
ကျွန်တော်ပိုက်ဆံအိတ်(Wallet)ကို စကိုင်ဖြစ်သည်မှာ ၅တန်း၊ ၆တန်းအရွယ်ခန့်က ဖြစ်မည်ထင်သည်။ Credit card ဆိုသော ဝေါဟာရကို မသိခင် ထိုအချိန်ကတည်းက American Express ဆိုသော အမေရိကန်ဒေါ်လာနှင့် ဆင်ဆင်တူသည့် ကဒ်လေးတစ်ကဒ်ကို ထိုပိုက်ဆံအိတ်ထဲတွင် တွေ့ခဲ့ဖူးသည်။ ထိုကဒ်လေးမှာ ပလစ်စတစ်ကဒ်မဟုတ်ပဲ American Express Card ပုံစံမျိုးလုပ်ထားသော စက္ကူကဒ်လေးမျှသာဖြစ်၍ ပိုက်ဆံအိတ်ထဲမှ အကြည်ရောင် အိတ်ကလေးများတွင် ပါတတ်လေသည်။ ထိုအချိန်က ဘာမှန်းသေချာမသိသော်လည်း သိသည့်အချိန်တွင်တော့ သူ၏ အရေးပါပုံတွေကို ကောင်းကောင်းသိသွားလေသည်။
အကြွေးဝယ်ကဒ်(Credit Card) ဆိုသော စကားလုံးကို ၁၈၈၇ခုနှစ်တွင် Edward Bellamy ၏ Looking backward ၀တ္ထုတွင် စတင်တွေ့မြင်နိုင်ဟု wikiတွင် ဖော်ပြထားလေသည်။ ၁၉၂၀တွင် အမေရိကန် နိုင်ငံရှိ ဓါတ်ဆီဆိုင်တချို့၌ Credit card များကို စတင်သုံးစွဲခဲ့ကြပြီး ၁၉၃၈မှစ၍ ကုမ္ပဏီတစ်ခု၏ ကဒ်များကို အခြားကုမ္ပဏီများက လက်ခံလာခဲ့ကြခြင်းဖြစ်သည်။ကျွန်တော့်အတွက်တော့ ကိုင်ပိုင်အကြွေးဝယ်ကဒ်မရှိခင်ကတည်းက အကြွေးဝယ်ကဒ်များစွာကို ထိတွေ့ကိုင်တွယ်ခဲ့ဖူးပါသည်။ အဘယ်ကြောင့်ဆိုသော် Watson's ဟုခေါ်သော စတိုးဆိုင်တွင် Cashier လုပ်ဖူးသောကြောင့်ဖြစ်သည်။ ထိုအချိန်က ထိုကဲ့သို့ ကဒ်ပေါင်းများစွာကို လူပေါင်းများစွာထံမှ ကိုင်တွယ်ထိတွေ့ဖူးပြီး တချိန် ငါပိုက်ဆံရှိသည့်အခါ ဤကဲ့သို့ ကိုင်တွယ်သုံးစွဲမည်ဟု စဉ်းစားဖူးလေသည်။ ထိုအချိန်က Supplementary Card အကြောင်းကိုလည်း ကောင်းကောင်းမသိသောကြောင့် အသက်ငယ်ရွယ်သောသူများ Credit Card ရှိလျှင်လည်း သြော် ငယ်ငယ်ရွယ်ရွယ်နဲ့ ၀င်ငွေတော်တော်ကောင်းတယ် လို့ပဲ ထင်မြင်ခဲ့ဖူးလေသည်။ အမှန်တော့ Supplementary Card ရရှိရန်အတွက် မိမိကိုယ်တိုင် တစ်နှစ်ဝင်ငွေမည်မျှရှိကြောင်း ပြစရာမလိုအပ်ပဲ Principle Card holder မှ လျှောက်ပေးလျှင် ရနိုင်မည်ဖြစ်သည်။ ဈေးလာဝယ်သော လူတော်တော်များများသည်လည်း Diners, Visa, Master, Amex စသည့်ဖြင့် အရောင်အသွေးမျိုးစုံ ပုံစံမျိုးစုံသော ကဒ်များကို သုံးစွဲခဲ့ကြလေသည်။ ထိုသူများလို ငွေစက္ကူကို ပိုက်ဆံအိတ်ထဲတွင် အများကြီးထည့်ထားစရာမလိုပဲ ကဒ်လေးထုတ် လက်မှတ်လေးထိုးလုပ်လိုက်ပုံလေးကို သဘောကျခဲ့ဖူးသည်။
ကျွန်တော်ပထမဦးဆုံး ကိုယ်ပိုင်ရရှိဖူးသည်မှာ Credit card တစ်ခု မဟုတ်ပဲ Debit card တစ်ခုသာ ဖြစ်သည်။ ထိုအချိန်က အင်တာနက်ပေါ်ရှိ လောင်းကစားဒိုင်ကြီးဖြစ်သော William Hill ဆိုသည့် website တွင် ဘောလုံးပွဲ လောင်းချင်သောကြောင့် Debit card တစ်ခုကို လျှောက်ထားခဲ့လေသည်။ Debit card ဆိုသည်မှာ Credit card ကဲ့သို့ နံပါတ်ရိုက်ထည့်ရုံ လက်မှတ်လေးထိုးလိုက်ရုံနှင့် အလိုရှိသည်ကို ၀ယ်ယူနိုင်သော်လည်း မိမိ၏ account ထဲတွင် ပိုက်ဆံရှိရန်လိုအပ်လေသည်။ မိမိ၏ account ထဲတွင် ရှိသလောက်သာ သုံးစွဲနိုင်လေသည်။ Debit card ရရှိလာသောအခါ အင်တာနက်ပေါ်မှာ ဟိုဟာလေးဝယ်လိုက်၊ ဒီဟာလေးဝယ်လိုက်နှင့် သုံးကောင်းကောင်းသုံးခဲ့သော်လည်း account ထဲတွင် ပိုက်ဆံမရှိတော့၍ သုံးမရတော့သောအခါ Credit card တစ်ကဒ်ကို တောင့်တမိပြန်လေသည်။ ထိုအချိန်တွင် ဘဏ်များကလည်း သူတို့ထံမှ ကဒ်များစွာကို လျှောက်ထားဖို့ နည်းမျိုးစုံနှင့် မြူဆွယ်လို့ နေကြသည်။ တချိန်က ဂျိမ်းစ်ဘွန်းမင်းသားကိုယ်တိုင် ကြော်ငြာသော VISA ကဒ် ကြော်ငြာများမှာလည်း အလွန်ကြည့်ကောင်း၍ အလွန်နာမည်ကြီးလေသည်။
ထို့ကြောင့် အကြွေးဝယ်ကဒ်များကို ကြိုးစားပန်းစားလျှောက်ပါသော်လည်း နှစ်စဉ်ဝင်ငွေမှာ ဘဏ်များမှ သတ်မှတ်ထားသော ငွေAmount

မပြည့်ပါသောကြောင့် တစ်ကဒ်မှ မရရှိခဲ့ပေ။ သို့သော်လည်း မလျှော့သောဇွဲနှင့် စင်္ကာပူတွင် ရှိသမျှ ဘဏ်များထံမှ အကြွေးဝယ်ကဒ်များကို လျှောက်ထားခဲ့သည်။ မည်သည့်အချိန်က သူတို့ သတ်မှတ်ထားသော Amount ပြည့်သွားခဲ့သည် မသိသော်လည်း နောက်ဆုံးတွင် လျှောက်သမျှ ဘဏ်များမှ ကဒ်ပေါင်းများစွာ လက်ခံရရှိခဲ့သောကြောင့် သူငယ်ချင်းများက “တံဆိပ်ခေါင်းစုတဲ့သူ၊ ကိုကာကိုလာပုလင်းတွေ စုတဲ့သူတွေသာ တွေ့ဖူးပါတယ်။ မင်းအလှည့်ကျမှ ဘယ်လိုဖြစ်လို့ Credit Card တွေ စုနေရတာလဲ”ဟု ပြောယူရလောက်အောင် ကဒ်ပေါင်းများစွာရရှိခဲ့လေသည်။ အကြွေးဝယ်ကဒ်တစ်ကဒ်၏ အားသာချက်မှာ လိုချင်သော ပစ္စည်းတစ်ခုကို အတိုးမဲ့ အရစ်ကျစနစ်(Installment)ဖြင့် ငွေပေးချေနိုင်ခြင်းပင်ဖြစ်သည်။ ဥပမာ မိမိလိုချင်သော ပစ္စည်းမှာ ခြောက်ရာတန်ဖြစ်လျှင် ခြောက်လခွဲ၍ တစ်လတစ်ရာဖြင့် ခြောက်လပေးနိုင်လေသည်။ ထို့အတွက်ကြောင့် ပစ္စည်းတစ်ခုကို လိုချင်ပါက ပိုက်ဆံစုပြီး ၀ယ်ရတာမျိုးမဟုတ်တော့ပဲ ၀ယ်ပြီးမှ ပိုက်ဆံစုပြီး ပြန်ပေးရသည့်သဘောမျိုးဖြစ်လေသည်။
ထိုမျှသာမကပဲ ပစ္စည်းဝယ်သည့်အခါ၊ စားသောက်ဆိုင်တချို့တွင် ငွေရှင်းသည့်အခါ Discount များလည်း နည်းများမဆို ရတတ်လေသည်။ နောက်ပိုင်းတွင် အကြွေးဝယ်ကဒ်အတွင်းမှ ပိုက်ဆံများထုတ်ယူသုံးစွဲမှု အနည်းအများပေါ်မူတည်၍ ဘဏ်များမှ ပိုက်ဆံပြန်ပေးတတ်လေသည်။ ထိုအကြွေးဝယ်ကဒ်များဖြင့် သုံးစွဲထားသော ငွေများကို လစဉ်ပြန်ပေးနိုင်လျှင် အတိုးပေးစရာမလိုသောကြောင့် အကြွေးဝယ်ကဒ်ကြောင့် ပိုက်ဆံအပိုလည်း ကုန်စရာမလိုဟု ထင်မိခဲ့သည်။ ထို့ကြောင့် ဘဏ်များအနေဖြင့် အကြွေးဝယ်ကဒ်များထံမှ မည်သည့်အကျိုးအမြတ်များ ရပါသနည်းဟု တွေးကြည့်ခဲ့ဖူးသည်။ Citibank တွင် အလုပ်လုပ်ခဲ့ဖူးသော မိတ်ဆွေတစ်ယောက်၏ ပြောစကားအရ အကြွေးဝယ်ကဒ်ရှိသော လူတော်တော်များများသည် အကြွေးများတင်နေတတ်ကြပြီး

လတိုင်းအတိုးများလည်း ပေးနေကြရသည်ဟု သိရသည်။ ထို့အပြင် လစဉ်အနည်းဆုံးပေးရမည့် ငွေ amount မပေးနိုင်ပါက နောက်ကျကြေးငွေ (Late Fees) ကလည်း တနင့်တပိုးပေးရသည့်အပြင် တစ်နှစ်တစ်ခါပေးရသော Member ကြေးမှာလည်း အလွန်များလေသည်။ ထို Late fees နှင့် Member ကြေးမှာ ဘဏ်ကို ဖုန်းဆက်၍ မယူရန် တောင်းဆိုနိုင်မည်ဖြစ်သော်လည်း တစ်နှစ်ကို ၂၄%ခန့် ပေးရသော အကြွေးဝယ်ကဒ်၏အတိုးများကိုတော့ မယူရန်ပြော၍မရပေ။
ထိုအချက်ကို ခံစားသိရှိသည့် အချိန်တွင်တော့ လူတော်တော်များများသည် အကြွေးဝယ်ကဒ်ဖြင့် သုံးစွဲထားသော ပမာဏမှာ တော်တော်များနေပြီဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းများသည် အကြွေးဝယ်ကဒ် နှစ်ကဒ်၊ သုံးကဒ်ခန့်ကို သုံးစွဲနိုင်သော ပမာဏအပြည့် သုံးစွဲထားကြပြီး ပိုက်ဆံအပြည့်ပြန်လည် မပေးနိုင်သောကြောင့် လစဉ်အနည်းဆုံးပေးရမည့် ပမာဏသာ ပေးပြီး အတိုးများကိုလည်း အဆမတန်ပေးနေရလေသည်။ Credit card အကြွေးများ မပေးနိုင်တော့သောကြောင့် စိတ်ကျရောဂါဝေဒနာများ ခံစားနေရသူများရှိသလို နောက်ဆုံးတွင် ကြံရာမရပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သူများလည်း ရှိကြလေသည်။ Credit card ကို ကိုယ်တိုင်ကိုယ်ကျ သုံးဖူးသော အခါတွင်မှ သူ၏ ဆိုးကျိုးများကို ပိုပိုသိလာလေသည်။ မိမိတွင် ပိုက်ဆံမရှိသော်လည်း သုံးကောင်းကောင်းနှင့် သုံးပြီး လကုန် Bill လာသော အချိန်မှ Amount ကို အပြည့်မပေးနိုင်သောကြောင့် Minimum Payment သာ ပေးပြီး ကျန်သော Amount ကို နောက်လမှ ပေါင်းပေးရန် စဉ်းစားမိသည်။ နောက်လတွင်လည်း ထိုအတိုင်းသာ တွေးမိပြန်သည်။ ထိုသို့ တစ်လပြီး တစ်လ ဆိုင်းထားရင်း Credit Limit အပြည့် သုံးစွဲမိသည်အထိ ဖြစ်ပြီး နောက်ဆုံး ပြန်မဆပ်နိုင်တော့သော အခြေအနေသို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် အကြွေးဝယ်ကဒ်များကို မိမိသုံးနိုင်သော Amount ထက် ပို၍ အသုံးမပြုသင့်ပေ။ ပို၍ သုံးမိပြီ ဆိုပါကလည်း ဒီ အကြွေးများကို ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် အမြန်ဆုံး ပေးချေသင့်လေသည်။ သို့မဟုတ်ပါက အကြွေးသံသရာ ၀ဲဂယက်တွင် တစ်ဘ၀လုံး နစ်မြှုပ်နေမည်သာဖြစ်တော့သည်။
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ Warren Buffet ကတော့ အင်တာဗျူးတစ်ခုတွင် သူ့လိုချမ်းသာကြွယ်ဝချင်လျှင် Credit card များကို ဝေးဝေးရှောင်ပါဟု ပြောခဲ့ဖူးလေသည်။