
ကြားလိုက်ရသည့် သတင်းတစ်ပုဒ်ကြောင့် ယနေ့ စိတ်မရွှင်ပါ။ သတင်းက စင်္ကာပူရောက် မြန်မာအမျိုးသမီး အိမ်ဖော်တစ်ယောက် လွတ်မြောက် ထွက်ပြေးရန် ကြိုးစားစဉ် တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးသည်ဟူ၏။ ထိုအမျိုးသမီးမှာ မြန်မာပြည်တွင် ဘွဲ့ရခဲ့၍ သမီးငယ်တစ်ဦး၏ မိခင်လည်း ဖြစ်ပါသည်။ သူမ၏ လုပ်ရပ်မှန်သည် မှားသည်ဟု အသံအမျိုးမျိုး အင်တာနက်ပေါ်နှင့် စင်္ကာပူ လူ့အဖွဲ့အစည်းတွင် ပျံ့လွင့်နေသော်လည်း ကျွန်မကတော့ မိခင်ချင်း စာနာစွာ သနားမိပါသည်။
သို့သော် . . ။
နေ့လည် ထမင်းစားချိန်ဖြစ်၍ ရုံးသူရုံးသားများ လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏။ ထုံးစံအတိုင်း ကိုယ့်အုပ်စုနှင့်ကိုယ် နှစ်သက်ရာ ကန်တင်းန်တွင် ထွက်စားနေကြ။ ကားရှိသည့် လူက ဝေးဝေးသွားစား၍ ကျွန်မတို့ ကဲ့သို့ ကားမရှိသူများ (သို့) ဆီကုန် မခံလိုသူများက နီးနီးနားနား စားသောက်ဆိုင်တန်းများသို့ လမ်းလျှောက်သွားကြသည်။ ကျွန်မတို့ အုပ်စုတွင် ကျွန်မ၊ Thomas, Vivien, Grace နှင့် Siewchin ဟူ၍ ၅ယောက်ရှိပါသည်။ ထိုလေးယောက်တွင် Thomas နှင့် Vivien မှာ စင်္ကာပူနိုင်ငံသားများ ဖြစ်၍ Grace နှင့် Siewchin မှာ စင်္ကာပူတွင် အမြဲနေထိုင်ခွင့် (ပီအာ) ရထားသည့် မလေးရှားတရုတ်များ ဖြစ်သည်။ ကျွန်မ တစ်ယောက်သာ မြန်မာပါသည်။ အမှန်တကယ်တော့ ကျွန်မတို့ ဌာနမှာသာ မဟုတ်၊ ကုမ္ပဏီတခုလုံးတွင် မြန်မာ ကျွန်မ တစ်ယောက်သာ ရှိပါ၏။ ထို့ကြောင့် မြန်မာနှင့်ဆိုင်သော အကြောင်းအရာများဆိုလျှင် ကျွန်မဆီသို့ လာ၍ မေးမြန်း အတည်ပြုစမြဲ။ နာဂစ်တိုက်စဉ်ကလည်း တကယ်ဒုက္ခရောက်သူတွေဆီ ရောက်အောင် လှူပေးပါဟု ဆို၍ အလှူငွေများ ကျွန်မဆီ လာပေးကြသည်။ စက်တင်ဘာ သံဃာ့အရေးအခင်း ဖြစ်စဉ်ကလည်း အကြောင်းအရာ အစုံအလင်ကို စိတ်ဝင်တစား လာရောက်မေးမြန်းကြ၏။ သူတို့ ၄ယောက်စလုံးသည် လူမျိုးခြားများ ဖြစ်သော်လည်း အခြေခံကျသော ဘ၀ဆန်သော စိတ်ထားရှိသူများ ဖြစ်သည်။ နိုင်ငံများစွာသို့ အလည်အပတ် ရောက်ဖူး၍ ဆင်းရဲသည့်နိုင်ငံများကိုလည်း နှံ့နှံ့စပ်စပ် ရောက်ရှိလေ့လာဖူးသူများ ဖြစ်၏။
ယခုလည်း ဤမြန်မာအိမ်ဖော်၏ သတင်းကို နောက်ဆုံးသတင်းအဖြစ် ကျွန်မတို့ ပြောဖြစ်ကြသောအခါ တမူကွဲပြားသည့် အိမ်ရှင်များဖက်မှ သဘောထားအမြင်တချို့ကို ကြားသိခဲ့ရပါသည်။ Vivien က “ အိမ်ဖော်ခေါ်ရတာလည်း မလွယ်ပါဘူး။ မိသားစုစိတ်ဓာတ်ရှိပြီး အဆင်ပြေပြေ အလိုက်တသိ နေတတ်တဲ့ အိမ်ဖော်မျိုးက အရှားသား။ ကိုယ့်ပစ္စည်းမဟုတ်တိုင်း သုံးလိုက်မယ်ဟဲ့ ဆိုတဲ့ လူက ခပ်များများ။ ဒို့အရင် အိမ်ဖော်က ဖိလစ်ပိုင်ကလေ။ လုပ်တာကိုင်တာ ပြောစရာမရှိဘူး။ ဒါပေမယ့် ရေကို တအားသုံးတာ၊ တီဗီကို ကြည့်ကြည့် မကြည့်ကြည့် ဖွင့်ဖွင့်ထားတာက တော်တော်ဆိုးတယ်။ ပြောရင်လည်း မကြိုက်ဘူး။ မပြောပြန်ရင်လည်း မီတာခက ကိုယ်ပဲ ခံရတာလေ။ အစိုးရကို သွင်းရတဲ့ အလုပ်သမား အခွန်အခ (လဲဗီး) ကြေး၊ သူ့ပေးရတဲ့ လခ၊ စားခသောက်ခ၊ အ၀တ်အစား ကြုံရင်ကြုံသလို ၀ယ်ပေးခ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်က အစ အမျိုးသမီး အသုံးအဆောင်အဆုံး အိမ်ရှင်က ပေးရတာလေ။ နေတတ်ထိုင်တတ်မယ်ဆိုရင် သူတို့လခက အသားတင် မဟုတ်လား” ဟု သူမ၏ အမြင်ကို ပြောပြပါသည်။

Siewchin က “ဟုတ်တယ် ဟုတ်တယ်။ ငါ့အိမ်က အိမ်ဖော်ကတော့ တမျိုးဟေ့၊ အစားအသောက် အင်မတန် ဂျီးများတာ။ နေ့ကျန် ဟင်းဆိုတအိမ်လုံးစားတယ်။ သူမစားဘူး။ နေ့ကျန်မို့ မစားဘူးလို့လည်း ပွင့်ပွင့်လင်းလင်း မပြောရဲတော့ မဆာဘူး မဆာဘူး ဆိုပြီး ဟန်လုပ်နေတာ။ ကလေးဘီစကစ်တွေ ခိုးစားနေတာ ငါ့ယောက္ခမကြီးနဲ့ တန်းတိုးပါလေရော။ အဘွားကြီးကလည်း “ငါတောင် စားနိုင်ရင် နင်စားနိုင်ရမယ်”လို့ပြော၊ ဟိုကလည်း မစားဘူး ပေခံနေတာနဲ့ ငါပဲ နားညည်း မခံနိုင်လို့ ခုဆို နေ့ကျန်ဟင်းဆို ငါပဲ စားပစ်လိုက်တော့တယ်။ ဟားဟား။ အိမ်ဖော်ကို မကျွေးရဲဘူး။ တော်ကြာ ပွဲစားကတဆင့် သွားတိုင်မှ အလုပ်သမားဥပဒေတွေ ဘာတွေနဲ့ အလုပ်ရှုပ်ပါဘိသနဲ့” ဟု ရယ်ရယ်မောမောပြောသည်။
Thomas က “ငါ့အိမ်က ပထမအိမ်ဖော်က ၁လပဲ ခံတယ်။ ပြန်ပို့လိုက်ရတယ်။ ငါတို့က တအိမ်လုံးက ကျောင်းတွေ၊ အလုပ်တွေ သွားကြတာမဟုတ်လား။ မနက်ဆို ငါနဲ့ ငါ့မိန်းမက ရုံးသွား။ အိမ်ဖော်က ကလေးတွေကို ကျောင်းလိုက်ပို့ပြီးရင် အိမ်မှာ သူတစ်ယောက်ထဲပေါ့။ ဘယ်လောက်တောင် ထင်သလို နေလိုက်သလဲဆိုတာ လကုန်လို့ အိမ်ဖုန်းဘီလ် ရောက်လာတော့ S$1200၊ ငါရော ငါ့မိန်းမရော မျက်လုံးကို ပြူးသွားတာပဲ။ ကြည့်လိုက်တော့ အားပါးပါး ဖိလစ်ပိုင်ကို ခေါ်ထားတဲ့ Overseas Call တွေ ဆိုတာ နေ့စဉ်လိုလိုပဲ။ တခါတခါ ပြောရင် ၁နာရီကျော် ၂နာရီ၊ ဖုန်းဘီလ် မကျခံနိုင်ရိုးလား။ ခေါ်ပြီးမေးတော့ အစက ဘူးကွယ်နေသေးတယ်။ ဘီလ် ပြပြီး လက်ဆုပ်လက်ကိုင်မေးတော့မှ ၀န်ခံတယ်။ ပွဲစားကိုခေါ်ပြီး ပြန်အပ်လိုက်တယ်။ သူလဲခိုင်းလိုက် ရတာပေါ့။ ဖုန်းဘီလ်လား။ ဘယ်တတ်နိုင်မလဲ။ သူ့လခထဲက နှိမ်ပြီး ကျန်တာ ကိုယ်စိုက်ပေါ့” ဟု သူ့အတွေ့အကြုံကို ဝေမျှသည်။
Grace က “ငါ့အိမ်က အိမ်ဖော်ကတော့ ငါခေါ်ထားတာ မဟုတ်ပါဘူး။ ငါ့အစ်မ ခေါ်ထားတာလေ။ ငါ့အစ်မမှာ ကလေး၂ယောက်ရှိတယ်။ တခါ ငါရုံးကနေ နေ့တ၀က်ခွင့်ယူပြီး ပြန်သွားတုန်းက ကလေးအငယ်လေးကို ရေဇလုံထဲ ထည့်ထားပြီး အိမ်ဖော်က ဖုန်းပြောနေတာ။ ကလေးက ရေဆော့နေရတော့ ငြိမ်နေတာပဲ။ ဒါပေမယ့် တကိုယ်လုံးကတော့ အေးစက်နေပြီ။ ငါက ထုတ်ပစ်ချင်တာ ငါ့အစ်မက တားလို့။ ပွဲစားက ပြောင်းပေးမယ်ဆိုတာတောင် စာရွက်စာတမ်းကိစ္စ၊ ပြန်ပြီး အစအဆုံး အိမ်အထာ အခြေအနေကို သင်ရမယ့် ကိစ္စတွေနဲ့ အလုပ်ရှုပ်တယ်လေ။ ” ဟု ပြောပြသည်။
သူတို့ ပြောစကားများကို နားထောင်၍ ကျွန်မအတွေးပွားနေမိသည်။ ကျွန်မဆိုလျှင်ရော။ မိသားစုကို လွမ်းသည်ဟူ၍ တမှိုင်မှိုင် တတွေတွေ ချောင်ကွယ်တွင် မျက်ရည်ခိုးသုတ်နေသော မရွှင်မသာမျက်နှာနှင့် အိမ်ဖော်တယောက်၏ ခံစားချက်ကို နားလည်ပေးနိုင်ပါမည်လား။ ကျွန်မတို့ မြန်မာရုပ်ရှင်၊ ၀တ္ထုဇာတ်လမ်းများတွင် အဘယ်ကြောင့် အိမ်ဖော်မလေးများကသာ သနားစဖွယ် ဇာတ်လိုက်များ ဖြစ်၍ အိမ်ရှင်များက အခွင့်အရေးသမား(သို့) အကြင်နာမဲ့သော နိုင့်ထက်စီးနင်းလုပ်သူများ အမြဲဖြစ်နေသနည်း။ အပြင်လောကတွင်တော့ အိမ်ဖော်များကသာ အမြဲခံဖက်က မဟုတ်သည်မှာ အသေအချာပင်။ အိမ်ဖော်က လက်ထောက်ချသော ဖောက်ထွင်းမှုများ၊ အိမ်ဖော်ကြောင့် စိတ်ညစ်ရသော အိမ်ရှင်မများ သတင်းကို ကျွန်မတို့ အမြဲကြားဖူးနေကြပါသည်။
အမှန်တကယ်တော့ လင်ရော၊ မယားပါ အလုပ်လုပ်ကြသော အိမ်ထောင်စုများတွင် ကလေးသူငယ်အတွက်၊ သက်ကြီးမိဘဘိုးဘွားများအတွက် အဖော်အလှော်သည် မရှိမဖြစ်လိုအပ်ပါသည်။ လုပ်အားနှင့် ငွေကြေးကို လဲလှယ်ကြရာတွင် မေတ္တာစေတနာလေးပါ ဖြည့်စွတ်လုပ်ကိုင်ကြလျှင် ကမ္ဘာလောကသည် ပို၍ သာယာလှပနေမည်မှာ မလွဲဧကန်ပါပင်။ အလုပ်နှင့် စိတ်ခံစားမှုကို ရောထွေးမထားမှသာ ကြီးသည် ငယ်သည်မဟူ၊ လခနည်းနည်းများများ မည်သည့်အလုပ်မဆို အဆင်ပြေအောင်မြင်နိုင်မည် ဖြစ်ပါ၏။