Home ဆောင်းပါးများ အစားအသောက်မဆင်ခြင်တဲ့အခါ (၃)
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1635
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9821
mod_vvisit_counterတစ်လအတွင်း25390
mod_vvisit_counterစုစုပေါင်6း56819
Join us in Facebook
Facebook Fanbox 1.5.x.0
အစားအသောက်မဆင်ခြင်တဲ့အခါ (၃)

Views : 3124    

Favoured : 43

Rating 3.0/5 (7 votes)

 အစားအသောက်မဆင်ခြင်တဲ့အခါ (၃)

ကိုလေး (ဆေး-၁)

အစားအသောက် မဆင်ခြင်တဲ့အခါ လို့ ပြောတဲ့အခါတိုင်းမှာ အစားအသောက်များကို သင့်တင့်သလို မချက်ပြုတ်တာရဲ့ နောက်ဆက်တွဲအဖြစ် တွေ့ရတတ်တာမို့ ယခုအခါမှာလည်း အဲဒီ အကြောင်းအရာများထဲက အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အခြား ရောဂါများနှင့် မတူဘဲ ထူးခြားတဲ့အချက်ကတော့ အဲဒီလို အစားအသောက် မဆင်ခြင်တာ တွေရဲ့ နောက်မှာ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်တဲ့ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းသွားခြင်းများအပြင် ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်ဟာ လပိုင်း အနည်းငယ်အတွင်းမှာ ဖွံ့ဖြိုး လာခြင်းပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာပြစမှာ အမျိုးသားများ အနေဖြင့် ၀မ်းသာနိုင်လောက်တဲ့ သန်မာ ထွားကျိုင်းတဲ့ ကြွက်သားတွေ အလွန်အမင်း ဖွံ့ဖြိုးလာတာကို အချို့သော ဝေဒနာရှင် တွေမှာ တွေ့ရတာပါပဲ။ အဲဒီ့နောက်မှာတော့ အာရုံကြောတွေ အားနည်းလာပြီး အကြောသေသလို ခံစားရတတ်တဲ့ လက္ခဏာတွေလည်း ပြတတ်ပါတယ်။ အဲဒီ ရောဂါကို ဖြစ်စေတဲ့ ကပ်ပါးကောင်ကို လွန်ခဲ့တဲ့ ၁၇၃ နှစ်လောက်က လန်ဒန်မှ ဆေးကျောင်းသား တစ်ဦးဖြစ်တဲ့ James Pajet က တွေ့ရှိခဲ့တာ ဖြစ်ပြီး  အဲဒီနှစ်မှာပဲ Richard Owen ဆိုတဲ့ သူဟာ ထိုကပ်ပါးကောင်ကို Trichinella spiralis လို့ ဖော်ပြ အမည်တပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုနှစ်မှာပဲ R. Virchow နဲ့ F. Zenker တို့က ကပ်ပါးကောင်ရဲ့ ရှုပ်ထွေးလှတဲ့ ဘ၀ သံသရာနဲ့ ထိုရောဂါဟာ ရောဂါပိုး ခိုကပ်နေတဲ့ ခွေးရဲ့ အသားကို စားသုံးခြင်းကြောင့် ဖြစ်ပွားရတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Tirchinella ကို ယေဘူယျအားဖြင့် capluse ပါခြင်း၊ မပါခြင်းလို့ဆိုပြီးတော့ နှစ်မျိုးခွဲနိုင်ပါတယ်။ Capsule ပါတဲ့ အကောင်တွေက T. spiralis,T. nativa,T. Britovi,. Spiralis, T. nativa,Trichinella ,T. Britov ဖြစ်ပြီး Capsule မပါသော T. pseudospiralis, T. papuae, T. zimbabwensis ဆိုပြီး ရှိပါတယ်။

ထိုရောဂါသည် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေပေရာ ၁၉၉၅-၂၀၀၃ အတွင်းတွင် Austrilia တွင် ရောဂါဖြစ်ပွားမှု ၁၀ ခု၊ ပြင်သစ်တွင် ၁၄၀၊ ဂျာမနီတွင် ၁၀၆ခု၊ အီတလီတွင် ၉၉ ခု၊ စပိန်တွင် ၃၀၇ ခု၊ united kingdom တွင် ၂ ခုတွေ့ရှိရကြောင်း EU annual reported of zoonotic agents မှစာရင်းများက ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများတွင် အများဆုံးဖြစ်ပွားပြီး ထိုင်းနိုင်ငံတွင် ၁၉၆၂ ခုနှစ်၌ ပထမဆုံး outbreak ဖြစ်ပွားခဲ့ပြီး ၁၉၆၂ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်းတွင် ဖြစ်ပွားသော outbreak အကြိမ်ရေပေါင်း ၁၂၀ ရှိကာ လူပေါင်း ၆၇၀၀ခန့် ရောဂါဝေဒနာ ခံစားခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာတော့ ၁၉၆၄ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင် outbreake အကြိမ်ရေပေါင်း ၅၄၄ ခုဖြစ်ပွားကာ လူပေါင်း ၂၅၀၀၀ ကျော် ဝေဒနာခံစားခဲ့ရပါတယ်။

ရောဂါဖြစ်ပွားပုံ

ထိုကပ်ပါးကောင်များရဲ့ သားလောင်းအဆင့်များပါဝင်တဲ့ အသားစိမ်းများကို စားမိလျှင် ထိုကပ်ပါးကောင်ဟာ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိကာ ယင်းရဲ့ ဘ၀သံသရာကို စတင်မှာဖြစ်ပါတယ်။ ထိုကပ်ပါးကောင်လေးရဲ့ ဘ၀သံသရာကတော့ life cycle ဟာ ပုံမှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ် (figure from CDC). Trichinosis ဟာ အစားအသောက် မဆင်ခြင်လို့ ဖြစ်တဲ့ ရောဂါဖြစ်ပေမယ့် ကပ်ပါးပိုးများဟာ အသားစ (tissue) များမှာ နေတတ်တာကြောင့် လူလူချင်းကူးစက်မှုကိုတော့ မဖြစ်စေပါဘူး။ ဒါပေမယ့် အသားစား နှင့် အစုံစားသတ္တ၀ါများကို ကောင်းမွန်စွာချက်ပြုတ်မစားလျှင်  ရောဂါဖြစ်ပွားနိုင်ပါတယ်။

ကပ်ပါးကောင်သည် သတ္တ၀ါအတော်များများတွင် ခိုကပ်၍ ယင်း၏ ဘ၀ သံသရာကို ဖြစ်ပေါ်စေနိုင်ရာ ကြွက်၊ ကြွက်နှင့် ခပ်ဆင်ဆင် သတ္တ၀ါများ ဖြစ်သည့် shrews၊ လက်တင် အမေရိကားတွင် တွေ့ရတတ်သည့် သင်းခွေချပ်နှင့်တူသော armadillo ဟုခေါ်သော အကောင်ငယ်ကလေးများ၊ ယုန်ကလေးများ၊ လင်းပိုင် အမျိုးအစားများ၊ မြင်း၊ အိမ်မွေး ၀က်ကလေးများ၊ တောဝက်ရိုင်းများ၊ နွား၊ ဆိတ်၊ သိုး၊ တန်ဒြာဒေသ သမင်တစ်မျိုး၊ ရေမြင်း၊ အသားစားသတ္တ၀ါအမျိုးပေါင်း ၈၀ ကျော်တွင် တွေ့နိင်ပါတယ်။ ထို့အပြင် အချို့သော ကပ်ပါးကောင်များကို ကြက်၊ ဘဲ၊ ခို၊ ဗျိုင်း၊ လင်းယုန်၊ မိကျောင်း၊ လိပ်၊ ဖွတ်၊ မြွေ စသည်တို့တွင်လည်း ခိုကပ်နေနိုင်တာကို တွေ့ရှိရပါတယ်။

ရောဂါလက္ခဏာများမှာ

၁။ ပထမအဆင့်
ဒီအဆင့်ဟာ ကပ်ပါးကောင်များပါသော အသားများကို စားသုံးပြီး ပထမ တစ်ပတ် နှစ်ပတ်အတွင်းမှာ ဖြစ်ပွားတတ်ပါတယ်။ ကပ်ပါးကောင်များဟာ ရောဂါဖြစ်ပွားနေသူရဲ့ အူလမ်းကြောင်းအတွင်းမှာသာ ရှိသေးတဲ့အတွက် အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာများဖြစ်တဲ့ ၀မ်းသွားခြင်း သို့မဟုတ် ၀မ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း မူးဝေခြင်းများကို ခံစားရမှာဖြစ်ပါတယ်။

၂။ ဒုတိယအဆင့်
ဒီအဆင့်ကတော့ စားသုံးပြီး ၂ပတ်မှ ၃ ပတ်အတွင်းမှာဖြစ်တတ်ပြီး ကပ်ပါးကောင်ရဲ့ သားလောင်းများ ခန္ဓာကိုယ်အနှံ့အပြားသို့ သွားရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာရှင်ဟာ ဖျားနာခြင်း၊ မျက်လုံးဝန်းကျင်နှင့် မျက်နှာတို့တွင် ဖူးရောင်နေတတ်ခြင်း၊ မျက်လုံးတွင် သွေးယိုစိမ့်ခြင်း၊ အင်ပြင်ကဲ့သို့အဖုအပိန့်များထွက်ခြင်း၊ နှလုံးရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဦးနှောက်အတွင်းသို့ပိုးရောက်ရှိကာ ဦးနှောက်ရောင်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ သွေးစစ်ဆေးကြည့်မယ်ဆိုရင်တော့ သွေးဖြူဥအမျိုးအစားတခုဖြစ်တဲ့ Eosinophils တွေ တက်နေမှာ ဖြစ်ပါတယ်။

၃။ တတိယအဆင့်
ဒီအဆင့်ကတော့ စားသုံးပြီး ၃ပတ်မှ ၅ ပတ်အတွင်းမှာ ဖြစ်ပွားတတ်ပြီး ကပ်ပါးကောင်ရဲ့ သားလောင်းကလေးများဟာ capsule ကလေးများဖြင့် ဖုံးအုပ်ကာ ဝေဒနာရှင်ရဲ့ အသားစများတွင် ခိုအောင်းနေထိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာရှင်ဟာ ကြွက်သားများ နာကျင်နေတတ်ခြင်း၊ တခါတရံတွင်ကြွက်သားများ အဆမတန် ကြီးထွားလာခြင်း၊ အာရုံကြောနှင့်  ကြွက်သားများ အားနည်းလာခြင်းကြောင့် မလှုပ်ရှားနိုင်တော့ခြင်းများကို ခံစားရနိုင်ပါတယ်။

ဝေဒနာခံစားရသူကိုလေ့လာကြည့်ပါက

၁။အထက်ဖော်ပြပါ ရောဂါလက္ခဏာများကိုတွေ့နိုင်ခြင်း။
၂။ ရောဂါ ဖြစ်ပွားနေသူရဲ့ရာဇ၀င်ကိုကြည့်ပါလျှင် အသားစိမ်းများကို စားသုံးထားသော ရာဇ၀င်ရှိခြင်း။ (တခါတရံတွင်မူ သတိမပြုမိသည်များ ရှိတတ်ပေသည်။)
၃။ သွေးစစ်ကြည့်မည်ဆိုပါက သွေးဖြူဥများတက်နေခြင်း၊ သွေးဖြူဥ အမျိုးအစားတစ်ခု ဖြစ်သည့် Eosinophils ပမာဏ တက်နေခြင်း။
၎။ ELISA , Indirect Immunofluorescent Test စသော ခေတ်မီစနစ်များကို အသုံးပြု၍ ရှာဖွေသိရှိနိုင်ခြင်း။
၅။ ရောဂါဖြစ်ပွားနေသူ၏ အသားစကိုယူ၍ စစ်ဆေးခြင်းဖြင့် Trichinosis ကပ်ပါးကောင်ရဲ့ သားလောင်းကလေးများကို တွေ့ရှိနိုင်ခြင်းအားဖြင့် စစ်ဆေးနိုင်ပါတယ်။ အသားစယူပြီး စစ်ဆေးခြင်းကတော့ ဒီရောဂါအတွက် တိကျတဲ့ စစ်ဆေးခြင်း တစ်ခုလည်း ဖြစ်ပါတယ်။


ကုသနည်း
ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ကျွမ်းကျင်သောဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ကုထုံးကတော့ လူတိုင်းလိုလို အကျွမ်းတ၀င် ရှိလှတဲ့ သံချဆေး တစ်မျိုးဖြစ်တဲ့ mebendazole ၂၀၀-၄၀၀ မီလီဂရမ် ကိုတနေ့လျှင် သုံးကြိမ်နှုန်းဖြင့် သုံးရက် သောက်ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၄၀၀-၅၀၀ မီလီဂရမ်ကို သုံးကြိမ်နှုန်းဖြင့် ၁၀ ရက် ထပ်သောက်ရမှာ ဖြစ်ပါတယ်။ အချို့သော ရောဂါဝေဒနာ ပြင်းထန်သူများ အတွက်တော့ steroid တစ်မျိုးဖြစ်တဲ့ Prednisolone ကို တစ်နေ့လျှင် ၅၀မီလီဂရမ် အားဖြင့် ကျွမ်းကျင်တဲ့ ဆရာဝန်မှ ချိန်ဆပြီးပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ ဆိုရိုးအတိုင်း အဆိုပါ ရောဂါမဖြစ်ပွားစေရန် ထိရောက်စွာ ကာကွယ်နိုင်မည် ဆိုပါလျှင် များစွာအကျိုးရှိမည် ဖြစ်ကာ …အချို့ကာကွယ်မှုများကို အောက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်။

မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးသော သူများအနေဖြင့်
၁။ဝက်များကို အစာကျွေးရာတွင် သင့်တင့်လျှောက်ပတ်သော အစားအစာဖြစ်စေရန် ကြပ်မတ်ခြင်း။
၂။ ယင်းကပ်ပါးကောင်ကလေးများကို သယ်ဆောင်နိုင်သော ကြွက်နှင့် အခြားသော သတ္တ၀ါများကို နှိမ်နင်းခြင်း။
၃။ အကယ်၍မွေးမြူထားသော ၀က်သည် အကြောင်းတမျိုးမျိုးကြောင့် သေဆုံးခဲ့သည်ရှိသော် သင့်တင့်စွာ မြှပ်နှံသင့်ခြင်း။
၎။ ၎င်းဝက် အသေကောင်ကလေးကို အခြားသော သတ္တ၀ါများနှင့် ထိတွေ့မှု မရှိစေရန် ဂရုပြုခြင်း။
၅။ အိမ်မွေးဝက်နှင့် အခြားသော အိမ်မွေးတိရစ္ဆာန်များ၊ တောဝက်များနှင့် မထိတွေ့စေရန်  ၀က်မွေးခြံများကို သေချာသပ်ရပ်စွာ ဆောက်လုပ်ထားခြင်း။

အိမ်ရှင်မများ၊ စားသုံးသူများအနေဖြင့်
၁။ အသားများကို ကိုင်တွယ် ပြင်ဆင်ရာတွင် ဂရုပြုသင့်ခြင်း။
     ၁.၁။ အသားများကို ချက်ပြုတ်မည်ဆိုပါလျှင် အပူချိန် ၆၀ဒီဂရီ စင်တီဂရိတ်ထက်ပိုသောအပူချိန်တွင် အနည်းဆုံး ၅မိနစ်မှ ၁၀မိနစ်ထိ ချက်ပြုတ်သင့်ခြင်း။
     ၁.၂။ အသားများကို ရေခဲသေတ္ထာထဲတွင် ခဲထားမည်ဆိုပါလျှင်လည်း ရေခဲမှတ်အောက် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ရက်၂၀ ၊ ရေခဲမှတ်အောက် ၂၃ ဒီဂရီ စင်တီဂရိတ်တွင် ၁၀ ရက်ခန့် သို့မဟုတ် ရေခဲမှတ်အောက် ၃၀ ဒီဂရီ စင်တီဂရိတ်တွင် ၆ ရက်ခန့်သာ ထားသင့်ပြီး အသားပြား၏ အထူသည်လည်း ၁၅ စင်တီမီတာထက် ပါးလွှာသင့်ပါတယ်။
၂။ အရေးကြီးသည့် အချက်တစ်ခုမှာ သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးခြင်း ဖြစ်ပါတယ်။
၃။ ထိရောက်မှန်ကန်သော ကျန်းမာရေး အသိပညာရှိမှုသည်လည်း လူသားတို့၏ ကျန်းမာရေးကို အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ ကျန်းမာရေး အသိပညာ ရှိဖို့ ရာလည်း အလွန်အရေးကြီးလှပါတယ်။

 မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ အသားစိမ်းများကို စားသုံးခြင်းမှာ လွန်စွာ ရှားပါးလှသောကြောင့် မြန်မာပြည်တွင် ထိုရောဂါဖြစ်ပွားမှုကို စာရင်းဇယားများဖြင့် မတွေ့ရသော်လည်း ကမ္ဘာအနှံ့သို့ သွားလာနေကြခြင်း၊ ဓလေ့ထုံးစံများ ပြောင်းလဲလာခြင်း၊ သန်မာထွားကျိုင်းစေခြင်း အလို့ငှာ တောရိုင်းကောင်များကို စားသုံးခြင်း စသည့်အကြောင်းအချက်များကြောင့် ရောဂါကူးစက်နိုင်ဖို့ အလားအလာရှိနိုင်ပေရာ အစားအသောက် မဆင်ခြင်မိရာမှ ကျန်းမာရေးကို မထိခိုက်မိစေရန် အစားအသောက် စားသုံးရာတွင် ဆင်ခြင်ခြင်းအားဖြင့် ထိုကပ်ပါးကောင်ရန်မှ ကာကွယ်သင့်ပါတယ်။


ကိုးကား
1.Lecture notes from Diploma in Tropical Medicine and Hygiene from mahidol university, Bangkok school of tropical medicine, Thailand.
2.CDC
3. Charles Davis, MD, PhD, William C. Shiel Jr., MD, FACP, FACR, trichinosis, medicinenet.com.
4.C.Verajit, I.Pewpan, K.Supinda at el. ACQUIRED PROGRESSIVE MUSCULAR HYPERTROPHY AND TRICHINOSIS. Am. J. Trop. Med. Hyg., 72(5), 2005, pp. 649–650.
 
ကိုလေး (ဆေး-၁)
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 1 of 1 comments

1. 05-02-2009 05:06

သံကောင်ကိုး...
ကပ်ပါးကောင် ကပ်ပါးကောင်ဆိုလို့ ဖတ်နေတာ.. ပုံ ကို မြင်တော့မှ သံကောင် မှန်းသိတော့ တယ်.. ကျေးဇူးပါ..
Guest
အောင်အောင်

Display 1 of 1 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Saturday, 24 January 2009 01:26