
တခါက ဟောင်တတ်လွန်းလေတဲ့ ခွေးလေးတစ်ကောင် ရှိလေရဲ့။ ခင်ဗျားတို့ ကြားဖူးကြတဲ့အတိုင်းပေါ့။ ဟောင်လွန်းတဲ့ခွေး လူမလေးတဲ့။ အဲဒီခွေးလေးကိုလည်း ဘယ်သူမှ မလေးစားဘူးလေ။ ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာတယ်။ ခွေးပဲ ဟောင်မှာပေါ့။ ဘာဖြစ်လဲပေါ့နော်။ စိတ်လက် ကြည်သာနေချိန်ဆိုရင်တော့ ခွေးဟောင်တာကို ခွေးဟောင်တယ်ဆိုပြီး သတိပြုမိလိုက်ရုံကလွဲလို့ ဘာမှလည်း စိတ်လက်ကိုယ်ပါ ပြုမိကြမယ် မဟုတ်ပေဘူး။ အချိန်တန်ရင် တိတ်သွားမှာပေါ့ဆိုပြီးတော့တောင် ဖြေတွေးကလေး တွေးမိကြပေဦးမယ်။
အဲ .. စိတ်လက်များ မကြည်သာလို့ကတော့ ဟာ … ဒီသောက်ခွေးကွာ ဆိုပြီး ပိတ်ကန်ချင်လည်း ကန်မယ်။ ခဲနဲ့ ထုချင်လည်း ထုမယ်။ ဉာဏ်ပညာ ကြီးမားလှစွာသော လူသားတွေ ဘာရယ်ကြောင့်များ ခွေး ဒီလောက် ဟောင်နေရပါလိမ့်လို့ စူးစမ်းလိုမှုက နည်းကြလေခြင်းကွယ်။ တစ်ချို့တစ်ချို့သော မနေနိုင်သူများကြပြန်တော့ ခွေးကလည်း ဟောင်လိုက်တာရယ်ဆိုပြီး မီးအိမ်ဆွဲသူဆွဲ ဓါတ်မီးထိုးသူထိုးပြီး စပ်စုကြပြန်တယ်။ အဲလို စပ်စုသူတွေကို ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်ရယ်လို့ ပြောသူတွေကလည်း ပြောကြပြန်တယ်။
အဲဒါဟာ လူသားကော ခွေးပါ ပေါ်စဦး ခေတ်လောက်ကတည်းက ခွေးဟောင်ခြင်းနဲ့ ပတ်သတ်လို့ လူတွေပြုမူခဲ့ကြတဲ့ အပ်ကြောင်းထပ် ပုံပြင်တစ်ပုဒ်ပေါ့။
ကျွန်တော်ဟာ ပါးစပ်ပါလို့ ဟောင်တတ်တဲ့ ခွေး တစ်ကောင်ဖြစ်ခဲ့တယ်။ အခြေအနေထူးတွေကို ကိုယ့်သခင် သိစေဖို့ ဟောင်ခြင်းနဲ့ သတိပေးလေ့ရှိတတ်တဲ့ ခွေးတစ်ကောင်လည်း ဖြစ်တယ်။ ပြီးတော့ ကိုယ့်ခံစားချက်တွေ သခင် သိစေဖို့ ကျယ်ကျယ် လောင်လောင်နဲ့ ရှည်ရှည်ဝေးဝေး ရှင်းပြတတ်တဲ့ ခွေးတစ်ကောင်လည်းဖြစ်တယ်။ အမှန်ဆိုရင်တော့ ကျွန်တော်က ကျွန်တော်တတ်တဲ့ ဘာသာစကားနဲ့ သခင်သိရလေအောင် ပြောပြတာပါ။ ခက်တာက သခင်က ကျွန်တော့်ရဲ့ ဘာသာစကားကို နားမလည်လေတော့ ဟောင်တယ်လို့ပဲ သတ်မှတ်တယ်။
သခင်ဟာ စိတ်လိုလက်ရရှိနေရင် ကျွန်တော် ဟောင်တိုင်းမှာ ပြုံးလို့နေတတ်တယ်။ ကျွန်တော့်မှာတော့ ပြောပြလိုက်ရတာ သခင်က ခေါင်းတညိတ်ညိတ်နဲ့ ပြီးတော့လည်း ကျွန်တော်ဘာပြောချင်မှန်း သိပုံမရပါဘူး။ တစ်ခါတရံမှာတော့ သိနေလို့လား တိုက်ဆိုင်တာလားတော့ မသိပါဘူး။ သခင်ဟာ ကျွန်တော် ပြောပြနေတာတွေကို တောင်းဆိုနေတာတွေကို လိုလိုလားလား လုပ်ပေးလေ့ရှိတယ်။
သခင်ဟာ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဲဒီလိုပဲ ကျွန်တော်ကလည်း သခင့်ကို သိပ်ချစ်တယ်။ သခင်ဟာ ကျွန်တော့်ကို ဘယ်လောက်များချစ်သလဲဆိုတော့ သူ့ဆီ ကျွန်တော်ရောက်သွားတဲ့ နေ့ကနေစလို့ ကျွန်တော်နဲ့ တတွဲတွဲ တစ်ခါမှလည်း မခွဲဘူး။ သူသွားလေရာမှာ ကျွန်တော့်ကိုပါ ခေါ်ဆောင်သွားလေ့ရှိတယ်။ တစ်ချို့နေရာတွေဆို ကျွန်တော်လိုက်လို့ မရလေတာကြောင့် သခင်ဟာ အရင်သွားနေကြ ဖြစ်ပုံပေါ်နေသည့်တိုင်အောင် မသွားတော့ဘူး။ ဒါပေမယ့်လည်း မဖြစ်မနေ သွားစရာ ရှိရင်တော့လည်း သွားရတာပေါ့လေ။ ဥပမာ သခင့်အလုပ်။ သခင်အလုပ်သွားတဲ့ အချိန်တွေမှာဆို ကျွန်တော်ဟာ အိမ်မှာ တစ်ကောင်တည်း နေခဲ့ရတယ်။
ကျွန်တော်ကလည်း သခင့်ကို ချစ်တာပါပဲ။ သခင့်အရိပ်ကို တကြည့်ကြည့်နဲ့ သခင့်ရိပ်ခြည်ရိပ်ပါးကို နားလည်တဲ့ ခွေးလိမ်မာတစ်ကောင်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သခင်အလုပ်သွားပြီဆိုရင် ကျွန်တော်ဟာ တစ်ကောင်တည်းကျန်ခဲ့ရမှာကို မနှစ်မြို့သည့်တိုင်အောင် သခင့်ကို ပြုံးပြပြီး အမြီးကလေးနံ့ကာ နှုတ်ဆက်လေ့ရှိတယ်။ ညည သခင်အိပ်နေချိန်တွေမှာလည်း အေးချမ်းစွာ အိပ်စက်လို့ရလေအောင် စောင့်နေပေးလေ့ရှိတယ်။

အရင်တုန်းက လမ်းဘေးမှာ နေလာခဲ့ရတာမို့ ကျွန်တော်က နည်းနည်းတော့ ရိုင်းတယ်။ သခင့်ကို အန္တရာယ်ပေးတယ်လို့ ကျွန်တော်ယူဆရင် အတင်း ကိုက်တော့တာပါပဲ။ ဒါပေမယ့် သခင်က ကျွန်တော်အဲလို ရိုင်းတာကို မကြိုက်မှန်းသိတော့ နောက်ပိုင်းမှာ ကျွန်တော် မရိုင်းတော့ပါဘူး။ လူတွေ့ရင် ပြုံးပြနှုတ်ဆက် အမြီးလေးနံ့ပြတတ်လာတယ်။ တစ်ခါတရံမှာ သခင်ကျွန်တော့်ကို ဂရုမစိုက်နိုင်ရင် ကျွန်တော် အရမ်းဝမ်းနည်းတာပေါ့။ ခွေးဆိုတော့လည်း ၀မ်းနည်းရင် ဘီယာလေးသောက်လိုက် အရက်ကလေးမော့လိုက်နဲ့ မူးပြီးလည်း မရမ်းတတ်လေတာမို့ ချောင်ကလေးတစ်ချောင်ချောင်ရှာပြီး ခွေခွေလေး ငိုနေမိတတ်တယ်။
သခင်က အလုပ်တွေ ရှုပ်လာလို့ ကျွန်တော်သူ့နားစကားတွေသွားပြောရင် (ဟောင်ပြရင်ပေါ့လေ) ကျွန်တော့်ကို ငေါက်တတ်တယ်။ အဲလိုအခါတွေကို အမြီးကလေးကုပ်ပြီး နေနေရတာပေါ့။ ကျွန်တော် ဘာပြောလို့ရမှာလဲလေ။ သခင်က သူ့အလုပ်မှာ တခြားလူတွေ မရှိတဲ့နေ့တွေဆို ကျွန်တော့်ကို ခေါ်ခေါ်သွားတတ်တယ်။ ကျွန်တော် တစ်ကောင်တည်းနေနေရမှာစိုးလို့လေ။ ဒါပေမယ့် တခြားလူတွေနဲ့ဆိုရင်တော့ သူလည်း ခေါ်သွားလို့မရဘူးပေါ့။ တစ်ခါက သခင်ဟာ သူ့အလုပ်ထဲကို ကျွန်တော့်ကို အမြဲခေါ်သွားဖို့ ကြံဖူးတယ်။ ဒါပေမယ့် အဆင်မပြေတော့လည်း ဒုံရင်းအတိုင်းပဲပေါ့။ သခင် မနက်စောစောအလုပ်သွားပြီဆို ကျွန်တော်ဟာ ထထပြီး ပြုံးပြ အမြီးနံ့ပြပြီး နှုတ်ဆက်ရပြန်ကော။
တစ်ခါကဆိုရင် သခင်ဟာ လူမှုရေးကိစ္စတစ်ခုအတွက် အပြင်သွားဖို့ ရှိလာကော။ ကျွန်တော်က သခင့်နဲ့ ဆော့ကစားရချိန် ရှားလွန်းတာကြောင့် မသွားစေချင်ဘူး။ အဲဒါကြောင့် သခင်သွားဖို့ ပြင်ဆင်ကတည်းက တတွတ်တွတ်နဲ့ ပြောနေ (ဟောင်နေ) လိုက်တာ။ ကျွန်တော့်စိတ်ထဲမှာတော့ သခင်ဟာ ကျွန်တော့်စကားကို အလေးထားပြီး ကျွန်တော့်ကို အဖော်လုပ်မယ်လို့ ထင်မိတာကိုး။ နောက်ဆုံးတော့လည်း သခင်ဟာ ဖုန်းသံတစ်ချက်မြည်အပြီးမှာ ကျွန်တော့်ကို ပွတ်သပ်ပြီး သွားပြီဟေ့ဆိုကာ ထွက်သွားတော့တာပါပဲ။ သြော် … ဟုတ်ပေသားပဲ။ ကျွန်တော်ဟာ ခွေးတစ်ကောင်ဆိုတော့လည်း ဟောင်သာဟောင်နေရတယ်။ ဘာကိုဆိုလိုမှန်း သခင်သိနိုင်မယ် မဟုတ်ပေဘူးလေ။
ကျွန်တော်ရယ် သခင်ရယ် နှစ်ယောက်တည်း (အဲလေ … တစ်ယောက်နဲ့ တစ်ကောင်တည်း) ရှိတဲ့ ဘ၀ကလေးမှာ သခင်ဟာ အလုပ်သိပ်ရှုပ်ရှာသူမို့ ကျွန်တော့်ကို အချိန်ပြည့် ဂရုမစိုက်နိုင်ဘူးလေ။ ဒါပေမယ့်လည်း သခင်ဟာ အလုပ်ချိန်ပြီးတာနဲ့ တပြိုင်နက် အလုပ်တွေ ပြီးပြီး မပြီးပြီး ကျွန်တော့်ကို အဖော်ပြုပေးရှာတယ်။ ညညဆို သခင်ပင်ပန်းလွန်းတာမို့ အိပ်မောကျနေတာကို မြင်နေတွေ့နေရရင် ကျွန်တော် အရမ်းဝမ်းနည်းတာပဲ။ နောက်ပြီး သခင့်ရဲ့ အလုပ်တွေ မပြီးဘဲ ကျွန်တော့်ကို အချိန်ပေးပေးနေရတာကို အားနာလို့လာတယ်။ တစ်ဖက်ကလည်း သခင် ကျွန်တော့်အပေါ် အခုလို ဂရုစိုက်တာကို ကျေနပ်ပျော်ရွှင်မိတယ်လေ။
တစ်နေ့မှာ ကျွန်တော် နေမကောင်းဖြစ်တယ်။ သခင်က ချက်ချင်းမသိရှာဘူးလေ။ နောက်တော့ သခင်သိသွားပြီး ကျွန်တော့်ကို ဂရုတစိုက် ပြုစုပေးရှာတယ်။ အလုပ်ကိစ္စတွေက တစ်ဖက်နဲ့ဆိုတော့ အချိန်ပြည့်တော့လည်း ဂရုမစိုက်နိုင်ရှာဘူးပေါ့လေ။ တစ်ရက်လည်းကျကော သခင် အိပ်ပျော်နေတုန်းမှာ ကျွန်တော် သခင်ဖတ်လက်စ စာအုပ်ကလေးကို ကြည့်မိတယ်။ သိပ္ပံမောင်ဝရဲ့ အာမိတ်အကြောင်းရေးထားတဲ့ ၀တ္ထုတိုကလေးပေါ့။ စာကြောင်းကလေးက အာမိတ်ကား ပြည်ဖုံးကားချလေပြီတဲ့။ ကျွန်တော်ဟာ အိပ်မောကျနေတဲ့ သခင့်ကို တွေကြည့်ရင်း … ။