Home ဆောင်းပါးများ ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1659
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13126
mod_vvisit_counterတစ်လအတွင်း7652
mod_vvisit_counterစုစုပေါင်6း39082
Join us in Facebook
Facebook Fanbox 1.5.x.0
ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး

Views : 1847    

Favoured : 36

Rating 2.6/5 (14 votes)


ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး
ရေးသားသူ - S.S
 

ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲ ဖြည့်ပေးနေဖို့မဟုတ်ဘူး။ သူတို့ကို တွေးခေါ်တတ်အောင် သင်ကြားပေးဖို့ ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ်။ 

မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့ စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ ပညာရေးစနစ်ရဲ့ တရားခံကိုရှာကြတဲ့အခါ လူအများစုက အစိုးရကိုလက်ညှိုးထိုးကြတယ်။ အစိုးရပြောင်းမှပဲ မြန်မာပြည် ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ်။ 

တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင် ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ထူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ်။
 

(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။


ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဘူး။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ်။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ။

သင်ကြားနည်းပိုင်း

သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ။ 

ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ်။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ်၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင်၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကို အမြဲမှတ်ဝင်သွားပါလိမ့်မယ် ။

ကျောင်းသားတွေဆီက စိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ်။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး။ 

သင်ယူနည်းပိုင်း

ဆရာသင်ပြပြီးသားသင်ခန်းစာတွေကို ကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာ ဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတစ်ယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ။
 
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဘူး။ မြန်မာပြည်ပညာရေးစနစ်မှာ အမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ်။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစား ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေ သူများထက်ပိုဖတ်ရမယ်၊ အင်ဖော်မေးရှင်း(information)ကို နည်းမျိုးစုံနဲ့ရှာရမယ်၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ်၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး တွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။ 

(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။ 

လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး၊ အသစ်တွေကို လေ့လာသင်ယူ လုပ်ကိုင်ရတော့မယ်၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတစ်ခုထိ အပင်ပန်းခံ ကြိုးစားရတော့မယ်။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာ ပြောင်းလဲလုပ်ဖို့ မလိုအပ်တဲ့ အပြောင်းအလဲမျိုးကိုတော့ လူတွေက လက်ခံနိုင်ချေများကြတယ်၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဘူး။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့ အပြောင်းအလဲတစ်ခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ။ ပြီးတော့ အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တစ်ဆင့်ချင်းလုပ်ဆောင်ပါ။ 

သင်ကြားနည်းပိုင်း

သင်ခန်းစာထဲက အချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့ လှည့်မေးထားတဲ့ပုစ္ဆာတွေကို ဖြေနိုင်တဲ့(apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတစ်ယောက်အနေနဲ့ စာသင်နည်းမှာ တစ်ဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ။ 

ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ။ ဥပမာ - အီးကွေးရှင်းတိုင်းကို အလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာ ဘယ်လိုအဓိပ္ပါယ်ကို ဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေ သိအောင်သေချာရှင်းပြပါ။ ပြီးမှ ပုစ္ဆာရဲ့တစ်ပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ် ပြန်လှည့်မေးပါ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲက ကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။ 

သင်ယူနည်းပိုင်း


သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုတစ်ဆင့်ချင်း ပြောင်းလဲမလဲ။

ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့် သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ်။ အဲလိုမဖြစ်အောင် ပထမဆုံး လက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတစ်ချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာတွေနဲ့ အရင်က ကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ။ နောက်တစ်ဆင့်အနေနဲ့ ဘာသာရပ်အလိုက် အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရော ဘယ်လိုဖြစ်လာမလဲ၊ ဘာကြောင့် ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ်။ 

(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ။

အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဘူး။ အပြောင်းအလဲတစ်ခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာ အကျုံးဝင်သွားအောင၊် နေသားကျသွားအောင်၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတစ်ခု ဖြစ်သွားအောင် လုပ်ယူရပါမယ် ။ 

သင်ကြားနည်းပိုင်း 

ဥာဏ်စမ်းပုစ္ဆာတွေ မေးလေ့ရှိတဲ့ဆရာရဲ့အတန်းက ကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဘူး၊ မစိုးရိမ်တော့ဘူး။ သူတို့အတွက် အဲဒိလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဘူး။ 

သင်ခန်းစာတွေကို အချက်အလက်သက်သက်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာ ကြုံတွေ့နေရတာတွေနဲ့ အမြဲကြိုးစားဆက်စပ်ပြီး သင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတစ်ခုကိုရှင်းပြတိုင်း လက်တွေ့မှာ အလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။

သင်ယူနည်းပိုင်း

ကျောင်းသားတစ်ယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင်  သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ်။ အဲလိုမေးခွန်းပေါ်လာအောင် သက်သက်သတိထားနေစရာမလိုတော့ဘူး။  

(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။ 

လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့ အမြဲနေထိုင်နေရပါတယ်။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ်။ မျိုးဆက်တစ်ခုနဲ့တစ်ခုမှာ ကြုံတွေ့ရတာတွေမတူတော့ဘူး။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ၊ ကျောင်းသားတွေ စာသင်ယူတဲ့ပုံစံတွေ၊ ဆရာတွေက စာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲ နေကြရပါတယ်။ 

သင်ကြားနည်းပိုင်း

ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာ မျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေက အထောက်အကူပြုနိုင်သလဲ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကို အသုံးပြုကြသလဲ၊ ဘာကြောင့်အသုံးပြုကြသလဲ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကို စူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျင်းသင့်သလို ထည့်သွင်းအသုံးချသင့်ပါတယ်။ 

သင်ယူနည်းပိုင်း 

မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကို အသုံးချတတ်လာရင် ၊ အကြောင်းအရာတစ်ခုကို လေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ်။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးက မြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။ 

(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။

နိုင်ငံတကာပညာရေးနယ်ပယ်မှာ အပြောင်းအလဲတွေ အများကြီးလုပ်လာကြပါတယ်။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး  စာသင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်ပြီး၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့်ပေါ့။ 

သင်ကြားနည်းပိုင်း

တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေ စိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ(supplementary teaching aid) အဖြစ်သုံးတာတို့၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ်။ 

ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာ ပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဘူး။ အဲဒီနည်းပညာတွေဟာ အထက်မှာ ဖော်ပြထားတဲ့အချက်နှစ်ချက်ကို အထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှ အထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဥပမာ - ဘလောဂ့်ကို ထည့်သွင်းသုံးပြီး စာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ.. အဲဒီအထောက်အကူဟာ ကျောင်းသားတွေ သင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။ 


နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ် လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ထူးကိုယ်ချွန်ပြီး ပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
ရေးသားသူ - S.S
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 6 of 6 comments

1. 20-12-2009 19:22

Great Post!
အပြောင်းအလဲဆိုတာ လိုအပ်တာတော့ အမှန်ပါ။ ဘယ်လိုပြော င်းမှာလဲဆိုတာရဲ့အနော က်မှာ မေးခွန်းတွေက အများကြီးလိုက်လာပါတယ်။ မြန်မာကျော င်းသားတွေက why? လို့အမေးနည်းတာက မြန်မာပြည် ရဲ့ ဘိုးစဉ်ဘော င်ဆက်က ကျင်းသုံးလာတဲ့ culture နဲ့လည်းဆို င်မယ်ထင်တယ်။ အကောင်းဆုံးနည်းလမ်းက တော့ သူလိုကိုယ် လို ဖွံဖြိုးဆဲ တိုင်းပြည် တွေမှာ ပညာရေးနဲ့ပ တ်သက်ပြီး လုပ်ထားတဲ့ research တွေကို နမူနာယူပြီး လုပ်ကြရင်ေ ကာင်းမယ်ထင်ပါတယ်။ ပညာရေးဆိုတာ အစိုးရနဲ့ ဆိုင်ပေမယ့်  ကိုယ်အသုံး ကျလားမကျလားအပေါ်မှာလည်း မူတည်ပါတယ် ။ လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေး နဲ့ နိုင်ငံရေး ဟာ ခွဲခြားလို့ မရတဲ့အတွက် ပညာရေးကို ကောင်းစေချ င်ရင် ကျန်တဲ့ ဟာတွေကို ပါပြောင်းမှ ရပါမယ်။
Guest
http://ziwakka.wordpress.com

2. 24-11-2009 17:03

Yes! We must change
အပြောင်းအလဲကအမြဲတန်း လိုအပ်နေပါ တယ်.... ဆရာတွေသင်ြ ကားရေးနည်း စနစ်တွေကို .. ပြောင်းလဲသ င့်နေ ပါပြီ။ ဒီလိုဆောင်းပါးမျိုးကို..လုပ်ပိုခွင့်ရှိဲ့..ပုဂ္ဂိုတွေဖတ်မိါစေလို့မျော်လင့်ပါ ယ်...
Guest
MWY

3. 23-11-2009 11:27

linaung

4. 19-11-2009 19:38

ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး
so good and get knowledge from this post for new generation 
 
thanks and i will wait for another post
Guest
သီသီအောင်

5. 18-11-2009 20:02

လက်တွေ့ အကောင် အထည်ဖော် နိုင် ဖို
အရမ်းကောင်း တဲ့ ဆောင်းပါးေ လး ပါ။ ဒီဆောင်းပါး လေးကို လက်တွေ့ အကောင် အထည်ဖော် နိုင် ဖို့လိုပါတ ယ်။ အကောင်အထည် ဖော် ဖို့ မြန်မာ နိုင်ငံက ဆရာ ကျောင်းသား မိဘ တွေ ကျယ်ကျယ်ပြ န့်ပြန့် သိ ပြီး နားလည် ဖို့လို ပါတယ်။ ဆရာ ကျောင်းသား မိဘ တွေ ကျယ်ကျယ် ပြန့်ပြန့် သိအောင် ဘယ် လို လုပ်မလဲ ဆိုတဲ့ အကြံဥာဏ်လေး ပါပေးနိုင် ကောင်းတာပေါ့ နော်
Guest
May

6. 17-11-2009 20:25

ကျေးဇူးပါပဲ
:eek :upset  
ဆောင်းပါးေ လးကို ဖတ်ရတာ အရမ်း အားတတ်ပါတယ် 
လမ်းပြပေးတဲ. အတွက် ကျေးဇူးပါပဲ 
:zzz :grin :roll
Guest
tty

Display 6 of 6 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Tuesday, 10 November 2009 01:44