Home ၀တ္ထုတိုများ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1667
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13134
mod_vvisit_counterတစ်လအတွင်း7660
mod_vvisit_counterစုစုပေါင်6း39089
Join us in Facebook
Facebook Fanbox 1.5.x.0
ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ

Views : 1626    

Favoured : 44

Rating 3.0/5 (10 votes)

ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ

အိမ့်ချမ်းမြေ့



thanlwinညနေခင်း ကောင်းကင်မှာ ပုဇွန်ဆီသွေး ခပ်ရေးရေး ထင်လာပြီ။ ရေဘဲလေးတွေ ကျက်စားတတ်တဲ့၊ ကန်ပတ်လည်မှာ ကုက္ကိုပင်တွေ စီတန်းပေါက်နေတဲ့၊ ကုက္ကိုသီးထုတဲ့ ကလေးတစ်သိုက် ဆော့ကစား နေတတ်တဲ့ ကန်ကြီးနောက်နားက အိမ်တစ်လုံးရဲ့ ၀ရံတာပေါ်မှာ လူနှစ်ယောက်။ ထိုလူနှစ်ယောက်၏ ရှေ့ စားပွဲပေါ်မှာ ပုလင်းတစ်လုံး၊ ရေခဲဗူးတစ်ဗူး၊ ဖန်ခွက်နှစ်ခွက်နှင့် မြေပဲလှော် ပန်းကန်တစ်လုံး။

တစ်ယောက်က အသားဖြူဖြူ ဆံပင်ပါးပါး၊ နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည် မျက်မှန်တပ်ထားသူ။ ဒီနေ့ကတော့ ဖြစ်ရိုးဖြစ်စဉ် အတိုင်း တိုက်ခတ်မြဲ လေပြင်းရဲ့စည်းချက်တွေနဲ့ ဟန်ချက်ညီ ယိမ်းနွဲ့ ကခုန်နေတဲ့ ကန်အထက်ဘက်က ၀ါးရုံတောနဲ့ မြက်ရှည်ပင်တွေရဲ့ ဖျော်ဖြေမှုကို သူတို့နှစ်ဦး ငေးမော ခံစား နေကြရင်းက………………

“ဟိုတုန်းကတော့ အဲဒီ မြက်ရှည်ပင်တွေနားမှာ ငန်းဖြူကြီးတွေ ရှိနေတတ်တယ်ဗျ” အသားဖြူဖြူ ဆံပင်ခပ်ပါးပါးလူက မြေပဲလှော် အနည်းငယ် လှမ်းယူရင်း ပြောလိုက်သည်။

“မမှတ်မိစရာလားဗျာ… ။ ငန်းဖြူကြီးတွေရယ်၊ ခပ်ချောချော ကောင်မလေး တစ်ယောက်ရယ်၊ ကောင်လေး တစ်ယောက်ရယ်လေ…”

မျက်မှန်နှင့်လူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ ဆံပင်ပါးပါးနှင့်လူ၏ မျက်လုံးများက ရုတ်ချည်း ရီဝေသွားသည်။ မျက်မှန်နှင့်လူက အလိုက်မသိစွာ ဆက်ပြောလိုက်သည်..

“အဲဒီတုန်းက ကျွန်တော်တို့က လူပျိုပေါက်ပေါ့ဗျာ။ ကုက္ကိုသီးထုတဲ့ အုပ်ထဲလည်းပါ လိုက်တာပဲ။ ကန်စပ်က မြေပျော့ပျော့ကို တုတ်နဲ့ထိုးပြီး ရေပိုးကောင်လေးတွေကို ကလော်ထုတ်နေတတ်တဲ့ အုပ်စုထဲလည်း ပါလိုက်တာပဲ။ ကန်ဘောင်ပေါ်မှာ ခြေတစ်လှမ်း ကုဋေတစ်သန်းပုံစံနဲ့ လှုပ်လီလှုပ်လဲ့ လမ်းသလားနေတဲ့ အပျိုတစ်သိုက်ကို ငေးမောတဲ့အဖွဲ့ထဲလည်း ပါလိုက်တာပဲဗျ။ ခင်ဗျားတို့ကတော့ ရေကန်အထက် ၀ါးရုံတောနားက မြက်ခင်းစိမ်းပေါ်မှာ ရှိနေတတ်တယ်။ ခင်ဗျား ချစ်သူက တော်တော်လှတာပဲဗျ။ သူ့ရဲ့ဆံပင်တွေက နေရောင်အောင်မှာ အရောင်တောက် နေသလိုပဲ။ သူ့ရဲ့ ငန်းကြီးတွေကလည်း သိပ်လှတယ်။ ရွှေအိုရောင် နေရောင်ခြည်အောက်မှာ နှုတ်သီးကိုမော့၊ အတောင်ပံတွေကို ဖြန့်ပြီး တဖျတ်ဖျတ် ခါလိုက်လိုက်ရင်တော့ဖြင့် အို…တိမ်တောက်တဲ့ ညနေခင်းဟာလေ ရှိတာထက် ပိုပြီး ၀င်းလက်သွားသလို ခံစားရတယ်”။

“အင်းပေါ့ဗျာ… ဒါနဲ့ ခင်ဗျားရဲ့ ဘိုဟီးမီးယန်းတွေ အကြောင်း ပြောပြပါဦးဗျ၊ ခင်ဗျား ဟိုမှာ ကျောင်းတက်တုန်းက အပိုဝင်ငွေရအောင် အလုပ်သွားလုပ်တုန်းက ဘိုဟီးမီးယန်းတွေရဲ့ ကလပ်ကြီး အကြောင်းလေ”

ဆံပင်ပါးပါးနှင့်လူက သူစမိသည့် စကားလမ်းကြောင်းကို သိသိသာသာလွှဲပစ်လိုက်သည်။

“အေးဗျာ… အဓိက ကတော့ ကမ္ဘာ့ထိပ်ထိပ်ကြဲ ခေါင်းဆောင်တွေ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောကြီး တစ်ခုထဲမှာ အဆောက်အဦး ကောင်းကောင်းတွေ ဆောက်ပြီး မိန်းမတွေနဲ့ ဝေးရာနေရာကို ခေတ္တရှောင်ပုန်းတဲ့ နေရာလို့လဲ ဆိုလို့ရတယ်။ ၁၉၆၀ပြည့်နှစ်တွေရဲ့ ဟိုဖက်မှာတော့ ကလပ်အသင်းဝင်သူတွေက လူဖြူတွေချည်းပဲလေ။ ကျုပ်အလုပ်လုပ်နေစဉ် ကာလတုန်းက အင်္ဂလန်နဲ့ ကနေဒါက အသင်းဝင် ငါးယောက်စီ ရှိတယ်၊ ကျန်တာတွေက မကောင်းတတ်လို့ ထည့်ထားတဲ့ ဖိလစ်ပိုင်၊ ဘာမြူဒါ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဘဟားမား၊ ဂျပန်စတဲ့ လူဖြူ မဟုတ်တာတွေ တစ်ယောက်စီ ထည့်ထားပေးလိုက်တယ်ဗျာ၊ အာဖရိကန် ခေါင်းဆောင်သုံးယောက် ထည့်ထားပေးတယ်ဗျာ၊ ကျန်တာတွေက သူတို့တွေချည်းပါပဲ။ ဒီအနောက်နိုင်ငံသားတွေ မိန်းမတွေကို သိပ်ဦးစားပေးတယ်လို့ ပုံဖမ်းထားပေမယ့်လည်း မိန်းမတွေတစ်ယောက်မှ ၀င်ခွင့်မရတဲ့ နေရာလို့လဲ ဆိုလို့ ရတာပေါ့ဗျာ။ လူပြိန်းတစ်ယောက်အနေနဲ့ပဲ စဉ်းစားကြည့်ဗျာ.. မိန်းမတွေကို သိပ်ဦးစားပေးတယ်ဆိုပြီး အဲဒီတိုင်းပြည်က မိန်းမတွေဟာ ၁၉၆၀ ဒီဘက်ပိုင်းမှ မဲပေးခွင့် ရှိလာတယ်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိတယ်။ ဘယ့်နှယ်ဗျာ.. မိန်းမတစ်ယောက်ကို ချိန်းဆိုပြီးရောက်လာလို့ ကားတံခါးလေးကိုဖွင့်ပေးရုံနဲ့၊ ခြုံလွှာလေးရုံပေးရုံနဲ့ အဲဒီ လူဖြူတစ်ယောက်ဟာ လူကြီးလူကောင်း ဖြစ်ရိုးလား၊ မိန်းမတွေကို ဦးစားပေးတယ် ဖြစ်ရိုးလား”

“ခင်ဗျား ခရုသင်းတောင် စွဲပစ်လိုက်ချင်သေးလား.. ဟုတ်လား”

“ဟားဟား… အေးဗျာ၊ ကျုပ်တွေ့လိုက်တဲ့ မိန်းမတိုင်းကလဲ လူဖြူမှလူဖြူ၊ လူဖြူမဟုတ်ရင် ယောက်ျား မဟုတ်တော့တဲ့ အတိုင်းပဲ။ အဲ…. လူဖြူမှ လူထင်တတ်တဲ့မိန်းမတွေရဲ့ အထင်ကြီးခံရဖို့အတွက်တော့ ခရုသင်းတော့ မစွဲလိုက် ပါရစေနဲ့ဗျာ”

သူ့ချစ်သူက သူ့ကိုပစ်ပြီး လူဖြူတစ်ယောက်နောက် လိုက်သွားလို့ ယခုချိန်ထိ မခံမရပ်ဖြစ်နေသော၊ ခြောက်ကပ်ကပ် ရယ်သံဖြင့် တမင်လုပ်ရယ်နေသော မျက်မှန်နှင့်လူကို ဆံပင်ပါးပါးနှင့်လူက သဘောကျပြီး ကြည့်နေသည်။

မျက်မှန်နှင့်လူက စကားကို ပြန်ဆက်လိုက်သည်။thanlwin

“မိန်းမတွေကို သိပ်ဦးစားပေးတယ်ဆိုတဲ့ တိုင်းပြည်တွေမှာတောင် မိန်းမခေါင်းဆောင်တွေ ပေါ်ထွက်လာတာ သိပ်မရှိဘူးဆိုတာ ခင်ဗျားသိတဲ့ အတိုင်းပဲလေ။ မိန်းမတွေကို ဦးစားပေးလှပါချည်ရဲ့လို့ အော်ဟစ်မနေတဲ့ အရှေ့တိုင်းပြည်အချို့မှာပဲ မိန်းမ ခေါင်းဆောင်တွေ ပေါ်ပေါ်လာကြတာ မဟုတ်လား။ အနောက်နိုင်ငံတွေရဲ့ အချို့ဂေါက်ကလပ်တွေမှာ ဆိုရင်လည်း အခုချိန်ထိ မိန်းမအသင်းဝင်တွေကို လက်မခံဘူး။ ဒီလိုမျိုး ယောက်ျားများသာ ဆိုတဲ့ ကလပ်တွေ အမေရိကန်မှာ တည်ရှိနေတာ နှစ်ပေါင်း ၂၅၀ ကျော် ရှိနေပြီ။ ကျုပ် အလုပ်လုပ်ခဲ့တဲ့ ဘိုဟီးမီးယန်း ကလပ်ထဲလဲ မိန်းမတစ်ယောက်မှ ခြေချခွင့်မရှိဘူး”

“သူတို့လည်း မိန်းမတွေနဲ့ ဝေးတဲ့နေရာမှာ နားအေးပါးအေး ခဏသွားနေချင်တယ်နဲ့ တူတယ်”

“ဟားဟား.. ဒါပေမယ့် ကျုပ်တို့ ယောက်ျားတွေစကားများရင် မိန်းမတွေ လိုက်မမီဘူး ထင်တယ်ဗျ။ ဒါနဲ့… သူတို့ရဲ့ လွတ်မြောက်ခြင်း လေးရပ်(four freedoms) က ဘာလဲသိလား”

“ပြောပါဦး”

ဆံပင်ပါးပါးနှင့်လူက ဖန်ခွက်ကို အသံမြည်အောင် လှုပ်ခတ်ပြီး မေးလိုက်သည်။

o “ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေပဲ”ဗျ

“ကြံကြံဖန်ဖန်ဗျာ။ ဒါနဲ့ ခင်ဗျားကိုကျတော့ လူဖြူမဟုတ်ဘဲ အဲဒီကလပ်ထဲ အလုပ်ခန့်ထားတာပဲလား”

“ခိုင်းဖတ်လေဗျာ။ အဲဒီမှာဂျပန်တွေကိုလည်းခိုင်းထားတယ်ဗျာ၊ ရွှေရောင်ကြက်ဆံကျစ်တွေနဲ့ တန်ဆာဆင်ထားတဲ့ အဖြူရောင်အကျီင်္ဝတ်တွေနဲ့ ဂျပန်ထမင်းချက်တွေက လူ ၇၀၀ ဆန့်တဲ့ ထမင်းစားခန်းကြီးရဲ့ ပတ်ပတ်လည်မှာ ရေပူရေအေးကပ်ဖို့ အဆင်သင့် စောင့်နေရတာဗျ။ နောက်ပြီးဖိလစ်ပိုင်တွေရှိတယ်ဗျာ၊ ခိုင်းထားခံရသူတွေလေ။ ၉၉% လောက်သော အသင်းဝင်တွေကသာ လူဖြူတွေပေမယ့် အလုပ်သမား တ၀က်ကျော်ကျော်လောက်က လူဖြူ မဟုတ်သူတွေလေ။ ခင်ဗျားသိလားဗျ.. ဒီကလပ်ထဲကို သူတို့ လူဖြူရေပေါ်ဆီ အထက်တန်းလွှာတွေ ၀င်နိုင်ဖို့ကို ၁၅နှစ် စောင့်ရတယ်။ ကျုပ်အလုပ်လုပ်စဉ်အချိန်တုန်းက ၀င်ကြေးက ဒေါ်လာတစ်သောင်းနဲ့ လစဉ်ကြေးက ဒေါ်လာတစ်ရာ့နှစ်ဆယ်တဲ့”

“သူတို့တတ်နိုင်မှာပါ ဂုတ်သွေးစုပ်တွေပဲလေ။ အခွန်ထမ်းလူတန်းစားတွေဆီက အခွန်တွေယူလာပြီး ငြိမ့်နေတာလည်း ဖြစ်မှာပေါ့၊ ဒါနဲ့ အသင်းဝင်တွေက ဘယ်လိုလူမျိုးတွေလဲ”

“အမေရိကန်နိုင်ငံရဲ့ ထိပ်ထိပ်ကြဲစီးပွားရေးခေါင်းဆောင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ဆေးပညာလောကကလူတွေ၊ ထိပ်တန်းစာရေးဆရာတွေ၊ စစ်ခေါင်းဆောင်တွေ၊ ပညာရေးလောကက ထိပ်တန်းခေါင်းဆောင်တွေ စသဖြင့်ဗျ။ အသင်းဝင်တိုင်း တစ်ယောက်နဲ့တစ်ယောက် အကုန်တော့ ဘယ်သိမလဲဗျာ။ ဒီကလပ်ထဲမှာ နွေရာသီအချိန်တွေ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် တောထဲကစခန်းတွေမှာ လာအပန်းဖြေကြချိန်မှာ ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဇာတ်တွေလဲ ကကြသေးတယ်။ အဲလိုအချိန်တွေမှာ စီးပွားရေးနဲ့သက်ဆိုင်တာတွေ အချင်းချင်း မဆွေးနွေးကြရဘူး၊ စီးပွားရေးအခွင့်အလမ်းအတွက် လမ်းမဖောက်ရဘူးဆိုတဲ့ စည်းကမ်းတွေတော့ ချမှတ်ထားတယ်။ သူတို့ ပြောပြောနေတာကတော့… ဘာတဲ့… အင်းမှတ်မိပြီ၊ “Weaving Spiders come not here” ဆိုတာပဲဗျ။ အသင်းဝင်အချင်းချင်း တွေ့တဲ့အခါမှာ ဘိစနက်ကဒ်တွေ မလဲလှယ်ရဘူးဆိုတဲ့ စည်းကမ်းရှိပေမယ့် ဘယ်လောက် လိုက်နာနိုင်ကြမလဲ။ ဒီအသင်းထဲဝင်ပြီဆိုမှတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အဆက်အသွယ် တစ်ခုခုအတွက် ဒါမှမဟုတ် ဘိုဟီးမီးယန်းတစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုအတွက် ၀င်ကြတာပဲလေ”

မျက်မှန်နှင့်လူက ရေခဲညှပ်ဖြင့် ရေခဲတစ်တုံးကို ဖန်ခွက်ထဲ ပစ်ထည့်လိုက်ကာ စကားဆက်ပြောသည်။

“ကလပ်အဆောက်အဦးကြီးကလည်း ခမ်းနား ကြီးကျယ်လိုက်လေခြင်း။ ဇီးကွက်ရုပ်က သူတို့ရဲ့ သင်္ကေတပေါ့ဗျာ၊ ၀င်းအ၀င်ဝမှာ ထုလုပ်ထားတယ်။ အထဲမှာလည်း လူ ၇၅၀ လောက်ဆန့်တဲ့ ရုပ်ရှင်သီရေတာကြီးတွေ၊ ပြတိုက်တွေ၊ အနုပညာပြခန်းတွေ၊ အနှစ်နှစ်အလလက စုထားတဲ့ ရှေးဟောင်းတန်ဖိုးကြီး အ၀တ်အစားတွေထားတဲ့ အခန်းကြီးတွေ၊ စုံလို့ပဲဗျ။ ကျုပ်အကြိုက်ဆုံးကတော့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိတဲ့ လေဒီအိုင်းရစ် ဆိုတဲ့ မာမီရုပ်ကြီးပဲ။ ၁၉၁၄ ခုနှစ်လောက်တုန်းက အီဂျစ် သုတေသနပညာရှင် ဂျယ်ရမိုင်းရာလင့်ခ်ျ ဆိုတဲ့လူက ကလပ်ကို မျက်နှာလို မျက်နှာရ လှူထားတာလေ။”

မျက်မှန်နှင့်လူက မောသွားသဖြင့် သက်ပြင်းရှိုက်ပြီး ဖန်ခွက်ကို မော့ချလိုက်သည်။ ထို့နောက် မြေပဲလှော်တစ်ဆုပ် ကောက်ယူကာ အသံမြည်အောင် ၀ါးနေလိုက်သည်။ ဆံပင်ပါးပါးနှင့်လူကတော့ မျက်မှန်နှင့်လူ ပြောသော ရောက်တတ်ရာရာ အကြောင်းများကို၊ ငြီးငွေ့ခြင်းကင်းစွာ နားထောင်နေရင်း တစ်ခွက်ပြီး တစ်ခွက် မော့ချနေတတ်သည်။

ညနေစောင်းကတည်းက ၀ရံတာပေါ်မှာ ငုတ်တုပ်ထိုင်ပြီး စကားတပြောပြောနှင့် ရှိနေတတ်သော ထိုသူနှစ်ဦးကို လှပသော နွေညများ၊ မိုးရိပ်ကင်းစင်သော မိုးညများ၊ နှင်းငွေ့ဝေသော ဆောင်းညတိုင်းလိုလိုမှာ တွေ့ရတတ်သည်။

thanlwin ဒီစကားဝိုင်းမှာ မျက်မှန်နဲ့လူက အမြဲတစေ စကားများများ ပြောဆိုဦးဆောင်ပြီး၊ ဆံပင်ပါးပါးနဲ့လူက ထာဝစဉ်လိုလို ငြိမ်သက်စွာ နားထောင်လေ့ ရှိသည်။ အချိန်တွေ ကြာလာသည်နှင့်အမျှ စကားဝိုင်း ပိုင်ရှင်တို့၏ မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေက ပိုမိုပြီး ထင်ရှားလာသည်။ သူတို့၏ သွားများကလည်း ပိုပြီး ၀ါထိန်လာသည်။ အထူးသဖြင့် ဆံပင်ပါးပါးနှင့်လူ၏ မျက်နှာသွင်ပြင်က တဖြည်းဖြည်း ဖောသွပ်လာသည်။ မျက်လုံးများက အရင်ကထက်ပိုပြီး အရောင်ကင်းမဲ့လာသည်။ ထိုသူက ၀ရံတာပေါ်မှ ရေကန်ကြီးဘက်ကို မျက်နှာမူပြီး အမြဲလိုလို ထိုင်တတ်သည်။ ဒီနေတော့ အရင်နေ့တွေထက် ပိုပြီး ရေကန်ကြီးဘက်ကို မကြာခဏ သူ ငေးကြည့်နေသည်။ ထို့နောက် သက်ပြင်းကို လေးတွဲ့စွာချကာ အိပ်မက်မက်နေသူပမာ စကားကို တစ်ခွန်းချင်းစီ ပြောလိုက်သည်။

“သူ.....သေဆုံးသွားတဲ့ နောက်ပိုင်း သူ့ရဲ့ ငန်းဖြူကြီးတွေကို တူတွေ၊ တူမတွေက ဆက်လက် ထိန်းကျောင်းခဲ့တယ်။ အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ။ သူ.....မရှိတော့တဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ တူ၊ တူမတွေ လက်ထဲမှာ ငန်းဖြူကြီးတွေဟာ တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကြတယ်။ သေဆုံးသွားတဲ့ ငန်းဖြူကြီးတွေနဲ့အတူ ကျုပ်ရဲ့ ဘ၀တစ်ခုလုံးလည်း တဖြည်းဖြည်း ပဲ့ကြွေလာရာကနေ သေဆုံးနေခဲ့တာပေါ့ဗျာ..။”

“အေးဗျာ… တစ်ရပ်ကွက်ထဲသားတွေဆိုတော့ သူ့ရဲ့ နောက်ဆုံးခရီးကို ကျုပ်လိုက်ပို့ လိုက်သေးတယ်။ ဒါပေမယ့် ခင်ဗျား လိုက်မပို့ဘူး မဟုတ်လား။ ခင်ဗျားချစ်သူက နောက်ဆုံးအချိန်မှာတောင် လှတုန်းပဲ…။ သူ့ကို တစ်ကိုယ်လုံး အဖြူရောင် ဆင်မြန်းပေးထားကြတယ်။ သူ့ကိုယ်ပေါ်မှာလည်း နှင်းဆီဖြူတွေနဲ့လေ”

“ဘယ်လို စိတ်ခွန်အားမျိုးနဲ့ ကျုပ်ချစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်နိုင်မလဲဗျာ။ အဲဒီနေ့က ကျုပ်လူမှန်း မသိလိုက်ဘူး။ ဒါပေမယ့် လူသူတွေ တိတ်ဆိတ်တဲ့အခါမှာတော့ သူလဲလျောင်းရာ နေရာလေးမှာ နေ့စဉ်လိုလို သွားပြီး ကျုပ်မျက်ရည်တွေကို ကျုပ်အပြည့်အ၀ စားသုံးခဲ့တယ်”

“လူဆိုတာ သေမျိုးချည်းပဲလို့ ခင်ဗျားကို ဖြေသိမ့်ရမလား၊ ကျုပ်မဖြေသိမ့်တတ်ဘူးဗျာ၊ ကျုပ်ကိုယ်တိုင်လည်း တစ်ကိုယ်လုံး နာကျင်မှုတွေ အထပ်ထပ်နဲ့လေ။ ဒီလိုနဲ့ ခင်ဗျားလည်း နာကျင်မှုတွေကို ကုစားရင်း ကျုပ်လို အရက်စွဲလာတယ်ပေါ့… ဟုတ်လား”

အလိုက် မသိတတ်လွန်းစွာ ပြောနေသော မျက်မှန်နှင့်လူကို ဆံပင်ပါးပါးနှင့်လူက ဗွေမယူနိုင်တော့။ တစ်ကယ်တော့ သူချစ်ဖူးခဲ့သူ ငွေငန်းပိုင်ရှင် မိန်းကလေးနှင့် ပတ်သက်ပြီး ခံစားရသမျှကို နားထောင်ပေးမည့်သူက မျက်မှန်နှင့်လူ တစ်ဦးထဲသာရှိသလို၊ မျက်မှန်နှင့်လူ၏ ကျောင်းသွားတက်စဉ်တုန်းက ကြုံတွေ့လာရသော ဘိုဟီးမီးယန်းများ အကြောင်းကို စိတ်ရှည်လက်ရှည် နားထောင်ပေးမည့် သူကလည်း ဆံပင်ပါးပါးနှင့်လူ တစ်ဦးတည်းသာ ရှိလေသည်။

“အင်း.. ကျုပ်ဘ၀ထဲက သူမထွက်ခွာသွားတဲ့အတွက် အလွမ်းဒဏ်ကို ကုစားတဲ့အနေနဲ့ သောက်တယ်ပေါ့ဗျာ၊ အရက်စွဲခြင်း အဆင့်သုံးဆင့်ရှိတဲ့ အထဲမှာ ပထမအဆင့်ရဲ့ ထုံစံအတိုင်း အရက်ဟာ ကျုပ်ရဲ့ဘ၀မှာ အသုံးသိပ်မ၀င်ဘူး၊ ကျုပ်ရဲ့အသုံးချခံနေမှုကို ခံနေရခြင်း သက်သက်ပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာက အဲလောက်နဲ့ မရတော့ဘူး။ မတိုးတော့ဘူးဗျ၊ ဒါနဲ့ ဒုတိယအဆင့်ကို ရောက်လာတယ်။ အရက်ဟာ ကျုပ်ဘ၀မှာ ပိုပြီး အရေးပါအရာရောက်လာတယ်။ အရက်ဟာ ကျုပ်ကို အသုံးချလာတယ်။ အရက်စွဲနေပြီဆိုတာကို တိုးတိုးတိတ်တိတ် ၀န်ခံနေတဲ့ ကျုပ်စိတ်ကို ငြင်းချက်တွေ ပြန်ထုတ်ရင်း ပိုပိုပြီး သောက်လာမိတယ်၊ ပထမအဆင့်မှာ ကျုပ်ကို စိတ်သက်သာရာရစေတဲ့ အရက်ဟာ၊ ဒုတိယအဆင့် ရောက်လာချိန်မှာတော့ ကျုပ်ရဲ့ ကိုယ်ခန္ဓာကို စပြီး အပိုင်စီး လာတယ်။ အဆိပ်တွေ ပျံနှံ့နေပြီဖြစ်တဲ့ ကျုပ်ကိုယ်ကြီးဟာ မကြာခဏ မူးလည်း လာတယ်၊ ခေါင်းတွေ ကိုက်တတ်လာတယ်၊ ဗိုက်အောင့်တတ်လာတယ်၊ အလင်း သိပ်ကြိုက်တဲ့ကောင် အလင်းရောင်ကို ကြောက်လာတယ်။ ခင်ဗျား ထင်လားဟင်၊ မူးနေလို့ ကျုပ်သူ့ကို မေ့နေတယ်လို့။ တကယ်တော့ သူ့ကို ဘယ်လိုမှ မမေ့နိုင်ဘူး”

“အင်း အခုတော့ အရက်စွဲခြင်း သုံးဆင့်မှာ ခင်ဗျား နောက်ဆုံးအဆင့်ကို ရောက်နေပြီပေါ့၊ အရက်က လွဲပြီးဘာမှ အရသာ မရှိတော့ဘူးမဟုတ်လား။ ခုချိန်မှာ ခင်ဗျားရဲ့ အသည်းသာမက အစာခြေလမ်းကြောင်း တစ်ခုလုံးကလည်း ပျက်စီးနေပြီလေ။ အစာခြေတဲ့ စနစ်တစ်ခုလုံး ပျက်စီးပြီဆိုမှတော့ ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးဖို့ပဲ ကျန်တော့တယ်။ ခင်ဗျားကို အရက်ဖြတ်ဖို့ ကျုပ်မတိုက်တွန်းလိုဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်လည်း အရက်ကြိုက်တယ်။ ဒါပေမယ့် ခင်ဗျားသိလားဗျ၊ ဒီဘိုဟီးမီးယန်းတွေရဲ့ ကလပ်တွေမှာ အရက်ကတော့ ၂၄နာရီရတယ်။ လူဆယ်ယောက်စာ ၀ိုင်တန်ဖိုးကတင် ဒေါ်လာလေးရာလောက် တန်တဲ့ အကောင်းစား ၀ိုင်တွေ၊ ဒါပေမယ့် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဆိုတော့ မူးလဲတာတွေ ဘာတွေ ဘယ်ရှိမလဲ။ အရက်ချက် စက်ရုံရှယ်ရာဝင် စီးပွားရေးသမား ဘိုဟီးမီးယန်းကြီးတွေဟာ ဘယ်တော့မှ အရက်မစွဲဘူးလေ။ ကျုပ်တို့သာ ကျုပ်တိုရဲ့ ဘ၀တွေကို ဖျက်ဆီးလို့ သူတို့ ကောင်းစားရေးကို အလုပ်အကျွေး ပြုနေရတာ”

“အေးဗျာ… သူတို့အကြောင်း ဆက်ပြောဗျာ….”

ပြောအပြီး ဆံပင်ပါးပါးနှင့်လူက ခွက်ကိုနှုတ်ခမ်းမှာ တေ့ပြီး မော့ချလိုက်သည်။

“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး ဖြစ်အောင်လည်း ရေကန်အောက်က စက်တွေနဲ့ ဖန်တီးထားလိုက်သေးတယ်။ အဲဒီ ရေကန်ကြီးနားက စားပွဲဝိုင်းကြီးတွေမှာ စုဝိုင်းထိုင်၊ ရေကန်ကြီးနားက စင်မြင့်ကြီးပေါ်မှာ ဟောပြောပွဲတွေ၊ ကဇာတ်တွေ ကပြဖျော်ဖြေကြနဲ့ သူတို့ရဲ့ နွေရာသီစခန်းတွေက အံ့မခန်းပါပဲ။ thanlwinညညဆို တတောလုံးမှာ ဂီတသံတွေ လွင့်ပျံ့နေအောင်လည်း ဖန်တီးထားလိုက်သေးတယ်။ သစ်ပင်တွေကလဲ ရောင်စုံ မီးမှိန်မှိန်လေးတွေနဲ့ နတ်နန်းကြီး တစ်ခုထဲ ရောက်နေသလိုပဲ ခံစားရတယ်ဗျာ။ နွေရာသီ စခန်းတွေ စပြီဆိုရင် ဒီရေပေါ်ဆီ ဘီုဟီးမီးယန်းတွေအတွက် မီးသတ်ဌာနကြီး တစ်ခုလုံးက အရံသင့် စောင့်နေရတယ်။ အဲဒီအထဲမှာ ဆရာဝန်နှစ်ယောက်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေပါ ပါတယ်လေ။ သူတို့ကို အလုပ်အကျွေးပြုဖို့ကို လူအယောက် ၅၀၀ ကလည်း အဆင်သင့် ရှိနေတယ်။ ကမ္ဘာအနှံ့က ထိပ်ထိပ်ကြဲ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ရောက်ခဲ့ကြတဲ့အတွက် အဲဒီရေကန်ကြီးနားက စင်မြင့်ပေါ်မှာ အတွေ့အကြုံတွေ ဖလှယ်ကြတဲ့အခါမျိုးကို ခင်ဗျားကို မြင်ဖူးစေချင် စမ်းတယ်။ သတင်းမှန်သမျှ သူတို့ လက်ထဲမှာရှိတယ်ပေါ့ဗျာ၊ စင်နောက်နားကနေ လှမ်းကြည့်လိုက်ရင် အဖြူရောင် ပင်လယ်ပြင်ကြီးလိုပဲ။ လူဖြူတွေချည်းပဲ၊ မကောင်းတတ်လို့ အာရှ ခေါင်းဆောင် တစ်ယောက်လောက်၊ အာဖရိက ခေါင်းဆောင် တစ်ယောက်လောက် ဟိုနားဒီနား တွေ့ရတတ်တယ်”

“သူတို့ ညအိပ် ညနေတည်းခိုတဲ့ စခန်းတွေဆိုတာ စန္ဒယားခုံတွေ၊ မဟော်ဂနီစားပွဲတွေ၊ မဟော်ဂနီ လေသာဆောင်တွေနဲ့ အပျံစားလုပ်ထားတာ။ မိန်းမတွေကိုသာ ပိတ်ပင်ထားပေမယ့် နံရံတွေပေါ်မှာတော့ မိန်းမပုံ ပန်းချီတွေ ရှိသဗျ။ အနုပညာမျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ ကျုပ် မခံနိုင်တာ တစ်ခုကတော့ စခန်းတွေကို အမည်မှည့်ထားတဲ့ အထဲမှာ မန္တလေးစခန်းဆိုတဲ့ဟာကိုပဲ။ ဘယ်နှယ့်ဗျာ.. အင်္ဂလိပ်က ကျုပ်တို့ တိုင်းပြည်ကို ကျွန်ပြုသွားတာ ပြီးပါစေတော့လား၊ ဒီမြောက်အမေရိက တစ်ခုလုံး ဘယ်နေရာမှာမဆို မန္တလေးဆိုတဲ့ အမည်တပ်ထားတဲ့ အဆောက်အဦးတွေ မြင်တိုင်း ကျုပ်တော့ ရှက်တယ်။ သူတို့ ကျွန်ပြုခဲ့တာကို စမြုံ့ပြန်ထားတယ်လို့ပဲ မြင်တယ်။”

“ခင်ဗျားဟာ လူ့ဂွစာပဲ”

“ဒီကိစ္စမှာတော့ ကျုပ်ဂွကျ လှတယ်လို့ ကျုပ်ကိုယ်ကျုပ် လုံးဝမထင်ဘူး။

“ခင်ဗျားရဲ့ ဘိုဟီးမီးယန်းတွေရဲ့အကြောင်းက ကျုပ်အတွက်တော့ ဒဏ္ဏာရီတစ်ခုလိုပါပဲဗျာ”

ဆံပင်ပါးပါးနှင့်လူက မျက်မှန်နှင့်လူ၏ စကားအဆုံးမှာ ခပ်တိုးတိုး ပြောလိုက်သည်။

ညလေက တဖြူးဖြူး တိုက်ခတ်လာသည်။ ကြည်လင်သော ကောင်းကင်ပေါ်မှ လမင်းက သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ ငုံ့ကြည့်လာချိန်မှာ လူစုခွဲရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်နေ့တွေ နောက်နေ့တွေမှာလည်း သူတို့ဆက်လက်ပြီး တွေ့ဆုံကြသည်။ မြေပဲခွံတွေ ပေပွနေသော စားပွဲနှင့် မွဲညစ်ညစ် ၀ရံတာကြမ်းပြင်တွေဟာလည်း ဖန်တရာတေ စကားလုံးတွေကြားမှာ တဖြည်းဖြည်း အိုဟောင်းလို့ လာနေသည်။ ကုက္ကိုပင်တွေ ထူထပ်စွာ ပေါက်ရောက်နေသော ကန်ရိုး၊ ၀ါးရုံတောနှင့် မြက်ရှည်ပင်များကတော့ သိပ်ပြီး ပြောင်းလဲမှုမရှိ။

တစ်နေ့သော ညနေစောင်းတခုတွင် အချိန်မှန် ရောက်လာနေကျ ဆံပင်ပါးပါးနှင့်လူ ရောက်မလာ၍ မျက်မှန်နှင့်လူက ၀ရံတာ လက်ရမ်းကို မှီကာ ရေကန်ကြီးဘက်ကို မျှော်ငေးရင်း စောင့်နေခဲ့သည်။ ညက တဖြည်းဖြည်း မှောင်လာခဲ့သည်။ မျက်မှန်နှင့်လူက ဆံပင်ပါးပါးနှင့်လူကို မစောင့်နိုင်တော့သဖြင့် တစ်ယောက်တည်း တစ်ခွက်ပြီး တစ်ခွက်မော့ချကာ အချိန်များကို ကုန်လွန်စေခဲ့သည်။ နောက်ဆုံး မိုးစုန်းစုန်းချုပ်သွားသည့် အခါမှာတော့ စားပွဲမှ ထကာ အိမ်ထဲသို့ မ၀င်ခင် ရေကန်ကြီးဘက်ကို မူးရစ်ရီဝေစွာနှင့် အကြောင်းမဲ့ မျှော်ငေးကြည့်လိုက်သည်။ လရောင်အောက်မှာ ရေကန်ကြီးက ငြိမ်သက်စွာ အိပ်မောကျနေသည်။ ကုက္ကိုကိုင်းဖျားတွေက လှေအဝှေ့မှာ ခပ်ဖြည်းဖြည်း လှုပ်ခတ်နေသည်။ မြက်ရှည်ပင်တွေဘက်ကို ကြည့်နေသော မျက်မှန်နှင့်လူ၏ မျက်နှာမှာ အံ့သြရိပ်၊ ဝေခွဲမရသည့် အရိပ်တို့နှင့်အတူ ၀မ်းနည်းရိပ်တို့ တဖြည်းဖြည်း ထင်ဟပ်လာသည်။ သေချာအောင် လက်နှင့် မျက်လုံးများကို ပွတ်ပြီး မျက်မှောင်ကြုံ့ကာ ၀ါးရုံတောဘက်ကို စူးစိုက် ကြည့်နေလိုက်သည်။ လရောင်မှိန်မှိန်အောက်မှာ ၀ါးရုံတောနားက မြက်ရှည်ပင်တွေကြားတွင် လူတစ်ဦး လဲကျနေသည်ကို ခပ်ရေးရေး မြင်နေရသည်။ ထိုသူ၏ ဘေးတွင်တော့ လှပသော ငန်းဖြူကြီး နှစ်ကောင် လည်ချင်းယှက်လျက် နေသည်ကိုလည်း မြင်လိုက်ရပါတော့သည်။
အိမ့်ချမ်းမြေ့
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 1 of 1 comments

1. 17-11-2009 03:34

nivek

Display 1 of 1 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Tuesday, 10 November 2009 11:08