Home ၀တ္ထုတိုများ ခွင့်မပြုချင်ပါ
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1492
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း4986
mod_vvisit_counterတစ်လအတွင်း20555
mod_vvisit_counterစုစုပေါင်6း51984
Join us in Facebook
Facebook Fanbox 1.5.x.0
ခွင့်မပြုချင်ပါ

Views : 3097    

Favoured : 38

Rating 3.9/5 (19 votes)

ခွင့်မပြုချင်ပါ
အေးချမ်း(သံလွင်)
မြကျွန်းသာပန်းခြံ။

ကမ္ဘာအေးဘုရားလမ်းဘက်မှ အင်းလျားကန်စောင်းကို မေးတင်ထားသော ပန်းခြံကြီး။ ဒီပန်းခြံကို မိုးမရွာသော ညနေခင်းတိုင်းနီးပါး သူရောက်ဖြစ်သည်။ ကန်ကိုဖြတ်သန်းလာသည့် ရေငွေ့ပါသော ရနံ့တစ်မျိုး၊ သစ်ပင်ကြီးများကို ထိုးဖောက်တိုက်ခတ်လာတတ်သော အေးစိမ့်စိမ့်လေပြေလေး၊ ကားကြီး၊ ကားငယ်တို့၏ အင်ဂျင်သံကို အံတုနေတတ်သည့် ငှက်ငယ်တို့၏ တေးသီသံတို့ဖြင့် မြကျွန်းသာသည် လှပနေတတ်သည်ကို သူသိပါသည်။ တကယ်တော့ ဒီပန်ခြံကြီး၏ သဘာဝအလှမှန်သမျှကို သူ တချိန်က အပြည့်အဝခံစားနိုင်ခဲ့ဖူးသည်။ ထို "တချိန်က" ဆိုသောစကားသည် လွန်ခဲ့သော ဆယ်လခန့်အထိ ဖြစ်သည်။ တနည်းအားဖြင့် သူ မျက်စိမကွယ်ခင်က အထိပင်ဖြစ်ပါသည်။ ဦးနှောက်တွင် အဖုအကြိတ် ၂ ခုခန့်တွေ့ရသဖြင့် ခွဲစိတ်ရန်လိုသော်လည်း သူ က ခွဲစိတ်ခံဖို့ထက် ဆေးစားခြင်းကို အားသန်ကာ သောက်ဆေးများကိုသာ လပေါင်းများစွာ စားခဲ့သည်။ ထို့နောက် ဆေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် တဖြည်းဖြည်း အမြင်အာရုံများ ဆုံးရှုံးခဲ့ရကာ လွန်ခဲ့သော ဆယ်လခန့်ကတော့ လုံးဝကို မမြင်ရတော့ပေ။ ပြည်ပနိုင်ငံမှ ဆရာဝန်ကြီးများနှင့် သွားရောက်ဆွေးနွေးသည့်တိုင်အောင် စက္ခုနှစ်ကွင်း အလင်းရအောင် အာမခံချက်မပေးနိုင်တော့။ နောက်ဆုံး လက်လျှော့ပြီး မျက်မမြင်ဘွဲ့ ခံယူလိုက်ရတော့သည်။ တချိန်က ကွန်ပျူတာကီးဘုတ်များပေါ် ပြေးလွှားနေခဲ့သော လက်ချောင်းများလည်း အနားယူခဲ့ရသည်။ အင်္ဂလန်တက္ကသိုလ်ကြီးတစ်ခုမှ ချီးမြှင့်ထားသည့် ကွန်ပျူတာဒီဂရီဘွဲ့သည်လည်း နံရံမှာချိတ်ထားဖို့ထက် ပိုအသုံးမဝင်လှတော့ပေ။ သို့သော် လူဖြစ်ရှုံးခဲ့ရပြီဟု ခံယူတတ်သူ မဟုတ်သဖြင့် သူငယ်ချင်းများ စုပေါင်းတည်ထောင်ထားသည့် အိုင်တီကုမ္ပဏီတစ်ခုတွင် Software Consultant အဖြစ် ကြိုးစားရပ်တည်နေသည့် သူ။

"မောင်ဝဏ္ဏ အနွေးထည်လေး ဝတ်သွားပါလား။ မိုးသက်လေလေး ရှိတယ်ကွဲ့"

သူတို့မိသားစု၏ လူယုံဆိုလည်းဟုတ်၊ ယာဉ်မောင်းကြီးလည်းဟုတ်သည့် ဦးထွန်းမင်းက ဂရုဏာအသံဖြင့် ကားပေါ်မှ ဆင်းတော့မည့်သူ့ကို သတိပေးသည်။ သူ ညနေတိုင်း မြကျွန်းသာပန်းခြံသို့လာပြီး အနားယူတိုင်း ဦးထွန်းမင်းက လိုက်ပို့တတ်သည်။ သူ ထိုင်ချင်သည့်နေရာသို့ ပို့ပေးခဲ့ပြီး သူ့ညီမလေးကို ကျောင်းသွားကြိုတတ်သည်။ ထို့နောက် သူ့ကို ပြန်ဝင်ခေါ်ပြီး မောင်နှစ်မ နှစ်ယောက်အတူပြန်ကြသည်။ အိမ်တွင် မိခင်ကြီးက ထမင်းဝိုင်းနှင့် စောင့်လျက်ရှိပေမည်။ ဒါက သူတို့ မိသားစု၏ ညနေအချိန်ဇယားပင်ဖြစ်သည်။

"ဟုတ်ကဲ့။ ပေးလေ ဦးလေး။ ဝတ်သွားလိုက်မယ်"

ဦးထွန်းမင်းက အဆင်ပြေအောင် ကူညီဝတ်ဆင်ပေးပြီး ကားပေါ်က တွဲကူဆင်းစေသည်။

"ကျွန်တော့်ကို ကန်ဘောင်ဘက်ပို့ပေးခဲ့ပါလား။ ဒီနေ့ ပန်းခြံထဲ ဝင်မထိုင်ချင်လို့။ ညီမလေးကြိုပြီးရင်လည်း အဲဒီဘက်မှာပဲ လာခေါ်လိုက်လေ"

"အေး အေး။ ဂရုစိုက်နော် မောင်ဝဏ္ဏ"

"ဟုတ်ကဲ့ ဦးလေး"

ဦးထွန်းမင်းက သူ့ကို ထီးမိုးထားသော ခုံတန်းလေးတစ်ခုပေါ်တွင် ထိုင်စေပြီး နှုတ်ဆက်ထွက်ခွာသွားသည်။ သူ က အင်းလျားလေကို တဝကြီးရှူရှိုက်ရင်း မမြင်ရတော့သည့် ပတ်ဝန်းကျင်ကို ခံစားနေမိသည်။ ထုံးစံအတိုင်း လေတိုးသံ၊ လှိုင်းပုတ်သံ၊ ငှက်အော်သံ၊ ကားသံ၊ ဖြတ်သွားဖြတ်လာတို့၏ အသံများ၊ သဘာဝလေ၏ ရနံ့၊ မြေသင်းနံ့၊ သစ်ပင်ကြီးများအနားတွင် ရတတ်သည့် စိမ်းစိုသော အနံ့တစ်မျိုး။ ထိုအာရုံများအားလုံးကို တပြိုင်တည်းခံစားနိုင်သည့်အတွက် မမြင်ရသည့်တိုင်အောင် ဤနေရာလေးမှာ ဘာတွေ ရှိနေမည်၊ ဘယ်လိုဖြစ်နေမည်ကို သူ အတတ်သိပါသည်။ ဘောင်းဘီအိတ်ထဲတွင် ထည့်ယူလာသည့် MP3 Player ကို ဖွင့်ပြီး သီချင်းနားထောင်ရန် ကြိုးစားနေစဉ် ရနံ့အသစ်တစ်ခုကို သတိထားမိလာသည်။ ထိုရနံ့သည် ဘယ်ဘက်မှ ညာဘက်၊ တဖန် ညာဘက်မှ ဘယ်ဘက်သို့ သုံးလေးခေါက်ခန့် လူးလာဖြတ်သန်း သွားနေသည်။ ထိုရနံ့သည် အမျိုးသမီးသုံး အပေါစား Body Spray တစ်မျိုး၏ အနံ့ဖြစ်လောက်သည်။ ထိုသို့သတိထားမိစဉ်မှာပင် ထိုရနံ့ပိုင်ရှင်သည် သူ့အနားတွင် ရပ်နေသည်ဟု သူ ခံစားလိုက်ရသည်။ နေကာမျက်မှန်အောက်မှ မျက်လုံးများကို တင်းကျပ်သထက် တင်းကျပ်အောင် ပိတ်ပြီး ပြန်ခံစားကြည့်သည်။ ဟုတ်သည်။ တစုံတယောက် သူ့နားမှာ ရပ်နေသည်မှာ သေချာသည်။ သူ့ညနေများသည် တစ်ယောက်တည်းသာ အချိန်ကုန်တတ်သဖြင့် စကားပြောဖော်များလားဟု တွေးပြီးပျော်သွားမိသည်။ ထို့ကြောင့် အရဲစွန့်ပြီး စကားစပြောဖြစ်သည်။

"အခြားမှာ ထိုင်စရာမရှိရင် ဒီမှာပဲ ထိုင်ပါလား"

မျက်စိမမြင်ရသည့် သူက ရနံ့ပိုင်ရှင်ကို ဖိတ်ခေါ်လိုက်သည်။

"အမယ် ... အစ်ကိုက အလာကြီးပဲ။ မျက်စိမမြင်လို့ မသိဘူး မှတ်နေတာ... ဟင်း ဟင်း"

မိန်းကလေးအသံ။ အသက်သိပ်ကြီးသေးဟန်မတူ။ ရယ်စရာ စကားမပါဘဲ ရယ်နေသေးသည်။ ထို့နောက် သူ့ဘေးမှာ ချက်ချင်းဆိုသလို ဝင်ထိုင်သည်။

"ပြောအစ်ကို။ သမီးဘာလုပ်ပေးရမလဲ"

"ခင်ဗျာ ... ကျွန်တော်က ဒီကညီမ ထိုင်စရာနေရာ ရှာနေတယ်မှတ်လို့ ကူညီတာပါ။ ဘာမှ လုပ်ပေးစရာမလိုပါဘူး"

"အော်... မသိပါဘူး။ အကူအညီလိုလို့ သမီးကို ခေါ်တယ်မှတ်နေတာ ဟဲဟဲ ... လိုတာပြောနော်။ အားမနာနဲ့"

ဒီကလေးမ စကားပြောပုံက တမျိုးပါလားဟု ထင်နေမိသည်။ သူ့ကို ဒုက္ခိတမှန်းသိ၍ ဖော်ရွေနေခြင်းလား ... ဒါတော့ သိပ်မသေချာလှ။

"ညီမက လမ်းလာလျှောက်တာလား။ ဒါမှမဟုတ် စွန်လာလွှတ်တာလား"

သူ မျက်စိမြင်စဉ်က ဆယ်ကျော်သက်တို့ ကန်ဘောင်တွင် စွန်လွှတ်ကစားကြတာ စောင့်ကြည့်နေခဲ့သည်ကို သတိရရင်း စကားပြန်စလိုက်သည်။

"ဟုတ်ပါဘူး။ သမီးက အလုပ်လေ။ သိတယ်ပေါ့လား အလုပ်ဆိုတာ။ ဟဲဟဲ ... အစ်ကို ညနေ ညနေ လမ်းလာလျှောက်တာ တွေ့နေလို့ မျက်စိမမြင်တာ သိနေတာ။ သမီးကလည်း ညနေကနေ ညဥ့်နက်တဲ့ အထိ ဒီမှာရှိတယ်"

"အော် ... ညပိုင်းလုပ်ရတာလား။ အစ်ကိုက မမြင်ရတော့ သတိမထားမိဘူးလေ။ အလုပ်အကိုင် အဆင်ပြေရဲ့လား။ ဘာလုပ်ရတာလဲဟင်"

ကောင်မလေး၏ ကလေးဆန်သော စကားပြောဟန်ကြောင့် သူစပ်စုလိုက်သည်။

"ညလည်းလုပ်တယ်။ နေ့လည်းလုပ်တယ်။ အဆင်ပြေလားဆိုတော့ ... ဟဲဟဲ .. ဘယ်လိုပြောမလဲ ... ခေါ်တဲ့လူရှိရင် အဆင်ပြေတာပေါ့။ ဒီနေ့တော့ အဆင်မပြေသေးဘူး။ ခေါ်သူမရှိသေးဘူးပေါ့။ ဒါကြောင့် အစ်ကိုများ အကူအညီလိုမလားလို့ လာခဲ့တာလေ ... ဟဲဟဲ ... ဘယ်လိုလဲ"

ဘုရားရေ - ဒီစကားတွေကို ထမင်းစားရေသောက်လို ရယ်သံစွက်စကားပြောနေသော ကလေးမ ... ခုမှ သူသတိထားမိသည်။ ဒီကလေးမသည် ခန္ဓာကိုယ်ကိုရင်းပြီး ငွေရှာနေသော ...

"ဒါ ဒါဆို ညီမက ... ဟို... ဟို..."

"သမီးက ပျော်တော်ဆက်ပေါ့။ မပျော်တဲ့လူတွေကို ပျော်အောင် လုပ်ပေးတယ်။ လိုနေတဲ့ ကွက်လပ်လေးတွေ ဖြည့်ပေးတယ်။ အားလုံးစိတ်ချမ်းသာစေရမယ်"

"ဟို ... အစ်ကို့အတွက် မလိုပါဘူး ညီမရယ်။ ဝါသနာလည်း မပါပါဘူး။ နေ... နေပါစေ"

မျက်စိမမြင်သည့်တိုင် သူ မျက်နှာတွေပူပြီး စိတ်မကောင်းဖြစ်မိသည်။ သံခုံတန်းလေး၏ လက်ရမ်းတစ်ဖက်ကို တင်းတင်းဆုပ်ရင်း မတရားစွပ်စွဲခံရသော ပြစ်မှုတစ်ခုကို ငြင်းဆန်သလို ငြင်းနေမိသည်။ တချိန်တည်းမှာပင် အဖြစ်ဆိုးရသည့် ကလေးမလေးကို သနားမိသည်။

"အိုကေလေ ... ဒါဆို သမီးသွားမယ်။ နောက်လိုတဲ့အခါ ဒီနားမှာမေးပေါ့။ နာမည်က ထားထားဖြူ တဲ့။ အသက်က ၁၈ နှစ်။ အရပ်က ၅ ပေ ၅ ။ ဟား ဟား ... ကဲ ဘော်ဒါရှာလိုက်ဦးမယ်။ လစ်ပြီ"

"နေပါဦး ညီမ"

ဘာကြောင့်မှန်းမသိ။ သူ တားလိုက်မိသည်။ ညီမငယ်တစ်ယောက်ရှိသော သူ့အတွက် ဒီကလေးမကို ကိုယ်ချင်းစာလှသည်။ လမ်းမှန်သို့ ရောက်အောင် ပြောင်းလဲကြည့်မည်ဟု တွေးမိသောကြောင့် တားမိတာဖြစ်နိုင်သည်။ စိတ်ပြောင်းသွားပြီလား ဟု ကလေးမက မေးရင်း ပြန်ထိုင်လိုက်သည်။ သူ သက်ပြင်းရှည်ကြီးကို ချရင်း မေးလိုက်သည်။

"ညီမ တခြားအလုပ် တစ်ခုခု လုပ်ပါလားဟင်။ ဒီအလုပ်က ... ဟို ... သိပ်မကောင်းဘူးလေ"

ပြောမယ့်သာပြောရသည်။ သူ့အသံသည် ယုံကြည်မှုအားနည်းနေသည်ဟု ထင်မိသည်။

"သမီး တခြားဘာမှမလုပ်တတ်ဘူး"

ကလေးမက ပွင့်ပွင့်လင်းလင်းပင်ပြောသော်လည်း အသံထဲမှာ အားငယ်စိတ်တွေကို ရှာတွေ့နိုင်သည်။ ထို့နောက် သူတို့ နှစ်ယောက် စကားတွေအကြာကြီးပြောဖြစ်သည်။

"ညီမ ကျောင်း ဘယ်အထိတက်ဖူးလဲ"

"ခုနှစ်တန်း။ ပြီးတော့ အမေနဲ့ ဘုရားပွဲဈေးတွေမှာ ဈေးလိုက်ရောင်းတယ်"

"ဒါဆိုလည်း ဈေးလေးပဲ ဆက်ရောင်းပေါ့ညီမရယ်။ ဘာလို့များ ဒီအလုပ်ကို ...."

"အကြောင်းကြောင်းကြောင့်ပေါ့ အစ်ကိုရယ်။ ဘယ်သူကတော့ ပျော်နေပါ့မလဲ။ ခုလိုခေတ်မှာ မိသားစုစားဖို့၊ မောင်နှစ်ယောက်ကို ကျောင်းထားဖို့၊ ဖျားနာရင်ဆေးဖိုး ... ဒါတွေကို အမေ့ဈေးဗန်းလေးတစ်ခုက မဖြည့်နိုင်ဘူးလေ။ အစ်ကိုတို့လို မျက်စိမမြင်တာတောင် အချိန်တန်ကားလေးနဲ့ ရွှတ်ခနဲ သွားနိုင်ရင်တော့ အကောင်းသား။ မိထားတို့ ဟောဒီလို ရင်ကော့ပြီး နေလိုက်မယ်"

ဒီလိုမေးခွန်းတွေအတွက် ဒီကလေးမ ဘယ်နှစ်ကြိမ်ဖြေခဲ့ပြီးပြီလဲမသိ။ အဖြေက နှုတ်ဖျားတွင် အဆင့်သင့်ရှိနေပုံရသည်။ အဖြေကလည်း အချက်အလက်ကျသဖြင့် သူ ပင် စကားဆက်ရခက်သွားသည်။ ကလေးမ လူလားမြောက်ခဲ့ချိန်တွင် ဆင်းရဲချို့တဲ့နေခဲ့သော မိဘများကိုပဲ အပြစ်တင်ရမည်လား။ သို့မဟုတ် ပညာကို ဆုံးခန်းမတိုင်ခဲ့သော ကလေးမ၏ အပြစ်ပင်လား။ သူ ကိုယ်တိုင်ပင်မသေချာ။

"ဒါတော့ ဒါပေါ့ညီမရယ်။ မိဘဝင်ငွေနည်းပေမယ့် ညီမသာ ခုနှစ်တန်းထက် ကျောင်းပိုနေခဲ့မယ်ဆိုရင် ..."

စကားပင်မဆုံးသေး။ ကလေးမလေးက ဖြတ်ပြီး

"ကျောင်းလည်းတက်ချင်ခဲ့တာပါပဲ။ ဒါပေမယ့် ကျောင်းစရိတ်အပြင် ကျောင်းဝတ်စုံစရိတ်၊ ကျောင်းကအလှူခံ၊ နောက်တခါတလေ သူ့အိမ်မှာ ကျူရှင်မတက်မနေရဆိုတဲ့ သဘောမျိုးပြောလာတတ်တဲ့ ဆရာမ။ အစ်ကိုတို့ ခေတ်ကနဲ့ မတူတော့ဘူးထင်ပါရဲ့။ အများကြီးပေါ့အစ်ကိုရယ်။ ဆယ်တန်းအောင်တော့ရော ဘာအဆက်အသွယ်မှ မရှိတဲ့ သမီးလိုလူက ဘယ်လိုအလုပ်မျိုးမှန်းရမလဲ။ ဘွဲ့ရရင်ရော ... အစ်ကိုလည်း ဒါတွေ သိတော့သိမှာပါ။ အခု သမီးနဲ့အတူလုပ်နေကြတဲ့လူတွေထဲမှာ တချို့ဟာ တက္ကသိုလ်ကျောင်းသူတွေဆိုရင် အစ်ကိုယုံမလား"

ဘုရား ဘုရား ... သူ ဒုတိယအကြိမ် ဘုရားတမိသည်။ ၁၈ နှစ်အရွယ် မိန်းကလေး၏ စကားများက သူ့အား ဆွံ့အစေပြန်သည်။ ဆယ်တန်းအောင်ရင် ... ဘွဲ့ရရင် ... တက္ကသိုလ်ကျောင်းသူတွေ ... စကားလုံးတွေက သူ့ခေါင်းတွေကို နောက်ကျိလာစေသည်။ ချွေးတွေလည်း ပျံလာသည်။ ဆုံးမစရာ စကားလည်း ခန်းခြောက်သလိုလိုဖြစ်လာသည်။ ပညာမတတ်ကြခြင်း၊ ပညာနှင့်ညီမျှသော အလုပ်အကိုင်ရှားပါးလာခြင်း ... ဒါတွေ၏ တရာခံသည် သူတို့ကိုယ်တိုင်လား၊ ပညာရေးစနစ်ကြီးလား၊ တိုင်းပြည်စီးပွားရေးလား ...

"အစ်ကို့ကို ညီမ အစ်ကိုရင်းလို သဘောထားလို့ ပြောပြပါဦးမယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ မိသားစုရပ်တည်ရေးအတွက် အကြော်ရောင်းလိုက်၊ အုတ်ခဲရွက်လိုက်လုပ်၊ မလောက်မငှရတဲ့ ငွေနဲ့ အိမ်ပြန်တာနဲ့ အခုလို အလုပ်လုပ်ပြီး သောင်းဂဏန်းကိုင်ပြီး အိမ်ပြန်တာ ... နှစ်ခုယှဉ်လိုက်ရင် ဘာကိုရွေးရမယ်ဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ ညီမ ဘဝမျိုးစုံကျင်လည်ခဲ့ပြီးပါပြီ။ အကျဉ်းအကြပ်ထဲရောက်တဲ့အခါ မဖြစ်ချင်တဲ့ဘဝကို ဆန္ဒမပါဘဲ မျက်စိမှတ်ရွေးချယ်ခဲ့ရပါတယ်။ အစ်ကိုတို့က ဘဝကို စာအုပ်ဖတ်ပြီး ဖြတ်သန်းလာခဲ့တာပါ။ သမီးတို့က လက်တွေ့ဖြတ်သန်းလာခဲ့ရတာလေ။ သမီးတို့ဘဝတွေ လုံခြုံဖို့ တကယ်ပဲ လိုအပ်ပါတယ်"

ကလေးမလေးအသံက ကြေကွဲလွန်းနေသည်ဟု သူထင်သည်။ မမြင်ရသော သူ့မျက်လုံးတွေက အငြိမ်မနေနိုင်ဘဲ လှုပ်ရှားနေသည်။ ဘဝကို စာအုပ်ဖတ်ပြီး ဖြတ်သန်းလာသူဆိုပဲ။ ဒီကလေးမလေး မျက်လုံးတွေ ရီဝေနေမလား။ အင်လျားကန်၏ အစွန်းတစ်ဘက်ကို လှမ်းငေးနေမလား။ သူကရော ဘာလုပ်ပေးနိုင်မလဲ။ တွေးနေဆဲတွင်

"ဟဲ့ မိထား။ နှစ်ယောက်လိုတယ်တဲ့။ ဖုံးဆက်လို့။ နင်လိုက်မှာလား"

ကွမ်းတွေ ပလုံးပထွေးဝါးထားသည့် ယောက်ျားသံတစ်သံပေါ်လာသည်။ ကလေးမလေးက

"လိုက်မယ်။ ကျေးဇူး။ အခုလာပြီ" ဟု ချက်ချင်းပင်ပြန်ဖြေရင် မတ်တပ်ရပ်လိုက်သည်။ ကျေးဇူးတောင် ပြန်တင်နေလိုက်သေးသည်။ သူ့ရင်ထဲ နာကျင်လှပေသည်။ ကလေးမလေးက

"အစ်ကို သမီးသွားပြီ။ အစ်ကိုဆိုလိုတာတွေ သမီးနားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သမီးလို လူတွေ၊ ဘဝတွေ ထပ်ပေါ်မလာဖို့ အမြဲဆုတောင်းပါတယ်။ ခုတော့ ... လက်တွေ့ဘဝရပ်တည်ဖို့အတွက် ...."

ရှိုက်သံ သဲ့သဲ့တချက်ကြားလိုက်သလိုလိုထင်မိသည်။

"... လက်တွေ့ဘဝရပ်တည်ဖို့အတွက် ခွင့်ပြုပါဦး"

ခွင့်မပြုချင်ပါ။ လုံးဝခွင့်မပြုချင်တော့ပါ။ နောက်ထပ်ဘယ်သူ့ကိုမှ ခွင့်မပြုပါရစေနဲ့တော့ ...


အေးချမ်း(သံလွင်)
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 8 of 8 comments

1. 24-10-2009 14:42

သိပ်ကိုကောင်းပါတယ်...
တကယ့်လက်တွေဘ၀နဲ့ နီးစပ်ပါတယ်... ဆက်ရေးပါ ... အားပေးပါတယ်...
Guest
မြိုင်

2. 10-04-2009 11:08

ဟင်း.....
လက်တွေ့ ဘဝရပ်တည်ဖို့ အတွက် ခွင့်ပြုပါ ဦး တဲ့လားကွယ် .။။ :roll :roll :roll  
ဘာတွေလုပ်ေ ပးရမလဲကွယ် ...
Guest
sa aung

3. 10-04-2009 10:55

အင်း.......
...ဒါတွေ၏ တရားခံသည် သူတို့ ကိုယ်တိုင်လား၊ ပညာရေးစနစ် ကြီးလား၊တိုင်ပြည်စီး ပွာရေးလား။ ...... :cry :cry
Guest
sa aung

4. 30-01-2009 17:11

နောက်ထပ်ဘယ်သူ့ကိုမှ ခွင့်မပြုပါရစေနဲ့တော
Ko Aye Chan, 
 
Although we doesn't want to allow anymore there are alot of ladies like this position increse day by day in our country coz of NO 1 STUPID GOVERNMENT.
Guest
December

5. 29-01-2009 15:26

good
Life is not fair.
Guest
jasminemts

6. 28-01-2009 22:15

Grate
Really......., 
You make me feel. :sigh :sigh
Guest
lin

7. 28-01-2009 15:11

ကိုအေးချမ်း
မျက်မမြင်လူငယ်ရော..၊ ပျော်တော်ဆ က်မလေးရော ၂ ယောက်လုံး သနားစရာ...။
Guest
sanda nyi

8. 27-01-2009 01:09

Good
ကောင်းတယ်၊ ကြိုက်တယ် :roll
Guest
ခရေဖြူ

Display 8 of 8 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Friday, 16 January 2009 20:27