
ကျွန်မ သူ့ကို စတွေ့စဉ် တစ်ယောက်တည်း ဖြစ်သည်။ မိုးအုံ့နေသော နေ့တစ်နေ့ဟု ကျွန်မ မှတ်မိနေပါသည်။ ရုံးဆင်းချိန်မို့ ကားမှတ်တိုင်မှာ လူတွေ များနေပေမယ့် ကျွန်မသူ့ကို ချက်ချင်း သတိထားမိသွား၏။ သူဝတ်ထားသော အဆင်ဆန်းဆန်းနဲ့ အင်္ကျီ ကိုယ်ကျပ်ကြောင့်များလား။ သူ့ရဲ့အသုံးအဆောင်ပစ္စည်းများက သစ်လွင်နေလို့လား။ ကျွန်မ အတိအကျ မမှတ်မိတော့ပါ။ ဒါပေမဲ့ သူ့အမူအရာက တည်ငြိမ်လွန်းသည်ဟု မှတ်မိနေပါသည်။ သေချာ စဉ်းစားကြည့်တော့ သူ့အဆင်အပြင်နှင့် အမူအရာသည် ကွာဟလွန်းနေသည်ကိုး။
ကားများ တ၀ီဝီသွား နေကြသော လမ်းမပေါ်ကို သူငေး၍ ကြည့်နေသည်။ သူ့အကြည့်မှာ ၀မ်းနည်းဟန်မပါ၊ တည်ငြိမ်မှုနှင့် လေးနက်မှု တစ်ခုသာရှိပါသည်။ တော်တော်ကြည့်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပဲ။ တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် ဘွဲ့ရပြီးစ အလုပ်ဝင်စ မိန်းကလေး တစ်ယောက် ဖြစ်နိုင်သည်။ အလုပ်မရသေး၍ ရှာနေသူလည်း ဖြစ်နိုင်တာပဲ။ ခုခေတ်စားနေသော ဘာသင်တန်း ညာသင်တန်းတွေချည်းပဲ လိုက်တက်နေသူကော၊ ဖြစ်နိုင်သေးတာပဲ။ ၄၅ကား လာတော့ သူပြေးတက်ကာ သွားသည်။
သူ့ကို မတွေ့တာ သုံးရက်မျှရှိပြီ။ ကျွန်မ၏ ရုံးဆင်းချိန်များသည် ပုံမှန်မျှသာ။ ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်ချိန် သောကြာနေ့မှာသူ့ကို ပြန်တွေ့ပါသည်။ သူ့အဆင်အပြင်က ပထမနေ့ကလောက် မသစ်လွင်ပေမယ့် သေသေသပ်သပ်။ ရိုးရိုး ပိတ်ကျောပိုး လွယ်အိတ်တစ်လုံးကို ခပ်လျော့လျော့ လွယ်ထားသည်။ သူ့လက်များကို ကျွန်မ ဖျတ်ကနဲ ကြည့်မိတော့ လက်သည်းနီ ဆိုးမထား။ လက်စွပ်၊ လက်ကောက်များ ရှိမနေပါ။ သော့တွဲတစ်တွဲကို လက်ညှိုးမှာ ချိတ်ကာ ဆော့ကစားနေသည်။ အရင်တစ်ခေါက်ကလို သူကားလမ်းမဘက်ကို လှမ်းကြည့်နေပြန်ပါသည်။ သူ့ကျောပိုးအိတ်မှာ ခပ်သေးသေး ခွေးရုပ်ကလေးကို ချိတ်ထားသည်။ ဒီလိုဆိုတော့လည်း သူဟာ သူလိုငါလို မိန်းမငယ်လေး တစ်ယောက်ပါပဲ။
နောက်နေ့တွေမှာ သူ့ကို ကြိုကြားကြိုကြား တွေ့ရသည်။ တခါတရံလည်း ရုံးတက်ချိန်တွင် တွေ့ရတတ်သည်။ တခါတရံလည်း အ၀တ်အစားတို့ နွမ်းကြေနေသလို ထင်ရသည်။ တခါတရံမှာလည်း အဆင်အပြင်က သစ်လွင်လျက်။ သူ့မျက်နှာပေး ကတော့ အရင်ကထက်ပင် ပိုပြီး အေးဆေးနေသယောင်။ တနေ့မှာတော့ လေများတောင် ချွန်နေလိုက်သေးသည်။ ဘယ်သူကိုမှလည်း မကြည့်။ ဘယ်သူနဲ့မှလည်း မျက်လုံးချင်းမဆုံ။ ကားလမ်းမဘက်ကို ကြည့်ကာ လိုင်းကားအလာ စောင့်တတ်သော အကျင့်က မပျောက်။ လမ်းမဘက်ကို မကြည့်လျှင် သူက မြေကြီးကိုသာ ငုံ့ကြည့်ကာ ကတ္တီပါ ဖိနပ်ဦးနှင့် မြေကြီးကို ခြစ်နေတတ်သည်။
နေ့တိုင်းမတွေ့ရပုံ ထောက်၍ သူအလုပ်ရှာနေတာ ဖြစ်နိုင်သည်။ အလုပ်မရသေး၍ တနေရာဝင် တနေရာထွက် လိုက်ရှာရတာ ဖြစ်နိုင်သည်။ အ၀တ်အစား သပ်ရပ်သော နေ့တွေမှာတော့ သူ လူတွေ့စစ်ဆေးဖို့ သွားရတာ ဖြစ်ရမည်။ ကျွန်မအတွေးနှင့် ကျွန်မ သူ့ဘ၀ကို ပုံဖော်နေလိုက်သေးသည်။

နောက်ရက်တွေမှာ ဆက်တိုက်ဆိုသလို ကားဂိတ်မှာ တွေ့ရလာတော့ သူ့မှာ ပုံမှန်ဆင်းရသော အလုပ်ရပြီဟု ကျွန်မ ကြိတ်၍ ၀မ်းသာပေးနေခဲ့သည်။ သူသည် ဒီကားဂိတ်နားက လမ်းလေး တစ်လမ်းမှာ နေရမည်။ ဒီလမ်းလေးတွေမှာ ပျဉ်ထောင်အိမ်လေးတွေသာ များသည်မို့ သူ့မိသားစုက စားနိုင်သောက်နိုင်ရုံလေးသာ ဖြစ်ရမည်။ အချို့လတွေမှာ အကြွေးတင်ချင်လည်း တင်မည်။ နေမကောင်းသော မိဘတစ်ပါး ရှိပါက ငွေကြေးကျပ်တည်းသော အိမ်ထောင်စုလည်း ဖြစ်နေနိုင်သေးသည်။ မိဘများမှာ လာဘ်လာဘ မရွှင်သော ၀န်ထမ်းများလည်း ဖြစ်နိုင်သည်။ သူက အဝေးသင် တက္ကသိုလ်လည်း တက်နေနိုင်သေးသည်။ ဘာကြောင့်ရယ် မသိ ကျွန်မသူ့ကို ကျောင်းသူလေးဟုသာ ထင်ချင်နေ၏။
ကျွန်မ သူ့ကို စသတိထားမိသည်မှာ သုံးလခန့် ကြာသည် ထင်သောနေ့တွင် သူ့နံဘေးမှာ အမျိုးသား တစ်ယောက် ပါလာသည်။ အသက်ခပ်ကြီးကြီးမို့ သူ့ဦးလေးလား၊ အဖေလား ထင်ရသော်လည်း ဟုတ်ဟန်မတူ။ သူတို့နှစ်ယောက် လက်ချင်းတွဲကာ ဖြတ်လျှောက်သွားကြသည်။ ဘတ်စ်ကား မစီးတော့။ သူတို့ကို ကြည့်ရသည်မှာ ပဋိပက္ခမရှိ။ ရှက်ရွံ့နေခြင်း မရှိ။ အသက်ကွာခြားသည်မို့ အမြင်တစ်မျိုး ဖြစ်သော်လည်း အေးဆေးသော စုံတွဲတစ်တွဲလိုပင်။ အထူးသဖြင့် သူ့မျက်နှာမှာ အရင်ကထက်ပင် တည်ငြိမ်လွန်းနေသည်။
ထိုညက ကျွန်မအိပ်မက်ထဲမှာ သူ့ကိုမင်္ဂလာပွဲ တစ်ခုမှ သတို့သမီး အဖြစ်တွေ့ရသည်။ သတို့သားသည် သူ့နံဘေးမှ လမ်းလျှောက်လေ့ရှိသူ ဖြစ်နေသည်။ ကျွန်မသည် သူ၏ချစ်သူ ဖြစ်နေပြီး သူ့မင်္ဂလာပွဲ သို့အမောတကော သွားနေသည်။ သူ့နာမည်ကို အော်ခေါ်ရင်း (တကယ့် သူ့အမည်ကို ကျွန်မ မသိပါ။) ဒါကျွန်တော့် ချစ်သူ၊ ခင်ဗျားနဲ့ လက်မထပ်ရဘူးဟု ဒေါသတကြီး အော်ပြောနေမိသည်။ သတို့သမီးရှေ့ ရောက်တော့ သူ့မျက်နှာကို မြင်ရသည်။ သူ့မျက်နှာသည် တည်ငြိမ်လွန်း ပါတကား။ ခံစားချက်မရှိ။ ၀မ်းနည်းခြင်း မရှိ။ အံ့သြခြင်း မရှိ။ တုန်လှုပ်ခြင်း မရှိ။ ကျွန်မလန့်နိုးကာ ချွေးစေးပြန်နေသည်။ သူ့ရဲ့ အိပ်မက်ထဲမှ မျက်နှာကို ပြန်မြင်ယောင် နေပြန်သည်။
ထိုမနက်က ကျွန်မ အိပ်ယာမှ စောစောထဖြစ်သည်။ အလုပ်သွားရန် စိတ်စောနေခဲ့သည်။ ကားဂိတ်ရောက်ရန် စိတ်စောနေခဲ့သည်။ ထမင်းချိုင့်ထဲတွင် ထမင်းကို ကပျာကယာ ထည့်သည်။ ကန်စွန်းရွက် ကြော်မည့် အစီအစဉ်ကိုတောင် ဖျက်လိုက်ပြီး ရှိပြီးသား ငါးပိချက်ကိုသာ ကပျာကယာ ထမင်းချိုင့်ထဲ ထည့်သည်။ နောက်တော့ အိမ်မှ ထွက်ခဲ့သည်။
ကားဂိတ်ရောက်တော့ ဘာကြောင့်ရယ်မသိ သူ့ကိုသာ ရှာမိသည်။ မနက်ရှစ်နာရီ မထိုးခင် ကျွန်မရောက်နေခဲ့တာမို့ သူ့ကိုတော့ မလွတ်နိုင်။ ခုနစ်နာရီခွဲမှ ရှစ်နာရီထိုးကာနီး အထိ ကျွန်မ သူ့ကို မျှော်နေမိသည်။ ထိုနေ့က သူရောက်လာလျှင် ကျွန်မသူ့ကို စကားသွားပြောဖြစ်မည်လား မသိ။ သူ့နာမည်နှင့် သူ့အကြောင်းကို မေးဖြစ်မည် ထင်သည်။ ဒါပေမယ့် ထိုနေ့က သူရောက်မလာခဲ့ပါ။ ကျွန်မသာ ရှစ်နာရီ ထိုးကာနီးတော့ ဘတ်စ်ကားပေါ် တက်ခဲ့ရသည်။
သူ့ကို ကျွန်မ ကိုယ့်ညီမတစ်ယောက်လို ကိုယ့်သူငယ်ချင်း တယောက်လို ပူပန်နေခဲ့သည်၊ သူ့အကြောင်း စဉ်းစားနေခဲ့သည် မှာတော့ ဆန်းလှသည်ပဲ။ ဘ၀က ရေစက်ပဲဟု ယူဆရပါမည်။
နောက်နေ့တွေမှာ ကျွန်မရုံးကိစ္စနှင့် ခရီးထွက်ရသည်မို့ တစ်လခန့် ကားဂိတ်သို့ မရောက်ခဲ့ပါ။ သူ့အကြောင်း တိုက်ဆိုင်လျှင် တွေးမိသော်လည်း မေ့မေ့ပျောက်ပျောက်ပင်။ ဒီလိုနဲ့ပဲ ခရီးက ပြန်တော့ ရုံးပြန်ရောက်ခဲ့သည်။ ရုံးပြန်ရောက်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူ့ကို သတိရပြန်သည်။ မမြင်တာကြာ၍ အဆင်ပြေရဲ့လားဟု တွေးနေမိသည်။
ပြန်ရောက်ပြီး တစ်ပတ်ခန့် အကြာ တစ်ညနေမှာသူ့ကို ကျွန်မပြန်တွေ့တော့ ၀မ်းသာသွားခဲ့သည်။ သူကတော့ အရာရာ ဘာကိုမှ သတိမထားသည့် သူ့ပုံစံအတိုင်း အေးအေးဆေးဆေးပင်။ ခါတိုင်းလိုပင် ခေတ်ဆန်ဆန် ၀တ်ဆင်ထားလျက်၊ မိန်းမဆန်ဆန် လက်ကိုင်အိတ် ခပ်ဆန်းဆန်း တစ်လုံးကို လွယ်လျက်။ လည်ပင်းမှာ ကြိုးအနက်နှင့် ကျောက်စိမ်းတုံး အရည်လဲ့လဲ့ လော့ကတ်ကို ဆွဲထားသည်။ သူ့ဟန်ပန်မှာ သူ့အ၀တ်အစား အဆောင်အယောင်တွေ အတွက် ဂုဏ်ယူပုံလည်း မပေါ်၊ ၀င့်ကြွားပုံလည်း မရ။ ၀တ်နေကျ နေသားကျနေသော အရိပ်အယောင်ကိုသာ တွေ့ရသည်။

ကျွန်မနားက ကပ်လျက်ရပ်နေရင်းက ကျွန်မကျကျန်ခဲ့သော လက်ကိုင်ပ၀ါကိုတောင် ကောက်ပေးသေးသည်။ ကျွန်မက ကျေးဇူးတင်စကား ပြောတော့ သူ့မျက်လုံးတွေထဲမှာ ကျွန်မကို မှတ်မိဟန်မပြ။ ရင်းနှီးဟန်လည်း မပြပါ။ ကျွန်မသူ့ကို သတိထားမိချိန် တလျှောက်လုံး သူကတော့ သူ့ကမ္ဘာလေးထဲမှာပဲ ရှိနေခဲ့သည် ထင်၏။
တနင်္လာနေ့ ညနေ။ အရာရာသည် နေသားကျလျက်။ ကားများက လမ်းမပေါ်တွင် ပြေးလွှားနေကြသည်။ လူအတော်များများ မှတ်တိုင်မှာ ကားရပ်စောင့် နေကြသည်။ အဝေးမှလျှောက်လာ နေသောသူ့ကို မြင်နေရသည်။ ကျွန်မအိပ်မက်ကို သတိမရမိတော့။ သူသည် ကျွန်မ၏ နိစ္စဓူဝ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီ။ ကျွန်မသူ့ကို စိတ်ဝင်စားတုန်း။ ဒါပေမယ့် မျက်မှန်းတန်းမိနေသော လူတစ်ယောက် အနေထက် မပိုတော့။
ဒီနေ့တော့ သူတစ်ယောက်ထဲပါပဲ။ သူရပ်နေကျ နေရာတွင် ရပ်လိုက်သည်။ အရင်ကလို ကားလမ်းမဘက်ကို ငေးကြည့်မနေတော့။ ကျွန်မဘက်ကို လှည့်ကြည့်သည်။ တချက် ပြုံးပြပြီး ကားလမ်းမကို ဖြတ်ကူးသွားသည်။ ကျွန်မ အလွန်ပဲ အံ့သြနေမိသည်။ လပေါင်းများစွာ ကျွန်မနှင့်သူ ဆုံခဲ့တဲ့ ကာလတွေမှာ သူက ကျွန်မရှိနေတယ် ဆိုတာကို တခါမျှ အသိအမှတ် မပြုခဲ့ဖူးဘူး မဟုတ်လား။ သူ့အပြုံးမှာ ကျွန်မကို ခင်မင်ချင်ကြောင်း အပြုံးလား၊ ကျေးဇူး တင်ပါတယ် ဆိုတဲ့ အပြုံးလား၊ အစ်မကို ကျွန်မသိတယ် ဆိုရုံ အပြုံးလား။ ဒါမှမဟုတ် … ဒါမှမဟုတ်ရင် …။
ထိုအချိန်မှာပဲ ... ကားတစ်စင်း၊ လွင့်သွားသော ခန္ဓာတစ်ခု။ ကျွန်မ မျက်စိကို စုံမှိတ်ထားမိသည်။ ဟာ … ကောင်မလေးတစ်ယောက် ကားတိုက်ခံရတယ်။ အသက်က ငယ်ငယ်လေးပဲ။ ကျွန်မမှာသွားကြည့်ရန် အင်အားမရှိ။ ကျွန်မသူ့ အပြုံးကို မြင်နေသည်။ ရင်တွေ တလှပ်လှပ် ခုန်ရင်းက သူ့အပြုံးကို မြင်ယောင်နေသည်။ အဓိပ္ပာယ်ကိုတော့ ကျွန်မ မဖော်ရဲတော့ပါ။