Views : 1414  |
Favoured : 35 |
အမေ့ကို ပေးမယ့် မနက်ဖြန် နိုင်ငံတကာ နျူစွမ်းအင်တွေနဲ့ လျှပ်စစ်မီးရောင်တွေကို ဖောဖောသီသီသုံးစွဲနေချိန် ကျွန်တော်ချစ်တဲ့ အမေ့ရဲ့အိမ်လေးက အလင်းရောင်မှာ လေပြင်းပြင်းလေး တိုးဝှေ့တိုက်ခတ်သွားမှာကိုပဲ
စိုးရိမ်နေရ ပူပန်နေရ မုန့်လေးတစ်ဖဲ့တစ်ချပ်လို စိုပြေတယ်ဆိုတဲ့အရသာလေး ဘ၀ရဲ့ ထောင့်တစ်နေရာရာမှာ ရှိလိမ့်နိုးလေးနဲ့ အနံ့လေးခံခံနေရ ရာစုနှစ်များစွာထဲမှာ တိမ်းမြုပ်ကျန်ရစ်ခဲ့ပြီလား အမေ့ရဲ့အိမ်လေး အဝေးက ငေးနေရင်းနဲ့ပဲ လွမ်းရ အဝေးက မျှော်ကြည့်နေရင်းနဲ့ပဲ ငေးရ အဝေးက နေရင်းပဲ ဆွေးရ အဝေးက နေရင်းပဲ ဆုတောင်းမေတ္တာတွေပို့သရ ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းအိမ်မှာ ဥတုသုံးလီက မိုးရာသီပါပဲ မရှိခြင်းတွေ ခြိုးခြံနေရတဲ့ အမေ့အိမ်လေး ခြေချနင်းမိတိုင်း တကျွီကျွီမြည်နေတဲ့ အမေ့ရဲ့ကြမ်းခင်းလေး မနင်းရက်စရာ ခုဆိုတော်တော်လေး ဇရာထောင်းနေရောပေါ့ ခြကလေးတွေ အိမ်ဖွဲ့လို့ တွင်းနက်ကလေးတွေလည်း ဖြစ်နေရောပေါ့ ဒဏ်ရာအနာတရလေးတွေနဲ့ ပွန်းပဲ့နေတဲ့ အမေ့အိမ်လေး ဘာတွေနဲ့ ကုစားပေးရမတဲ့လဲ အမေက ကျွန်တော့်ဘ၀လေးကိုပေးခဲ့တယ် ကျွန်တော်က အမေ့ကို ဘာပြန်ပေးခဲ့ပြီးပြီလဲ ဘယ်အရာတွေနဲ့ ပြန်အစားထိုးပေးခဲ့ပြီလဲ မေးခွန်းပေါင်းများစွာ ပုစ္ဆာပေါင်းများစွာထဲမှာ ကျွန်တော် မှိန်ဖျော့ဖျော့ ဓာတ်တိုင် သွေးဆုံးနေတဲ့ အိပ်မက် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ စိတ္တဇ အမေ့ကိုပေးဖို့ ရည်စူးထားတဲ့ မနက်ဖြန်က အငုံအဖူးဘ၀လေးမှာပဲ တ၀ဲလည်လည်။ ။
မောင်ခင်လေး (၁၈.၉.၂၀၀၉) |
|
Users' Comments  |
|
Average user rating
|
|
|