငံ ဘယ်နည်းဘယ်ပုံ ကျဆုံးနိုင်တယ်ဆိုတာကို စဉ်းစားတွေးတော ကြည့်ကြစေလိုတဲ့ စိတ်တွေ ဖြစ်လာဖို့ အတွက် ဒီစာကို ရေးသားလိုက် ရခြင်း ဖြစ်ပါတယ်။ စင်္ကာပူဟာ မကြာခင်ကာလမှာပဲ ကျဆုံးသွားလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ဘူးဆိုတာကိုတော့ ပြောလိုပါတယ်။ ဒါပေမယ့် ဘာကြောင့် မကျဆုံးနိုင်ဘူးလဲဆိုတာ သေချာနိုင်ဖို့အတွက် ဘယ်နည်းဘယ်ပုံ ကျဆုံးနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ တွေးထားဖို့ လိုပါမယ်။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ခဲ့ပြီး နောက်ပိုင်း အကြီးမားဆုံး စီးပွားရေးအကျပ်အတည်း အကြား ရင်ဆိုင်ဖြတ်သန်း နေရတဲ့အတွက် ကျွန်တော်တို့ ဒီလို တွေးကြည့်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စင်္ကာပူရဲ့ အားသာချက်တွေဟာ စင်္ကာပူရဲ့ အားနည်းချက်တွေရဲ့ အရင်းခံ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော်တို့ ပြောလို့ မရပါဘူး။
စင်္ကာပူရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုကတော့ ကမ္ဘာပေါ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း အမြင့်မားဆုံးနိုင်ငံ ဖြစ်နေတာပါ။ နိုင်ငံခြားပေါ်လစီရေးရာ မဂ္ဂဇင်းက ပြုစုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အမြင့်မားဆုံး နိုင်ငံတွေထဲမှာ စင်္ကာပူက နံပါတ်တစ် နေရာမှာ ရပ်တည်နေပါတယ်။ ဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးထက်မှာ အကောင်းဆုံး စီးနင်းနိုင်ခဲ့တဲ့နိုင်ငံဟာ စင်္ကာပူဆိုတာ သံသယ ရှိစရာ မလိုပါဘူး။
ဒါပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်း ကာလကနေ ရွေ့လျားပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဆန့်ကျင်ဘက်ကာလ (ဒီဂလိုဘယ်လိုက်ဇေးရှင်း) ကို ကျွန်တော်တို့ ဦးတည်နေကြပြီ ဆိုရင်

စင်္ကာပူရဲ့ စီးပွားရေးဟာ ဘာဖြစ်သွားနိုင်မလဲ။ ဒီဂလိုဘယ်လိုက်ဇေးရှင်း ကာလကို မရောက်သေးပေမယ့် ဒါဟာ ဖြစ်နိုင်ခြေရှိတယ် ဆိုတာကို ကြိုတင် အချက်ပြနေတဲ့ လဏ္ခဏာတွေ ခုဆို တွေ့လာနေရပါပြီ။
မတ်လ အစောပိုင်းတုန်းက ၀ါရှင်တန်ပို့စ်သတင်းစာမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းမှုတွေကြောင့် နိုင်ငံအတော်များများဟာ ဒီဂလိုဘယ်လိုက်ဇေးရှင်း ကာလထဲကို ၀င်ရောက်နေပြီလို့ ရေးသားထားပါတယ်။ နောက်ပြီး စင်္ကာပူဟာ ခုလို အခြေအနေကို ရောက်လာခဲ့ရတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ရွှေရောင်ကာလကို အောင်မြင်အောင် ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် တိုးတက် ကြွယ်ဝပြီး ဆင်းရဲမွဲတေမှုလျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့လို့ပဲ ဖြစ်တယ်လို့ မှတ်ချက်ပြု ရေးသားထားပါတယ်။
ဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ နေ၀င်ချိန်မှာ စင်္ကာပူ ကျဆုံးနိုင်ခြေ ရှိမရှိဆိုတာနဲ့ ကျဆုံးခဲ့မယ်ဆိုရင်တောင် ဘယ်နည်းဘယ်ပုံ လွတ်မြောက်အောင် ဆောင်ကျဉ်းနိုင်မလဲဆိုတာကို ဒေါက်တာ ဂိုရဲ့ အကြံပေးချက်အတိုင်း ကျွန်တော်တို့တတွေ စဉ်းစားသင့်ကြပါပြီ။
စင်္ကာပူရဲ့ နောက်ထပ် အားသာချက်တစ်ခုက အုပ်ချုပ်ရေး ကောင်းမွန်တဲ့ အစိုးရ တစ်ရပ် ရှိနေခြင်းပါပဲ။ ၁၉၅၉ ခုနှစ်ကတည်းက ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ရပ်တည်လာခဲ့တဲ့ စင်္ကာပူဟာ မကြာခင်ကာလမှာ အနှစ် ၅၀ ပြည့်တော့မှာပါ။ ကျွန်တော် သိသလောက်တော့ အခြား ဖွံဖြိုးဆဲနိုင်ငံတွေထဲမှာ ဘယ်တိုင်းပြည်ကမှ အနှစ် ၅၀ လုံးလုံး အုပ်ချုပ်ရေး ကောင်းမွန်တဲ့ အစိုးရနဲ့ ကြုံခဲ့ရတယ်လို့ မရှိပါဘူး။
ဒီလို အုပ်ချုပ်ရေးကောင်းတဲ့ အစိုးရကို ရထားတာမို့ စင်္ကာပူဟာ ထူးခြားတယ်လို့ ဆိုရမှာပါ။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာတော့ အုပ်ချုပ်ပုံ ညံ့ဖျင်းတဲ့ အစိုးရတွေကို ကြုံတွေ့ခဲ့ကြဖူးပါတယ်။ စင်္ကာပူမှာလဲ တစ်နေ့ကျရင်တော့ ကြုံကောင်း ကြုံပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ညံ့ဖျင်းတဲ့ အစိုးရကို စင်္ကာပူနိုင်ငံသားတွေ လက်ခံနိုင်ကြမလား။ တစ်နေ့မှာ စင်္ကာပူနိုင်ငံဟာ အုပ်ချုပ်ပုံ ညံ့ဖျင်းတဲ့ အစိုးရကို ကြုံတွေ့လာရနိုင်ခြေ ရှိကောင်း ရှိမယ် ဆိုတာကို ကျွန်တော်တို့တွေ ခုထိ စိတ်ကူးထဲတောင် ထည့်မိကြပါရဲ့လား။
အုပ်ချုပ်ပုံ ညံ့ဖျင်းတဲ့ အစိုးရ အာဏာရလာမယ့်ကာလ အတွက် ပြင်ဆင်ထားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြဿနာတိုင်းအတွက် အဖြေရှာဖို့ အစိုးရအပေါ် မှီခိုနေရတာကို လျော့ပြီး ပြဿနာတွေကို အဖြေရှာဖို့ နိုင်ငံသား တစ်ဦးချင်းစီအပေါ် အားကိုးအားထားပြုကြဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်ပုံ ကောင်းတဲ့ အစိုးရရှိခြင်းအတွက် ကံဆိုးတဲ့အချက်က စင်္ကာပူနိုင်ငံသားတွေဟာ သူတို့ရဲ့ ပြဿနာတွေကို အဖြေရှာဖို့ အစိုးရကိုချည်း အားကိုးနေကြတော့တာ ပါပဲ။
ထင်ရှားတဲ့ သာဓကလေး တစ်ခု ဒီနေရာမှာ ကျွန်တော်ပြောချင်ပါတယ်။ စင်္ကာပူဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးဆိုတဲ့ တိုင်းပြည်တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်တယ်။ ဒါပေမယ့် အကြောင်းရင်းက ဘာလဲဆိုတော့ သန့်ရှင်းရေး လုပ်သား တပြုံတမကြီးကို ကျွန်တော်တို့ အလုပ်ခန့်ထားကြလို့ပါ။ ကိုယ်ပိုင် အသိစိတ်နဲ့ အမှိုက်ပစ်တယ်ဆိုတဲ့ စင်္ကာပူသားတွေဟာ အတော့်ကို နည်းပါတယ်။ စင်္ကာပူ အရှေ့ပိုင်း ကမ်းခြေက ပန်းခြံထဲကို စနေ၊ တနင်္ဂနွေတိုင်း သွားတဲ့အခါ အဲဒါကို သိသိသာသာပဲ တွေ့ရလေ့ ရှိတယ်။ နေရာတိုင်းလိုလို အမှိုက်တွေကို တောင်ပုံရာပုံ စွန့်ပစ်ထားကြတာလေ။ နိုင်ငံသားတိုင်း မိမိ တာဝန်ယူတတ်အောင် ဖန်တီးနိုင်ဖို့ နည်းတစ်နည်းကတော့ ကိုယ်ပိုင်အသိစိတ်နဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့ပဲ ဖြစ်တယ်။ တစ်နေ့ကို အမှိုက်တစ်ခုလောက် နိုင်ငံသားတိုင်း ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ပေးသင့်တယ်။ ကိုယ့်အမှိုက်တောင် ကိုယ်တိုင် မသိမ်းနိုင်ဘူး ဆိုရင် ကိုယ်ပိုင်အသိစိတ်တွေ ခုထက် ပိုလိုလာမယ့် တစ်နေ့အတွက် ကျွန်တော်တို့ကို အဆင်သင့် ဖြစ်ကြပါ့မလား။

စင်္ကာပူရဲ့ ဗျူဟာမြောက် တတိယ အားသာချက်ကတော့ လူမျိုးကွဲတွေ အတူတကွ နေထိုင်နိုင်ကြခြင်းပဲ ဖြစ်တယ်။ ဒီလို ဖြစ်အောင် စွမ်းဆောင်နိုင်တာဟာ တကယ့်ကို ထူးထူးခြားခြား စွမ်းဆောင်နိုင်တာပဲ ဖြစ်တယ်။ ကျွန်တော့် အကြိုက်ဆုံး နှိုင်းယှဉ်ချက်ကတော့ ဒီလိုပေါ့။ ဗြိတိသျှ အင်ပါရာ နေ၀င်ပြီးတဲ့နောက် ကမ္ဘာတ၀ှမ်းမှာ ဆိုက်ပရက်စ်၊ သီရိလင်္ကာ၊ စင်္ကာပူ၊ ဖီဂျီစတဲ့ လူမျိုးကွဲတွေ အတူတကွ နေထိုင်ကြတဲ့ ကိုလိုနီနယ်မြေသေးသေးလေးတွေ အများကြီး ချန်ထားရစ်ခဲ့တယ်။ အဲဒီနိုင်ငံတွေထဲမှာ စင်္ကာပူနိုင်ငံ တစ်နိုင်ငံထဲ လွတ်လပ်ရေး ရပြီးတဲ့ကာလက စပြီး လူမျိုးကွဲတွေ အေးအတူ ပူအမျှ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြတယ်။ ကျွန်တော်တို့တွေ ဒီအပိုင်းမှာရော ကျဆုံးနိုင်ခြေ ရှိပါသလား။
စင်္ကာပူရဲ့ မျိုးဆက်ဟောင်းတွေကတော့ ဒီလို လူမျိုးကွဲတွေ အတူတကွ နေထိုင်နေကြခြင်းရဲ့ အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ခံစားခဲ့ကြပါတယ်။ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင်နဲ့ အတူ မလေးရှားနိုင်ငံကို အစိုးရတာဝန်နဲ့ အလည်အပတ်သွားခဲ့ကြတုန်းက ကြုံခဲ့ရတာ တစ်ခုကို မှတ်မိနေတယ်။ ကျွန်တော်တို့ကို Carcosa လို့ နာမည်ပေးထားတဲ့ အစိုးရ ဧည့်ဂေဟာမှာ ထားတယ်။ တစ်နေ့ကျမှာ မလေးရှားလူမျိုး စားတော်ကဲက မစ္စတာဂိုကို မနက်စာ ဘာစားချင်သလဲလို့ မေးတယ်။ မစ္စတာဂိုက တရုတ်စာ ဒါမှမဟုတ် အင်္ဂလိပ် မနက်စာကို စားမယ်လို့ ဖြေမယ်လို့ စားတော်ကဲကတော့ မျှော်လင့်ထားတာလေ။ ဒါပေမယ့် မစ္စတာဂိုက တိုရှည်စားချင်တယ်လို့ ဖြေလိုက်တော့ သူ အတော်လေး အံ့အားသင့်သွားတယ်။
မစ္စတာဂိုတို့ မျိုးဆက်က စင်္ကာပူနိုင်ငံသားတွေ လက်ထက်မှာ လူမျိုးကွဲလို့ ခံစားရလောက်အောင် ကွဲပြားခြားနားမှုတွေ ပျောက်လုနီးပါး ဖြစ်ခဲ့တယ်။ အခု စင်္ကာပူရဲ့ မျိုးဆက်သစ်တွေကတော့ အရင် မျိုးဆက်ကို မှီမမှီ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော် ကြားရသလောက်ကတော့ စင်္ကာပူရဲ့ မျိုးဆက်သစ်တွေဟာ ကျောင်းတွေမှာ ဒုတိယ ဘာသာစကားကို သင်ကြရတော့ သူတို့တတွေရဲ့ ကွဲပြားခြားနားမှုတွေကို ပိုပြီး သတိထားမိလာကြတယ်။ လူမျိုးကွဲတွေရဲ့ ဟာမိုနီဟာ စင်္ကာပူမှာ တိုးပွားလာသလား ဆုတ်ယုတ်လာသလားဆိုတာကိုတော့ ခေတ်မီနည်းလမ်းတွေ သုံးပြီး သုတေသန လုပ်ကြည့်မယ် ဆိုရင် အဖြေကို ကျွန်တော်တို့ သိလာမှာပါ။ စင်္ကာပူရဲ့ ကျဆုံးနိုင်ခြေတွေထဲက ဖြစ်နိုင်ခြေတွေကို ကြည့်မယ် ဆိုရင် ဒီအပိုင်းဟာ ကျွန်တော်တို့ အနေနဲ့ အလေးဂရုထား စောင့်ကြည့် အကဲခတ်ရမယ့် အပိုင်း တစ်ခု ဖြစ်တယ်။
စင်္ကာပူ ဘယ်နည်းဘယ်ပုံ ကျဆုံးနိုင်တယ်ဆိုတာကို နည်းလမ်း ၃ ခုနဲ့ ကျွန်တော် အကြံပြုခဲ့ ပြီးပါပြီ။ ဖြစ်နိုင်တာ တစ်ခုကတော့ စင်္ကာပူ တကယ်လို့များ ကျဆုံးခဲ့မယ် ဆိုရင် အဲဒီ ရှုံးနိမ့်မှုဟာ တွေးထင်မထားမိတဲ့ အကြောင်းတစ်ခုကြောင့်ပဲ ဖြစ်ဖို့ များပါတယ်။ တခြား ကျရှုံးနိုင်ခြေ နည်းလမ်းတွေကို ကြိုတွေးမထားဘူး ဆိုရင် ဆိုးဆိုးရွားရွား အမှားတွေ့နိုင်ပါတယ်။ အကြောင်းရင်းကတော့ စစ်မှုရေးရာ သမိုင်းမှာလည်း စင်္ကာပူဟာ ပြဌာန်းစာအုပ်ထဲက သာဓက တစ်ခု ဖြစ်ခဲ့လို့ပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်တွေဟာ စင်္ကာပူရဲ့ တောင်ဘက်ကနေ ရေကြောင်း တိုက်စစ်ဆင်လာမယ်လို့ ဗြိတိသျှတို့က တွေးထင်ခဲ့ကြပေမယ့် ဂျပန်တွေကတော့ မြောက်ဘက်ကနေ စက်ဘီးတွေနဲ့ ၀င်လာပြီး စင်္ကာပူကို သိမ်းပိုက်သွားခဲ့တာပါ။ သူတို့ရဲ့ အမြောက်ကြီးတွေဟာ မှားယွင်းတဲ့ဘက်ကို ချိန်ထားမိတယ်ဆိုတာ ဗြိတိသျှတွေ သိလိုက်ရချိန်မှာတော့ အချိန်က နှောင်းသွားခဲ့ပါပြီ။ ၁၉၄၂ မှာ ဘယ်တော့မှ မကျဆုံးဘူးလို့ အားလုံးက ထင်ခဲ့ကြတဲ့ စင်္ကာပူ ခံတပ်ကြီးဟာ ဂျပန်တွေ လက်ထဲကို ကျရောက်သွားခဲ့ပါတော့တယ်။ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ကြောင့် တစ်ခါက အရေးနိမ့်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့တွေ ထပ်ပြီး အရေးနိမ့်နိုင်ပါသေးသလား။
“စင်္ကာပူ ဘာကြောင့် ကျဆုံးရသလဲဆိုတော့ သူတို့တတွေဟာ ရှုံးနိုင်ခြေဆိုတာကို တခါမှတောင် တွေးထင်မထားလို့လေ” လို့ နောင်လာမယ့် သမိုင်းသုတေတီတွေ စင်္ကာပူနဲ့ ပတ်သက်ပြီး အခုလို ပြောနိုင်ခွင့် မကြုံပါစေနဲ့လို့သာ ဆုတောင်းနေရမှာပါ။