Home ပေးစာ သူငယ်ချင်းသို့ ပေးစာ
22 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့539
mod_vvisit_counterမနေ့က1185
mod_vvisit_counterတစ်ပတ်အတွင်3း027
mod_vvisit_counterယခင်သတင်းပတ်က11779
mod_vvisit_counterတစ်လအတွင်3း5996
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2886403
Join us in Facebook
Facebook Fanbox 1.5.x.0
သူငယ်ချင်းသို့ ပေးစာ

Views : 1443    

Favoured : 86

Share

သူငယ်ချင်းသို့ ပေးစာ
သံလွင်မောင်
 
 
 မိဧပရယ်လ်ရေ..

ငါ့စာကို နင် မတုန်မလှုပ်ဖတ်နေမယ်လို့ မျှော်လင့်ပါတယ်။ စာဖြင့်မစရသေးဘူး - ဘာကြောင်တာတုန်းလို့တော့ မထင်လိုက်ပါနဲ့။ တကမ္ဘာလုံး ဟိုနားငလျင်၊ ဒီနားငလျင်နဲ့ နင်စာဖတ်နေတုန်း ငလျင်မလှုပ်ပါစေနဲ့လို့ ငါက အကောင်းနဲ့ ဆုတောင်းပေးတာပါဟ။ ငါလည်း နင့်ဆီကို စာမရေးဖြစ်တာလဲ တော်တော်ကြာပြီ။ တစ်နှစ်တိတိပေါ့။ ဒီတစ်ခေါက်တော့ မဖြစ်ဖြစ်အောင် ငါ့ခန္ဓာကိုယ်အတ္တဘောကြီးကို ကျောက်ချပြီး စာတစ်စောင်ရေးလိုက်တယ်။ စာရေးမယ်ဆိုလို့ ငါ နင့်ဆီပို့တဲ့ အရင်ကစာတွေကို ပြန်ဖတ်ကြည့်တော့ ငါ့ဟာငါ ရယ်ချင်ပက်ကျိ ဖြစ်သွားတယ်ဟ။ ဘာလို့လဲ သိလား။ ငါက နင်သိအောင်ဆိုပြီး ရေးထားတဲ့ အကြောင်းအရာတွေက မြန်မာပြည်တွင်းက အကြောင်းအရာတွေ ဖြစ်လို့နေတယ်လေ။ ငါလည်း သတိမထားမိပါဘူးဟာ။ နင်တို့က တခါတလေ ငါတို့အပြင်ကလူတွေ ဖုံးဆက်ပြီး စိုးရမ်တာတောင် အိပ်ချင်မူးတူးလေသံနဲ့ “အင်.. ဟုတ်လား.. ”ဆိုပြီး ဖြေသေးတယ်။ ဒါကြောင့် သတင်းပေးရင်း ရေးရာက ပြည်ပကလူက မြန်မာပြည်တွင်းကလူကို မြန်မာပြည်တွင်းအကြောင်း သတင်းပေးသလိုဖြစ်နေတယ်။ ကဲ.. ရယ်စရာမကောင်းဘူးလား..။ တော်တော် ဂွကျတဲ့ ငါတို့ မြန်မာပြည်နော်..။
 
ဂွကျတာအသာထား၊ ခုနက ငလျင်ဆိုတာဆက်ပြောဦးမယ်။ လောလောဆယ်တော့ အပျက်အစီးအများဆုံးနဲ့ အာရုံစိုက်အခံရဆုံးကတော့ ဂျပန်ပေါ့ဟာ။ တကယ်တော့ ဂျပန်မတိုင်ခင်ကတည်းက ငလျင်တွေ၊ ရေကြီးတာတွေ ဆက်တိုက်ဖြစ်နေတာ ဂျပန်ပြီးတော့ ငါတို့နိုင်ငံက ရွှေတြိဂံနယ်ဘက်တောင် ပါသွားသေးမဟုတ်လား။ လူသားတွေ အတတ်ကျူးလွန်းလို့၊ ရေရှည်မျှော်တွေးမှု ခေါင်းပါးလို့ တို့ကမ္ဘာကြီးဟာ ၂၀၁၁ ကို သဘာဝကပ်ဘေးတွေနဲ့ စခဲ့ပါပြီ။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ မေယာ ပြက္ခဒိန်ဟောကိန်းကိုတောင် သတိပြုရတော့မလိုပဲ။ သဘာဝဘေးဒဏ်တွေနဲ့ အတော်ကွာဝေးနေခဲ့တဲ့ တို့နိုင်ငံတောင် နာဂစ်၊ ဂီရိ၊ အမည်မသိတွေနဲ့ အတော်ဒုက္ခရောက်ကြရတယ်နော်။ ဒုက္ခသည်တွေကို မြန်မြန်ဆန်ဆန်ကယ်တင်၊ မလုပ်နိုင်ရင် လုပ်နိုင်မယ့်လူ အကူအညီတောင်းဆိုရင်တော့ အခံရသက်သာတာပေါ့လေ။ အင်း... ဒီသတင်းတွေဖတ်ရတော့ တခုခုဆို အရင်ဦးဆုံး ကြောက်တတ်တဲ့ နင့်ကို ပြေးပြီး သတိရမိသေးတယ် မိဧပရယ်လ်။ နင်ကတော့ နီးနီးနားနား ဟိုလှိုဏ်ဂူထဲ ၀င်နေလို့ လွတ်မယ်ထင်မနေနဲ့ဦး။ ငလျင်က လှိုဏ်ဂူတွေကို အရင်ဖြိုတာဟဲ့။ လူလုပ်တဲ့လှိုဏ်ဂူဆို သာတောင်လွယ်သေး။
 
ဧပရယ်လ်ရေ - ဒီနှစ်သင်္ကြန်ကတော့ သိကြားမင်း ဘာကိုင်ဆင်းမယ် မသိပါဘူး။ ၂၀၁၁ စ၀င်တာနဲ့ ခုနပြောတဲ့ သဘာဝဘေးတွေသာမက စစ်ဘေးတွေကလည်း ဟိုနားဒီနား ပြန့်လိုပါပဲ။ ကမ္ဘာကို ပထမဆုံး လှုပ်ရှားစေတာကတော့ “တူနီးရှား” ပါပဲ။ အဲ.. နေဦး။ “တူနီးရှား” ဆိုတာ အာစီယံက မဟုတ်ဘူးနော်။ အင်ဒိုနီးရှား၊ www.thanlwin.comမလေးရှားနဲ့ရောပြီး အဲဒီနားကပ်နေတယ်ထင်ဦးမယ်။ (စကားစပ်မိလို့ပဟေဠိဝှက်ဦးမယ်။ အာစီယံနိုင်ငံထဲမှာ “ရေလိုမီးရှား” ဆိုတဲ့နိုင်ငံရှိသတဲ့။ ဘယ်နိုင်ငံလဲ မှန်းကြည့်စမ်း ဧပရယ်လ်) တူနီးရှားကတော့ အာဖရိကနိုင်ငံတစ်ခုပါ။ အဲဒီမှာ အရေးအခင်းဖြစ်ပြီး အာဏာရှင် သမ္မတ ဘန်အလီ တယောက် နိုင်ငံကနေ လေယာဉ်တစ်စင်းနဲ့ ထွက်ပြေးရသတဲ့။ အဲဒီနောက်တော့ အဲဒီလှိုင်းချက်က အာဏာရှင်တွေ ကြီးစိုးတဲ့ အာရပ်ကမ္ဘာကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တာ အီဂျစ်မှာလည်း လူထုလှုပ်ရှားမှုကြီးဖြစ်ပြီးတော့ ခုဆိုရင် တိုင်းပြည်ကို အနှစ်သုံးဆယ်ကြာအောင် အုပ်ချုပ်လာတဲ့ အာဏာရှင် သမ္မတကြီးတော့ အရှုံးပေးလိုက်ရပါရောလား။ ပြည်တင်းမင်းမခံနိုင်ဆိုသလို တပြည်လုံးညီညွတ်ကြတဲ့ ကျေးဇူးပေါ့ဟာ။ အာဏာရှင်ဆန့်ကျင်ရေးတွေဟာ အဲဒီမှာတင် မရပ်သွားဘဲ ပျဉ်းမနား ..အဲ မှားလို့... လစ်ဗျား၊ ဘာရိန်း၊ ယီမင်စတဲ့ အာဏာရှင် အုပ်စိုးတဲ့နိုင်ငံတွေအထိ ကူးစက်သွားတာဟာ ကမ္ဘာကြီးဟာ ရွာကြီးသာသာပဲ ရှိတော့တယ်ဆိုတာ သက်သေပြနေသယောင်ပေါ့။ ငါကဒီလိုပြောတော့ ငါတို့ မြန်မာနိုင်ငံအကြောင်းရော နင်စဉ်းစားမိနေလောက်ပြီပေါ့။ မတူဘူးလေ။ သိတယ်မဟုတ်လား မတူချက်တွေကို။ မသိလို့ပြောပါဆိုရင်တော့ ဒေါ်မြလေး လေသံနဲ့ ပြောလိုက်မယ်။ “မပြောချင်ဘူး မပြောချင်ဘူး၊ ပြောကို မပြောချင်ပါဘူးဟာ”။
 
မိဧပရယ်လ်ရေ - ပြီးခဲ့တဲ့စာမှာ ရေးထားသလိုပဲ ရွေး-ကောက်-ပွဲကြီးလည်း ပြီးပါပြီ။ ဘဘဝန်ကြီးချုပ်လည်း ရွှေစလွယ်ကြီးလွယ်လို့ သမ္မတဖြစ်ပါပြီ။ အလွှတ်တော်တဲ့ လွှတ်တော်ကြီးကိုလည်း ကျင်းပနေပါပြီဟ။ အဲ... နည်းနည်းတော့ ရယ်စရာကောင်းသား။ လွှတ်တော်က တစ်နေ့ကို ကျင်းပချိန် ၁၅မိနစ်တဲ့။ ဟိုမရိုသေစကားပြောရရင် ဗိုက်နာလို့ အီးအီးသွားပါနေရင် ပြန်လည်းလာရော လွှတ်တော်ကဆင်းနေလောက်ရော။ ဒီလောက်ဆင်းရဲတွင်းနက်လှတဲ့ ငါတို့ နိုင်ငံကို ကျင်းပချိန် ၁၅ မိနစ်လောက်နဲ့ ဘာတွေများ ပြောင်းလဲနိုင်မှာတဲ့လဲ မိဧပရယ်လ်။ သူများနိုင်ငံတွေရဲ့ ပညာရေးစနစ်မှာ iPad နဲ့ စာသင်ဖို့ အတွက် ကြိုးစားနေတဲ့အချိန် မိုးယိုလို့ စားပွဲခုံလေးတွေ နေရာရွေ့နေရတဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာ၊ သူများနိုင်ငံတွေမှာ လယ်ယာထွန်ယက်ခြင်းကို စက်စွမ်းအားတွေနဲ့ တိုးတက်ဖို့ ကြိုးစားနေတဲ့အချိန် ကျွဲနွားဈေးတွေကကြီးရတဲ့အထဲ လယ်ယာမြေတွေ သိမ်းခံနေရတဲ့ တောင်သူဦးကြီးတွေရဲ့ မျက်နှာ၊ www.thanlwin.comသူများနိုင်ငံရဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာ မိန်းကလေးတွေကလည်း ယောက်ျားတွေနဲ့ အပြိုင် အလုပ်လုပ်နိုင်ခွင့်တွေရှိကြတဲ့အချိန် ကာရာအိုကေ၊ အနှိပ်ခန်းနဲ့ ညကလပ်တွေဆီက မိန်းမပျိုလေးတွေရဲ့ မျက်နှာ၊ သူများနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လူတစ်ဦးချင်းရဲ့ အသက်ကို တန်ဖိုးထားလို့ Safetyအတွက် ပြင်ဆင်နေကြတဲ့အချိန် မဆောက်ခင်ကတည်းက ပြိုချင်နေတဲ့ ကန်ထရိုက်တိုက်တွေမှာ Safety Helmet ၊ Safety boot မပါပဲ တိုက်အမြင့်ကြီးပေါ်သို့ အုတ်သယ်နေကြရတဲ့ အလုပ်သမားတို့ရဲ့ မျက်နှာ၊ သူများနိုင်ငံတွေမှာ လူ့အခွင့်အရေးကြေငြာစာတမ်းဆိုတာတောင် မလိုအပ်တဲ့အချိန် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို အိမ်ရှေ့မှာ ကပ်လို့ အိပ်မက်တွေ မက်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မျက်နှာ၊ အဲဒီမျက်နှာတွေကို ထောက်လို့ အဲဒီလွှတ်တော်ကြီးကနေ တိုးတက်ပြောင်းလဲပေးနိုင်မယ်လို့ ငါတို့မျှော်လင့်နိုင်ပါ့မလား ဧပရယ်လ်။ အပြောင်းအလဲဆိုတာကြီးအတွက် နည်းနည်းတော့ အချိန်ပေးရမှာပေါ့လို့ ပြောတဲ့လူတွေ ရှိရင် တခုတော့ ပြန်ပြောချင်တယ်။ လေးဆယ့်ကိုးနှစ်ရှိပြီတို့ အနှစ် ၂၀ကျော် ကြာပြီတို့ ပြီးသွားတဲ့ အတိတ်က ဖြစ်ရပ်တွေကို မပြောချင်ပါဘူး။ အပြောင်းအလဲဆိုတာကြီးအတွက် အချိန်သတ်မှတ်ချက်တစ်ခုတော့ လိုတယ်လို့။ အေးဟာ ပြောရင်လည်း လေပူတွေ မှုတ်ထုတ်ပြီးတော့သာ အရိုးထုတ်သွားချင်တော့တာပါပဲ။
 
ကဲပါလေ... ထုံးစံအတိုင်း ပြည်တွင်းသတင်းများကို ကြေညာလို့ ပြီးပါပြီပေါ့။ နင့်ကို စင်္ကာပူအကြောင်းပြောပြလိုက်ဦးမယ်။ ဒီကို ရောက်နေတဲ့ မြန်မာတွေ များလာတာနဲ့အမျှ ပွဲတွေကလည်း လတိုင်းလိုလိုကို လုပ်နေကြတော့တာပဲ။ ဟိုတလောကပဲမြန်မာနိုင်ငံက အဆိုတော်ငါးဆယ်လောက် စင်္ကာပူမှာ လာဖျော်ဖြေသွားသေးတယ်ဟ။ ဘာတဲ့ Century Stars Myanmar Concert ဆိုလား။ အဲဒီပွဲကို ကြော်ငြာတဲ့ ကောင်မလေးရဲ့ အပြောအရဆိုရင်တော့ Wow Myanmar Concert ပေါ့ဟာ။ ကော်နက်ရှင်လေးများကောင်းရင် Youtube မှာ တက်ကြည့်စမ်းပါ... ရယ်ရတယ်။ နောက်ပြီး ဒီလထဲကို မောင်မျိုးမင်းရဲ့ ထာဝရနှင်းဆီ၊ နောက်လကျရင် စာပေဟောပြောပွဲတွေ၊ ပြီးရင် ဇော်ဝင်းထွဋ်ရှိုးပွဲ၊ ကျောင်းသားတွေရဲ့ ပေါ်လီသင်္ကြန်ပွဲတွေနဲ့ သြော် ... များပြားလှစွာသော စင်္ကာပူရောက် မြန်မာပွဲတွေပါတကား။ အဲဒီပွဲတွေကို လိုက်တတ်ရရင် မွဲသွားလောက်တယ်။ ဟိုသီချင်းလေးကိုတောင် သွားသတိရသေးတယ်ဟာ ဘာတဲ့ “ အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ပွဲကြိုက်တဲ့ ခင်နှမရယ်” ဆိုတာလိုပေါ့။ ခုနက စာပေဟောပြောပွဲတွေဆိုလို့ မျက်စိလည်သွားသလား ဧပရယ်လ်။ အရင်က တစ်နှစ်တစ်ပွဲပါပဲ။ ခုတော့ ငါတို့ပဲ ကံကောင်းတာလား၊ သူတို့ပဲ ကံဆိုးတာလား မသိပါဘူးဟာ။ မနည်းတည်ထောင်ဖွဲ့စည်းထားရတဲ့ ကျင်းပရေးကော်မတီက ၂ ခြမ်းကွဲ၊ နာမည်ကိုလည်း ဟိုကပိုင်တယ်၊ ဒီကပိုင်တယ်ငြင်း၊ စာရေးဆရာတွေကိုလည်း ငါဖိတ်ထားတာ သူကလုတယ်ဖြစ်... အမယ်လေး... ညီညွတ်ပြနေလိုက်ကြတာများ အားရစရာပါပဲ။ အစကတော့ သိပ်မသိပါဘူး။ ဟိုမလုံမခြုံမိန်းမပုံတွေ မျက်နှာဖုံးတင်တတ်တဲ့ စင်္ကာပူထုတ် မဂ္ဂဇင်းက ဆရာသမားက အင်တာနက်မှာ အထုပ်ဖြည်မှပဲ အော်...မဖွဲ့မီက ကွဲချင်ပြီးသားပါလားလို့ သိရတော့တယ်။ သံလွင်မောင်တို့များ စကားနာထိုးလိုက်တာ မိန်းမကြီးလိုပဲလို့ မပြောလိုက်နဲ့ဦး မိဧပရယ်လ်။ ငါက ပျော်လို့ပြောနေတာ မဟုတ်ရပါဘူး။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့ထားပြီး စင်္ကာပူရောက်မြန်မာတွေ တခဲနက်ထောက်ခံထားတဲ့ အဖွဲ့ဖြစ်လို့ ငါက မပြိုကွဲစေချင်တာပါ။ ၂ ဖွဲ့ကွဲပြီး စာရေးဆရာ တစ်ဒါဇင်လောက် လျှောက်ခေါ်မယ့်အစား ညီညွတ်တဲ့ တစ်ဖွဲ့တည်းက ဆရာတစ်ယောက်တည်းပဲ ပင့်ပါ - ငါတို့ကျေနပ်ပါပြီဟာ။ မဟုတ်ရင် လာတဲ့ဆရာတွေက ပရိသတ်ကို မဟောခင် သူတို့ကို ညီညွတ်ရေးတရား အရင်ဟောရမလိုဖြစ်နေလိမ့်မယ်။ ဟုတ်ဘူးလားဟာ။
 
စာရေးဆရာတွေဆိုလို့ မကြာခင်ကပဲ ဆရာကြီးပါရဂူ ကွယ်လွန်တာဖတ်လိုက်ရတယ်။ ၉၁ နှစ်ဆိုတဲ့အသက်က ငါ့အဘွားပြောသလိုဆို မှည့်ပျော်နေပြီပေါ့ဟာ။ ဒါပေမယ့် တစ်ရက်အသက်ပိုရှင်နေရင် တို့လူသားတွေအတွက် တစ်ခုပိုအကျိုးရှိအောင် လုပ်နိုင်တဲ့ လူသားမျိုးဖြစ်လို့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေထဲက တစ်ခုပေါ့လေ။ ဧပရယ်လ်ရေ - ဒီလိုလူမျိုးတွေ ဆုံးရှုံးရတဲ့အခါ ကြယ်တစ်ပွင့်တော့ ကြွေပြန်ပြီလို့ တင်စားကြတယ်။ ငါတို့ကမ္ဘာမြေမှာ ကြယ်တစ်ပွင့်ကြွေသွားလို့ အလင်းလျော့မသွားပါဘူး။ သတိလည်းမထားမိပါဘူး။ အဲ... လမိုက်ည လမင်းမရှိဘူးဆိုရင်တော့ သိပ်သိသာတာပေါ့ဟာ။ လောကဓာတ်တခုလုံး ပိန်းပိတ်မှောင်လို့ပေါ့။ စာပေလောကမှာတော့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာပါရဂူ၊ လူထုဒေါ်အမာ၊ ဆရာတင်မိုး အစရှိသူတွေဟာ လမင်းတွေပါ သူငယ်ချင်းရေ။ ကြယ်ပွင့်လေးတွေ မဟုတ်ရပါဘူး။ ဒီလိုပဲ နိုင်ငံရေးလောကမှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဂီတလောကမှာ မြို့မငြိမ်း စသူတွေဟာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ နေလိုလလို ထင်ရှားသူတွေပါပဲ။ တချို့ကတော့ သက်တမ်းစေ့နေပြီး တတ်နိုင်သလောက် အကျိုးပြုသွားနိုင်ကြတယ်။ တချို့ကတော့ အရှိန်ကောင်းတုန်း လမ်းခုလပ်မှာ ကံမကောင်း အကြောင်းမလှလို့ တခန်းရပ်ခဲ့ကြရတယ်။ ခုခေတ်မှာလည်း လုပ်နိုင်ကိုင်နိုင်သူတချို့ဟာ လုပ်ခွင့်မရအောင် ပိတ်ပင်ခံထားကြရသေးတယ်။ အကောင်းဆုံးအချိန်တွေကို အပြည့်အဝ အသုံးမချနိုင်ကြတာကတော့ ရင်နာစရာကောင်းပါတယ် ဧပရယ်လ်ရေ။
 
အဲဒီလို အပြည့်အဝ အသုံးမချနိုင်တဲ့စာရင်းထဲ ထိပ်တန်းတစ်နေရာက ပါနေတာကတော့ ငါ့တို့သူငယ်ချင်းကြီး နေဘုန်းလတ်ပေါ့။ သူ့လောက်စာပေကိုချစ်တာ၊ www.thanlwin.comဖတ်အားရေးအားကောင်းတာ၊ တိုင်းပြည်နဲ့လူငယ့်အကျိုး စဉ်းစားတာ ငါတို့မျိုးဆက်မှာ ခပ်ရှားရှားရယ်။ ခုတော့လည်း ဘားအံထောင်မှာ လောကဓံကို ခါးစည်းခံနေရတာပေါ့လေ။ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်ဟာ။ နင်အားရင်တော့ သူ့အိမ် သွားလည်ပါနော်။ အန်တီက ငါတို့လာရင် ပျော်နေတာပဲ။ တစ်လတစ်ခါသွားတွေ့တဲ့ ထောင်ဝင်စာ အမှီ စာရေးချင်တယ်ဆိုရင်လဲ နိုင်ငံရေး မပါရင် လက်ခံပါတယ်ဟ။ ဟဲ..ဟဲ.. အလကားစ တာပါဟာ။ ကိုကျော်သူတို့နဲ့ ဆက်ဆံတာ၊ မဖြူဖြူသင်းကို ဆက်သွယ်တာကိုပဲ ကြောက်လန့်တကြားဖြစ်နေတဲ့ နင်တို့အမျိုးတွေကြားမှာ နေဘုန်းလတ်အိမ်ကို သွားဖို့ သတ္တိတွေမွေးရမယ်ဆိုတာ နားလည်ပါတယ်။ မျိုးကြော့မြိုင်သီချင်းထဲကအတိုင်းပေါ့ . . . သတိရရင် ပြီးတာပါပဲဟာ။ နင်တို့ ငါတို့လို အရွယ်ရောက်သူတိုင်း၊ အခြေခံပညာသင်ဖူးသူတိုင်း၊ ဘာသာတရားအထိန်းအကွပ်ရှိသူတိုင်း အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မဆိုတာတွေကို ကွဲကွဲပြားပြား ခွဲခြားသိမြင်ကြပါတယ်။ ဒါပေမယ့် အမှန်ကို ပြောတတ်လုပ်တတ်တဲ့သူတွေနဲ့ ဆက်ဆံရမှာ ကြောက်နေရင် အမှန်ဆိုတာ ကွယ်သွားတတ်တယ်ဆိုတာတော့ သတိပေးမယ်ဟာ။ အမှားတွေကြားမှာ အမှန်က မှားသွားတတ်တယ်ဆိုတဲ့စကား နင်ကြားဖူးမှာပေါ့။ ငါလုံးဝလက်မခံနိုင်တဲ့စကားပဲ ဧပရယ်လ်။ အမှန်ဟာ ဘယ်တော့မှ မမှားဘူး။ ဘယ်လောက်အမှားတွေ များနေပါစေ၊ အဲဒီအမှန်တရားလေးတစ်ခုဟာ ဘယ်တော့မှ မှေးမှိန်မသွားဘူး။ အမှားဆိုတဲ့ အရောင်တွေ ကူးမလာဘူး။ ဘယ်တော့မှလည်း အမှန်ကို ဝှက်ထားလို့မရဘူး သူငယ်ချင်း။ ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ နင့်ကိုတော့ အမှန်တွေနဲ့ ဝေးရာကို မရောက်စေချင်ပါဘူး ဧပရယ်လ် ရယ်။ ကဲ ငါ့ဆီစာရေးဦး။ ခုတော့ တော်သေးပြီ။

 
နင်ရဲ့ သူငယ်ချင်း
သံလွင်မောင်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

No comment posted

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
သူငယ်ချင်းသို့ ပေးစာ
Sunday, 15 November 2009 03:28

Rating 3.0/5 (22 votes)