Home ၀တ္ထုတိုများ မိုးခေါင်လွင်ပြင်၌ ပျိုးသောပန်းခင်း
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1686
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13153
mod_vvisit_counterတစ်လအတွင်း7679
mod_vvisit_counterစုစုပေါင်6း39108
Join us in Facebook
Facebook Fanbox 1.5.x.0
မိုးခေါင်လွင်ပြင်၌ ပျိုးသောပန်းခင်း

Views : 2192    

Favoured : 42

Rating 4.0/5 (20 votes)

မိုးခေါင်လွင်ပြင်၌ ပျိုးသောပန်းခင်း

စိုးသင့်ဆွေ

 

(၁)

ခရီးသည်ပို့ပြီးတော့ ဆိုက်ကားကို ဂိတ်ပြန်ထိုးတော့ တွေ့နေကြ သူတို့လေး တွေကို လမ်းထောင့်က အမှိုက်ပုံ မှာတွေ့ရပြန်သည်။ ကိုမောင်ဗို တို့ ဆိုက်ကားဂိတ်က ဈေးနားမှာ။ လမ်းထောင့်က အမှိုက်ပုံကတော့ ဈေးနဲ့ နီး၍ နွမ်းဖတ်နေလို့ရောင်းမရတဲ့ ကုန်စိမ်းတွေ၊ အမဲရိုးတွေ အစရှိတဲ့ ဈေးသည်တွေ စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေ ပြည့်နက်နေသည်။ အမှိုက်သိမ်းကား ပုံမှန်လာသိမ်းနေတဲ့ရက်မှာ မသိမ်းလို့ကတော့ အမှိုက်သရိုက်တွေ ကျီးဆွဲ၊ ခွေးဆွဲ ဖြင့် မြင်ရတာရော ၊ အနံ့ အသက်ပါ မကောင်းတော့။

 

အော်.. သူတို့လေးတွေဆိုတာ အမှိုက်ပုံမှာ လာပြီးတော့ ရှာဖွေရေး အမြဲလုပ်နေကြ ကလေးတသိုက်။ သူတို့လေးတွေ ဘယ်ကလာတယ် ဆိုတာတော့မသိ။ ဒါပေမဲ့ ဈေးပိတ်ချိန် ညနေစောင်းမှာတော့ သူတို့လေးတွေကို ပုံမှန် တွေ့ရသည်။ သူတို့မှာ အုပ်ထိန်းသူရှိလား မိဘမဲ့တွေလား ဆိုတာကိုတော့ သူ မသိ။ မကြာခဏတွေ့ နေလို့သာ သူသတိထားမိနေခြင်းပင်။

 

သူတို့အုပ်စုမှာ တချို့ကလေးတွေ ကညစ်ထေးပေကျံနေတဲ့ ကျောင်းစိမ်း ဘောင်းဘီလေးတွေ ဝတ်ထားသည်။ တချိန်တုန်းကတော့ ကျောင်းစိမ်း ဘောင်းဘီလေးတွေ ဝတ်ပြီး ကျောင်းစာသင်ခန်းထဲမှာ ထိုင်ကာ စာတွေသင်အံခဲ့ဖူးမည့်ပုံ။ ခုတော့လည်း ရာသီဥတုဒဏ် ကာကွယ်ရုံ၊ အရှက်လုံရုံအတွက် ဝတ်ဆင်ထားတဲ့ပုံမျိုးဖြစ်လို့နေသည်။ ဖွာလန်ကြဲ ဆံပင်နီကြောင်ကြောင်တွေ ၊ နေလောင်ထားတဲ့ မျက်နှာလေးတွေပေါ်က မျက်ဝန်းလေးတွေက ဆာလောင်မှုဖြင့် အမြဲဖျော့တော့နေသည်။

 

ကိုမောင်ဗို ညဖက် ဆိုက်ကားသိမ်းလာတော့ အတော်မှောင်နေပြီ။ ဈေးထောင့်နားရောက်တော့ အမှိုက်ပုံကိုတွေ့တော့ ကလေးတသိုက်ကို သတိရလိုက်မိသေးသည်။ ဒီအချိန်ဆို ဘယ်နေရာမှာအိပ်နေကြမလဲ။ နွေးနွေးထွေးထွေးမှ ရှိကြပါ့မလားဆိုတဲ့ အတွေးများ တွေးရင်း ဆိုက်ကားကို အိမ်ဖက်သို့ နင်းလာခဲ့သည်။

 

(၂)

"မောင်ငယ်ရင်သွေး နာဘိသေးလော့၊ ရှေးသရောအခါ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား သူဋ္ဌေးသားသည်၊ သားတယောက်ဖြစ် ချစ်၍တစေ၊ အိမ်မှာနေ၍…. ……၊ အိမ်မှနေ၍……."

"ချစ်၍တစေ…ချစ်၍တစေ…"

"ကဲ .. သာထူး နင်မရသေးဘဲနဲ့ လာပြီးတော့ စာကြည့်ပေးဖို့မပြောနဲ့ ပြန်ကျက်လိုက်ဦး .."

"ဟာ .. မမ ကလည်း ကျနော် စဉ်းစားနေတာလေ.. ခဏလေးပါ…"။

"မရဘူးဟာ .. ငါလည်း သင်္ချာတွေ တွက်ရဦးမယ်…."။

 

သားငယ် တို့ မောင်နှမ နှစ်ယောက် အခြေအချ ပြောနေသံကို သူ အိပ်ရာထဲမှ မထွက်သေးပဲ နားထောင်နေလိုက် သည်။ တနင်္ဂနွေနေ့ ဖြစ်လို့ သားတို့မောင်နှမ နှစ်ယောက် ကျောင်းက ပေးလိုက်သော အိမ်စာတွေ လုပ်နေခြင်းဖြစ်မည်။ ဇနီးသည်ကတော့ ကောက်ညှင်းပေါင်း ရောင်းရန် ထွက်သွားပြီဖြစ်ပေလိမ့်မည်။ သမီးကြီးက စာတော်သည် ဥာဏ်ကောင်းသည် အတန်းစဉ်တိုင်းတွင်လည်း ပထမ ရလေ့ရှိသည်။ သားငယ်လေး သာထူးကတော့ စာကိုတော့ လိုလားသည် ဒါပေမဲ့ မှတ်ဥာဏ်ကြောင့် သူများ ထက်ပိုပြီး စာကိုကျက်မှတ်ရလေသည်။

သူတို့ မိသားစုမှာ ကိုမောင်ဗိုက ဆိုက်ကားနင်း၍ မိသားစုအတွက် အဓိက ဝင်ငွေရှာသူဖြစ်သလို။ ဇနီးသည် မိထော ကလည်း ကောက်ညှင်းပေါင်းဗန်းကို ရွက်၍ မောင်တထမ်း မယ်တရွက် တာဝန်ကြေသူဖြစ်သည်။ အလုပ်ကို မခိုမကပ်သူတွေဖြစ်တာမို့ သူတို့ မိသားစုကတော့ ဘဝတူတွေထဲမှာ နည်းနည်းအသက်ရှုချောင်တဲ့ မိသားစု ဖြစ်လေသည်။

ကိုမောင်ဗို မျက်နှာသစ်ပြီးတော့ အိမ်ရှေ့ကိုထွက်လာတော့ သားလေးက စာကျက်နေတဲ့ စားပွဲကနေ လှမ်းပြီး..

"အဖေကြီး နိုးလာပြီလား .. အမေက အဖေ့အတွက် ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် ထမင်းစားပွဲမှာ အုပ်ဆောင်းနဲ့ အုပ်ထားတယ်တဲ့.. အကြော်နဲ့ စားချင်ရင်တော့ သားကို သွားဝယ်ပေးလိုက်လို့ မှာခဲ့တယ် သွားဝယ်လိုက် ရမလား အဖေ.."။

ကိုမောင်ဗို လက်ကာပြလိုက်တယ် .. သူရေနွေးကြမ်းငဲ့နေတော့ ထမင်းစားပွဲဝိုင်းနားကိုသားကလာထိုင်လေသည်။ " သား ရော စားပြီးပြီလား…." " စားပြီးပြီ… "။

"အဖေ့ကိုမေးစရာရှိလို့.. အဖေက ဆယ်တန်းအောင်တဲ့ထိ ကျောင်းနေခဲ့တယ် ဆိုတာဟုတ်လားဟင် "

" ဟုတ်တယ် သားရဲ့ ဘာလို့လဲ "

"အဖေက ဆယ်တန်းအောင်ပြီးတာတောင် ဘာလို့ ဆိုက်ကားမောင်းနေတာလည်းဟင် "။

ဒီလိုပဲ .. သာထူးက စူးစမ်းချင်တဲ့ စိတ်ကလေးရှိသည်။ မသိ နားမလည်သည်များကို အမြဲမေးလေ့ရှိသည်။ တခါတလေ သူမေးသည်များက ကိုမောင်ဗို မသိတာတွေ၊ မဖြေနိုင်တာတွေဖြစ်နေတတ်သည်။ ခုလည်း ကြည့်လေ .. ဖြေရခက်သော မေးခွန်းတခုကို မေးလာပြန်ချေပြီ။

"အဖေ ဆယ်တန်းရောက်တော့ သား အဘိုးဆုံးသွားတယ်… အဖေက သားအကြီးဆုံးဆိုတော့ ပိုက်ဆံရှာတဲ့ တာဝန်က အဖေ့ပေါ်ကိုပုံကျလာတယ်သားရဲ့ .. ဘွားဘွားကြီးနဲ့ သား အဒေါ်တွေက ဘာမှ စီးပွားရေး လုပ်တတ်ကိုင်တတ်တာ မဟုတ်ဘူး.. ဒီတော့ ဖေဖေက ရရာ အလုပ်တခုကို အမြန်ဆုံးလုပ်မှ ဖြစ်မှာသားရဲ့ .. ဖေဖေ က ဆယ်တန်းအောင်ပြီးတာတခုပဲရှိတော့ အလုပ်တွေက သိပ်မခန့်ချင်ကြဘူး ငါ့သား… ဒါနဲ့ နောက်ဆုံးတော့ ဘွားဘွားကြီးစုထားတဲ့ ပိုက်ဆံလေးနည်းနည်းနဲ့ ဒီဆိုက်ကားလေးကို ဝယ်၊ အဖေကိုယ်တိုင် နင်းပြီး အိမ် အတွက် ဝင်ငွေရှာရတော့တာပဲ သားရေ… ဆယ်တန်းကိုတောင် ဆိုက်ကားနင်းရင်းနဲ့ အားတဲ့ အချိန် စာကျက်ပြီး အောင်အောင် ဖြေခဲ့ရတယ် သား.. "။

သူ ရှင်းပြနေတာကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သားက နားထောင်နေလေသည်။ သားစိတ်ထဲတွင် သိပ် ဘဝင်ကျသေး ပုံမပေါ်ပေ။ သားထံမှ မေးခွန်းထပ်ပြီး ကြားရဦးမှာ သေချာသဖြင့် သူမဖြေနိုင်သော မေးခွန်း မဖြစ်ပါစေနှင့်ဟုကြိုတင် ဆုတောင်းထားလေသည်။

"ဒါဆို.. ဖေဖေ ဘာလို့ ဘွဲ့ မရတာလဲ"

" တက္ကသိုလ်ဆိုတာတက်ရင် ပိုက်ဆံတွေများကြီးကုန်တယ် သား.. အဲလောက် အကုန်ခံပြီးတက်နိုင်တဲ့ ငွေ အင်အားလည်း ဖေဖေ့မှာ မရှိဘူး။ နောက်ပြီး ကျောင်းစာကျက်ဖို့လည်း အချိန်မပေးနိုင်ဘူးပေါ့ ငါ့သားရယ်… အိမ်ထောင်စု အတွက်ဝင်ငွေရှာနေရတော့ ငွေဘက်ကိုပဲ လိုက်ခဲ့မိပြီး ကျောင်းစာသင်ခန်းနဲ့ ဝေးခဲ့ရတာ ပေါ့သားရဲ့"။

သားက ဘဝင်ကျသေးပုံမပေါ်.. ဒါပေမဲ့ သူဘယ်လိုမှလိုက်လို့ မမှီတဲ့ တက္ကသိုလ်ဆိုတာကြီးပါလာတော့ ဆက် မမေးပဲ ရပ်သွားသည်။ ပြီးတော့ စာကြည့်စားပွဲဆီကို ပြန်ထွက်သွားပြီး ကျက်လက်စစာကို ဆက်ကျက်နေသည်။

"မောင်ငယ်ရင်သွေး နာဘိသေးလော့ ..…ရှေးသရောအခါ ပြည်ဗြာရာဝယ်၊ ကုဋေကြွယ်သား သူဋ္ဌေးသားသည်၊ သားတယောက်ဖြင့် ချစ်၍တစေ၊ …… ချစ်၍တစေ…ချစ်၍တစေ"။

သာထူး စာကျက်လိုက် အလွတ်ပြန် ရွတ်လိုက်ဖြင့် ရှေ့ဆက်မတက်ပဲ တဝဲလည်လည်ဖြစ်နေတာ ကိုမောင်ဗို ကြားနေရသည်။ ထမင်းစားပွဲမှ လှမ်း အကဲခတ်လိုက်တော့ သားက မျက်စိကိုမှိတ်ထားရင်း ရှေ့ဆက် စာအံဖို့ အတွက် စာလုံးတွေကို စဉ်းစားနေသည်။ နောက်တော့ သူလက်လျော့လိုက်ဟန်ဖြင့် ဖတ်စာအုပ်ကို ဖုံးထားသော လက်ကို ဖွင့်ကြည့်လိုက်သည်။ ပြီးမှ ဆက်၍ မျက်လုံးပိတ်ကာ ထပ်ရွတ်နေပြန်သည်။

"ချစ်၍တစေ၊ အိမ်မှာနေ၍ စာပေမတတ်၊ အရှေ့အနောက်တောင်မြောက် ဘယ်မှာမသိပါငြား၊ .. မသိပါငြား…."

သား .. ဒီတခါတော့ စိတ်ပျက်သည့်ဟန်ဖြင့် ကိုမောင်ဗို ထိုင်နေရာ ဘက်ဆီကို တချက်ကြည့်လိုက်ရင်း။

"အဖေ .. ဒီကဗျာကို သားကျက်နေတာ တမနက်လုံးရှိနေပြီ.. မနက်ဖြန်ကြရင် အတန်းထဲမှာ အလွတ်ဆိုပြရမယ် လို့ ဆရာမကမှာလိုက်တယ်… မဆိုပြနိုင်ရင် ခုံပေါ်မတ်တတ်ရပ်ခိုင်းပြီး ဒဏ်ပေးမယ် လို့ပြောတယ် .. သား ကျက်လို့ မရသေးဘူး အဖေ .. မမ ကလည်း သားကို စိတ်မရှည်တော့လို့ စာမကြည့်ပေးတော့ဘူး"။

ပြောရင်းနဲ့ ငိုမဲ့မဲ့ဖြစ်လာသော သာထူးမျက်နှာလေးက ကြံရာမရဖြစ်နေတဲ့ပုံပေါ်လွင်နေလို့ ကိုမောင်ဗို စာကြည့် စားပွဲနားသို့ ထလာခဲ့လေသည်။

"ကဲသား ဘာစာကျက်နေတာလဲ… "

" ကုဋေရှစ်ဆယ် သူဋ္ဌေးသား ကဗျာ"

"အော် သားရယ် ပုံပြင်လေးလို စဉ်းစားပြီး ကျက်လိုက်ရင် ရသွားမှာပါ…. "

" မရဘူး အဖေ.. ဒီကဗျာက အရင် ကဗျာတွေနဲ့ မတူဘူး.. စာကြောင်းတွေက မှတ်ရတာ ခက်နေတယ်"။

" ဖြေးဖြေးပေါ့ သားရယ်.. ရမှာပါ…ကျက်လိုက်ဦး.. အဖေ ဆိုက်ကားဂိတ်ထိုးဖို့ အချိန်နီးနေပြီ.. ညနေပြန်လာ တော့ အဖေ ပြောပြမယ်လေ.. နော်…"။

ကိုမောင်ဗို စိတ်မကောင်းဖြစ်နေတဲ့ သားလေးကို ကျောခိုင်းပြီး အိမ်ခန်းထဲကိုပြန်ဝင်ကာ ဆိုက်ကားဂိတ်ထိုးအမှီ သွားရန် အတွက် အကျီ င်္လဲ ဝတ်လိုက်သည်။ အိမ်ခန်းထဲက ပြန်ထွက်လာတော့ သားငယ်ကို .. အိမ်ရှေ့ကပြင်တွင် ထိုင်လျက် ရှိုက်နေသည်ကိုတွေ့ရလေသည်။ စာကျက်မရသဖြင့် စိတ်ပျက်ကာ ငိုနေခြင်းပင်။

"သား.. မငိုနဲ့လေ စာက စိတ်ကြည်လင်မှ မြန်မြန်ခေါင်းထဲရောက်တာ သားရဲ့.. ခုသားစိတ်ပျက်ပြီး ငိုနေတော့ စာတွေ အလိုလိုရသွားရောတဲ့လား…"

ဒီလိုပြောတာတောင်မှ သားက အငိုမတိတ်ပဲ ပိုလို့တောင် ဝမ်းနည်းပမ်းနည်း ငိုနေတော့သည်။ သူ တခုခုတော့ သားကို စိတ်ပြောင်းအောင်လုပ်မှ ဖြစ်မည်။

"သားရေ... ထ ထ အဖေ နဲ့ ဂိတ်ကိုလိုက်ခဲ့.. လက်ဖက်ရည်ဆိုင်က .. အီကြာကွေး နဲ့ လက်ဖက်ရည် ဝယ်ကျွေးမယ်လေ…"

သားက သူကြိုက်သော အီကြာကွေး ဆိုသည်နှင့် ရှိုက်နေတာကို နားလိုက်ပြီး သူ့ကိုမော့ကြည့်လိုက်ပြီး စဉ်းစားနေသည်။ ပြီးတော့မှ ခေါင်းငြိမ့်လိုက်ရင်း ဖိနပ်ကိုထစီးပြီ်း အိမ်ရှေ့မှာရပ်ထားတဲ့ ဆိုက်ကား ဆီကို လက်ထဲမှာ ကျက်လက်စ ဖတ်စာအုပ်ကိုင်ပြီး ထွက်သွားသည်။

"သမီးရေ .. မောင်လေးကို အဖေ ဆိုက်ကားဂိတ်ကိုခေါ်သွားတယ်။ အမေပြန်လာရင် ဂိတ်ကိုလိုက် ခေါ်ခိုင်း လိုက်နော်" ကိုမောင်ဗို အိမ်ပေါ်က သမီးကြီးကို လှမ်းအော်လိုက်သည်။

(၃)

သားက ဆိုက်ကားပေါ်မှာ စကားတခွန်းမှ မပြောပဲလိုက်ပါလာသည်။ လက်ထဲမှာတော့ ကျက်လက်စ ဖတ်စာအုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လာသည်။ ကိုမောင်ဗိုကတော့ သားနဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ရမှာမို့လို့ လေလေးတချွန်ချွန်နဲ့ လိုက်ပါလာလေသည်။ လမ်းထိပ်ရောက်တော့ သားက စကားတခွန်း ပြောသည်။

"သားကျောင်းမနေချင်တော့ဘူး အဖေ… " သား စကားကြောင့် ကိုမောင်ဗို ဆိုက်ကားခြေနင်းကို ဖိနင်းနေတဲ့ ခြေထောက်တွေတောင် တန့်သွားသည်။ သားကတော့ သူ ဘာကြောင့် ကျောင်းမနေချင်တယ်ဆိုတာကို ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ဆက်ပေးနေလေပြီ။

"သား .. က မမ လို အတန်းတိုင်းမှာလည်း ပထမ မရဘူး .. နောက်ပြီး စာကျက်ရင်လည်း ခဏလေးနဲ့ အလွတ်မရဘူး အဖေ.." " သားကျတော့ ဥာဏ်မကောင်းပဲ .. ဘာလို့ မမကိုကြတော့ ဥာဏ်ကောင်းအောင် အဖေ နဲ့ အမေ က မွေးထားတာလဲ။"

ကိုမောင်ဗို စိတ်ထဲမှာ ဘုရားတမိလေသည်။ ဒုက္ခပါပဲ အဖေနဲ့ အမေကိုတောင် ဆွဲထည့်နေပြီ။ သား စာကျက်လို့ မရတာနဲ့ ကျောင်းတက်ဖို့ စိတ်မဝင်စားတော့မှာ သူတကယ် မလိုလားပါ။ သူတုန်းက ဆယ်တန်းအောင်ပြီး အခြေ အနေကြောင့် ဘွဲ့ မရခဲ့ပေမဲ့ သားတို့ကိုတော့ ဘွဲ့ရပညာတတ်တွေ ဖြစ်စေချင်ပါတယ်။

ဂိတ်ကိုရောက်တော့ တခြားဆိုက်ကားတွေတောင် ခရီးသည်ပို့ဖို့ထွက်သွားပြီ ဖြစ်၍ ဂိတ်မှာ ဆိုက်ကားတစီးမှ မရှိ။ သားကိစ္စဖြေရှင်းနေတာနဲ့ ဒီနေ့ မနက်ဂိတ်ထိုးတာ နောက်တောင်ကျသွားတယ်။ သားကို ခရီးသည် တစ်ယောက် ပို့ပြီးမှ လက်ဖက်ရည်ဆိုင် ထိုင်မယ်လို့ နှစ်သိမ့်ထားရသည်။

သားက ဆိုက်ကားပေါ်မှာထိုင်ပြီး သူ့လက်ထဲက ဖတ်စာအုပ်ကို ဖွင့်ပြီးစာကျက်နေသည်။ သားကို သူခရီးသည် စောင့်ရင်း စာကူကျက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သားကို ပထမဆုံးစာအုပ်ကိုကြည့်ပြီး ကဗျာကို ရွတ်ပြဖို့ ပြောလိုက်သည်။ သားက နံဘေးမှာ တခြား ဆိုက်ကားသမားတွေရှိလို့ နှုတ်မှတိုးတိုးရွတ်ပြသည်။

"မောင်ငယ်ရင်သွေး နာဘိသေးလော့၊

ရှေးသရောအခါ ပြည်ဗြာရာဝယ်၊

ကုဋေကြွယ်သား သူဋ္ဌေးသားလျှင်၊

သားတယောက်ဖြစ် ချစ်၍တစေ၊

အိမ်မှာနေ၍ စာပေမတတ်၊

မိဘစုတေ ခန္ဓာရွေ့သော၊

အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊

သူဋ္ဌေးသားသည် သိုထားမတတ်၊

အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိသည်မှာကို၊

များစွာကျွန်ပေါင်း မကောင်းခိုးယူ၊

ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍၊

ထောင်းထောင်းကြေလျှက်

ခွက်လက်စွဲကာ တောင်းစားပါလည်း၊

နင်သာလူမိုက် ဒုစရိုက်ဟု၊

ရိုက်ပုတ်လိုက်ကာ၊

ရွာမှထွက်၍ တောမှာသေသည်၊

ကောင်သေဠင်းဒ ကျ၏တည်း။"

"အော် သားရဲ့ .. ကဗျာ က ပုံပြင်တစ်ပုဒ်လို မှတ်ထား သိထားရင် ကျက်ရတာလွယ်ပါတယ်ကွ.."

"ဒါဆိုသားကိုပြောပြပါလား အဖေ.."

သူက ကဗျာရဲ့ အကြောင်းအရာကို သားနားလည် လွယ်မည့်စကားလုံးတွေနဲ့ရွေးပြီး ပုံပြင်ပြောသလို ရှင်းပြပေးလိုက်သည်။ သားက စိတ်ဝင်တစားနှင့် နားထောင်နေလေသည်။ အားလုံးရှင်းပြပြီးချိန်မှာတော့ သားက သူ့ကို မေးခွန်း တစ်ခုမေးလေသည်။

"အဖေ … ကုဋေရှစ်ဆယ် သူဋ္ဌေးသားက ငယ်ရွယ်စဉ်က စာမသင်ခဲ့လို့ တောင်းရမ်းစားသောက်ရတာ မဟုတ်လား"

"အင်းပေါ့.. သားရဲ့ ငယ်ငယ်တုန်းက ကျောင်းမသွားချင်ဘူးဆိုတာကို မိဘတွေက အလိုလိုက်ထားတော့ စာမတတ်ပဲ တွေးတောဆင်ခြင်နိုင်စွမ်းမရှိတော့ သူ့မိဘထားခဲ့တဲ့ အမွေတွေကိုမထိမ်းသိမ်းနိုင်ပဲ ကုန်သွားတာ ပေါ့။ နောက်တော့ သူက လမ်းတကာ လှည့်ပြီး တောင်းရမ်း စားသောက်ရတော့တာပေါ့ သားရယ် "

 

"အင်း… သားသိပါတယ်.. ဒါပေမဲ့ သားတွေးနေတာက လူတွေက သူ တောင်းရမ်းစားသောက်နေတာကို ဘာလို့ ရိုက်ရတာလဲ .. သားသာဆို သူဋ္ဌေးသားလေးကို ရိုက်မလွှတ်ပဲ စာသင်ပေးလိုက်မှာပေါ့။ ဒါဆို သူလည်း သေပြီး ဠင်းတ တွေထိုးဆိတ်တာ မခံရတော့ဘူးပေါ့နော်။"

 

သား ရဲ့ စကားအဆုံးမှာ သူ စိတ်နှလုံးတွေ နှုံးချိသွားသည်။ ဟုတ်သားပဲ .. တကြိမ်တခါ မှားယွင်းခဲ့သော သူတယောက်ကို လောကကြီးက ဒဏ်ခတ်လိုက်ပုံက သိပ်ပြီးတော့ တရားမျှတမှုမရှိသလိုဖြစ်၍နေသည်။ တခါတခါ စာနာမှုဖြင့် ဖေးမကူရမည့် အစား .. လဲရာ သူခိုးထောင်း သလိုဖြစ်နေတတ်တဲ့ လူအဖွဲ့အစည်ုး၏ မှားယွင်းမှု တခု ကို မြင်တွေ့မိလေသည်။

 

 

(၄)

 

ခရီးသည်တယောက်ရလို့ လိုက်ပို့ပြီး ဂိတ်ကိုပြန်လာချိန်တွင်တော့ သားက ပြုံးရွှင်စွာဖြင့် သူ့ကို ဆီးလို့ကြိုလေ သည်။

 

" အဖေ ပြောသလို ပုံပြင်လိုမှတ်ထားပြီး စာကျက်တာ .. သား အားလုံးအလွတ်ရသွားတယ် အဖေ… "

သားရဲ့ ဝမ်းသာမှုအရောင်လက်နေတဲ့ မျက်လုံးလေးကိုမြင်ရတာ သူ သက်ပြင်းကိုတိတ်တခိုးချမိသည်။

သားအဖ နှစ်ယောက်သား အောင်မြင်မှု အထိမ်းအမှတ်နဲ့ ဂိတ်ရှေ့က လက်ဖက်ရည်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ သားက သူ့အကြိုက်လက်ဖက်ရည် ချိုစိမ့်တခွက် နဲ့ အီကြာကွေးပူပူလေးကို ငုံပြီးစားနေတာကိုကြည့်လိုက် လမ်းပေါ်မှ ဈေးသွားဈေးပြန်တွေကို ကြည့်လိုက်လုပ်နေရင်း ကိုမောင်ဗို တစုံတခုကို သတိထားမိသွားလေသည်။

လမ်းထောင့်က အမှိုက်ပုံကို အမြဲမွေနှောက်နေကြ ကလေးတသိုက်ထဲက ကျောင်းစိမ်းဘောင်းဘီဝတ် ကလေး နှစ်ယောက်။ မနက်ပိုင်း ဈေးဝယ်သူစည်ကားတဲ့ အချိန်မို့လို့ ဈေးအဝင်ပေါက် မလှမ်းမကမ်းမှာ ခွက်လေးတွေ မြေကြီးပေါ်ချလို့ တောင်းရမ်းနေတာကို သူသတိထားမိသွားတယ်။

သူကြည့်နေတာကို သားက မြင်သွားလေသည်။ သားက ကလေးနှစ်ယောက်ကို သေချာစူးစမ်းနေပုံ ဖြင့်ကြည့်နေ လေသည်။ ပြီးတော့ သူ့ကိုပြန်ကြည့်လေသည်။ သားနှင့် သူ မျက်လုံးခြင်းဆုံမိကြလေသည်။ သား၏ မျက်ဝန်း လေးတွေသည် တစုံတခုကိုပြောချင်နေပုံရသည်။ သူကတော့ သား မျက်ဝန်းများ၏ အဓိပ္ပါယ်ကို ဖော်ထုတ်ကြည့် ဖို့ရန်အင်အားမရှိ။ သား မျက်လုံးများကို ကျိုးစားပြီး ဥပေက္ခာပြုခဲ့မိတဲ့အတွက်သာ သူ့မှာ မလုံမလဲခံစား နေရလေသည်။

 

စိုးသင့်ဆွေ

ဇန်နဝါရီလ ၄ရက်

နံနက် ၁၂း၃၇ မိနစ်

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 5 of 5 comments

1. 21-02-2009 12:16

correct
[i]very good idea. 
it's correct. do we have any chance to try again when we did mistake??? :? we are human being . so we should have a chance to try again when we'd done mistake. but we must be sure that don't do again like previous mistake.  
ur blog is very good . go ahead :zzz [/i]
Guest
wint

2. 04-02-2009 00:06

Good!!
ဟုတ်သားပဲ .. တကြိမ်တခါ မှားယွင်းခဲ့သော သူတယောက်ကို လောကကြီးက ဒဏ်ခတ်လိုက်ပုံက သိပ်ပြီးတော့ တရားမျှတမှု မရှိသလိုဖြ စ်၍နေသည်။ တခါတခါ စာနာမှုဖြင့်  ဖေးမကူရမည့်  အစား .. လဲရာ သူခိုးထောင်း သလိုဖြစ်နေ တတ်တဲ့ လူအဖွဲ့အစည်ုး၏ မှားယွင်းမှု တခု ကို မြင်တွေ့မိ လေသည်။ 
အတွေးကိုရသ မြောက်မြော က်တင်ဆက်နိုင်တာတွေ့ရ လို့အားပေး နေတယ်။ 
တော်တယ်......... ။
Guest
ညနေဥာဏ်

3. 29-01-2009 15:33

Sure ?
i feel that your post.
Guest
jasminemts

4. 28-01-2009 22:50

really
Grate bro....., 
How do you get this idea? 
Go on ..,make it more!!
Guest
lin

5. 27-01-2009 01:22

အမြဲဖတ်ချင်တယ်
အရေးအသားကောင်းတယ်၊ ဆက်ရေးပါ :)
Guest
ခရေဖြူ

Display 5 of 5 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Monday, 26 January 2009 02:02