ယနေ့ခေတ်ကြီးမှာ ၀တာကို ရောဂါတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ အရမ်းဝတဲ့လူများကိုတော့ အ၀လွန်ရောဂါ ဖြစ်နေသည်ဟု ခေါ်ကြသည်။ အ၀လွန်ခြင်း အဆီတက်ခြင်းကြောင့် ရောဂါများစွာလည်း ပိုမို ဖြစ်နိုင်ပေသည်။ ယခု ဤဆောင်းပါးကို ဆေးပညာရှုထောင့်မှ ရေးမည်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ၀ိတ်ချထားသည့်လူတစ်ယောက်၏ အတွေ့အကြုံများကို ရေးပြမည်ဆိုလျှင် ပိုမှန်မည်။ အဘယ်ကြောင့်ဆိုသော် သုံးလအတွင်း ပေါင်နှစ်ဆယ်ခန့် ချခဲ့သည့် အတွေ့အကြုံများကို သူငယ်ချင်းတစ်ယောက်အား ပြောပြသကဲ့သို့ ရေးမည် ဖြစ်သောကြောင့်ဖြစ်သည်။ အမှန်တကယ်ပိန်ချင်သူများအတွက် မည်သည့်ဆေးဝါး၏ အကူအညီမှ မပါဘဲ သဘာဝအလျောက် ၀ိတ်ချခဲ့သည့် နည်းလမ်းများကို အောက်ပါအတိုင်းလေ့လာနိုင်၏။
တကယ်ပိန်ချင်ပါသလား ၀ိတ်ချရန်အတွက် အရေးကြီးဆုံးအချက်မှာ တကယ်ပိန်ချင်တာဟုတ်မဟုတ် မိမိကိုယ်ကို မေးရန်ဖြစ်သည်။ ၀ိတ်ချရန်အတွက် လုပ်ရမည့်အရာများမှာ ပင်ပန်းဆင်းရဲကြီးလှသည်ဟု မဆိုသာသော်လည်း ပုံမှန်စားသောက်နေထိုင်နေသူများကဲ့သို့ နေထိုင်စားသောက်ခွင့်ရှိမည်မဟုတ်ပေ။ ထို့ကြောင့်မိမိကိုယ်ကို ယခုလက်ရှိခန္ဓာကိုယ်ကို ဘယ်လောက်ကျေနပ်မှုရှိသလဲ၊ ဘယ်လို ခန္ဓာကိုယ်မျိုးလောက်ကို လိုချင်ပါသလဲ၊ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲခံပြီး ၀ိတ်ချနိုင်မလဲဆိုတာကို သေချာအောင်မေးစေလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ိတ်ချသူ တော်တော်များများသည် စိတ်ပါတုန်း ခဏတဖြုတ်လုပ်ပြီး ဖိဖိစီးစီး တောက်လျှောက်မလုပ်သောကြောင့် လမ်းတ၀က်ဖြင့် ရပ်တန့်သွားသူများရှိသလို တချို့လည်း ကြိုးစားပန်းစားနှင့် လေ့ကျင့်ခန်းများတော့ လုပ်ပါရဲ့ သို့ပေမယ့် လေ့ကျင့်ခန်းလုပ်ထားတာပဲလေ တခါတလေတော့ ၀၀လင်လင်လေး စားဦးမှဆိုပြီး အစားအသောက်မဆင်ခြင်တတ်ကြပေ။ တချို့ကျတော့လည်း ၀ိတ်ချပြီးပြီပဲဆိုပြီး ခန္ဓာကိုယ်ကို ဆက်လက်မထိန်းသိမ်းပဲ ထားလိုက်ပါက ပြန်လည်ပြီး ၀လာတတ်ကြပါသည်။ ၀ိတ်ချသည်ဆိုသည်မှာ ကောက်ရိုးမီးလို ခဏတဖြုတ်ကောက်လုပ်၍ရနိုင်သော အရာမဟုတ်ပဲ ရေရှည် အစီအစဉ်တကျ လုပ်ရမည့်အရာဖြစ်သည်။ ချချင်သော ကိုယ်အလေးချိန်ပေါ်မူတည်၍ သုံးလေးလမှ တစ်နှစ်လောက်အထိအချိန်ယူနိုင်လေသည်။ ထို့ကြောင့် လွယ်လွယ်နှင့် စိတ်ပျက်သွားမည်ဆိုလျှင် အချည်းနှီးပင်။ ထိုအချက်တွေကြောင့် တကယ်လုပ်မှာလား မိမိကိုယ်ကို မေးပါ။ တကယ်လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင်တော့ အောက်ပါအချက်တွေကို ကြိုးစားပြီး လုပ်ကြပါ။ သို့မဟုတ်လျှင်တော့ ၀ိတ်ချဖို့ မစဉ်းစားပဲ နေမြဲအတိုင်းနေ၍ ၀မြဲအတိုင်း ၀တာက သာ၍ ကောင်းမည်ဖြစ်၏။
ရည်ရွယ်ချက်ဖြင့်လုပ်ပါ ၀ိတ်ချမည်ဟု ဆုံးဖြတ်ပြီးသောအခါ အလိုအပ်ဆုံး အရာမှာ ပေါင်ချိန်စက်ပင်ဖြစ်သည်။ ၀ိတ်ချတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည့်နေ့မှာပင် သင်၏

ပေါင်ချိန် ဘယ်လောက်ရှိသလဲ ဆိုသည်ကို တနေရာရာတွင် ချရေးထားပါ။ ဖြစ်နိုင်လျှင် အနည်းဆုံး တစ်ပတ် နှစ်ခါ ပေါင်ချိန်ပြီး မိမိ၏ ကိုယ်အလေးချိန်ကို ဆက်လက်ပြီး ချရေးပါ။ ကိုယ်အလေးချိန်ပြ ဇယားကို တစ်ပတ်ချင်း ဂရပ်ဖ် ဆွဲထားနိုင်ပါက အကောင်းဆုံးဖြစ်မည်။ ထို့အတွက်ကြောင့် မိမိကိုယ်အလေးချိန် ကျသွားသလား၊ တက်လာသလားဆိုသည်ကို အမြဲသိနေနိုင်မည်ဖြစ်သည်။ ကျသွားလျှင် စိတ်ကျေနပ်၍ ပုံမှန်လေး ၀ိတ်ချသွားနိုင်မည်ဖြစ်ပြီး မကျသေးလျှင် ပိုမို ကြိုးစား၍ ၀ိတ်လျော့ရမည်ဖြစ်သည်။ မိမိ၏လက်ရှိ ကိုယ်အလေးချိန်ကို သိပြီးလျှင် မိမိလိုချင်သော ကိုယ်အလေးချိန်ကိုပါ ချရေးထားပါ။ ထို့နောက် ထိုကိုယ်အလေးချိန် မရမချင်း ၀ိတ်ချသွားမည်ဟု သံဓိဌာန်ချပါ။ ထိုကိုယ်အလေးချိန်ရပြီး နောက်ပိုင်းကိစ္စများမှာတော့ မိမိအပေါ်တွင်သာ မူတည်မည်ဖြစ်၏။ ထိုကိုယ်အလေးချိန်ရရန်အတွက် မည်မျှပင်ပန်းဆင်းရဲကြီးပါစေ မဆုတ်မနှစ်သောဇွဲလုံ့လဖြင့် လုပ်တော့မည်ဟု ဆုံးဖြတ်ပါ။ အစားလျော့ပြီး ပုံမှန်လေ့ကျင့်ခန်း လုပ်သွားလျှင် တစ်လကို ၃ကီလို (၆.၆ပေါင်) လောက်လျော့ကျနိုင်ပါသည်။ ကိုယ်ခံနိုင်လျှင် ခံနိုင်သလောက် ပြင်းပြင်းထန်ထန် လုပ်နိုင်သောကြောင့် နှစ်လလောက်အတွင်း ၁၀ ကီလိုလောက်အထိ ချချင်က ချနိုင်မည်ဖြစ်သည်။ သို့သော် မခံနိုင်ပါက ဖြေးဖြေးမှန်မှန်လေး လုပ်ခြင်းအားဖြင့်လည်း တစ်လ၊ နှစ်လအတွင်း ၂ကီလိုမှ ၅ကီလိုလောက်အထိ လျော့ကျသွားနိုင်၏။ မည်သို့ပင်ဖြစ်စေ ၀ိတ်မလျော့ပဲ ပုံမှန်နေသွား၍ ၀ိတ်ပိုတက်လာမည်ထက် စာလျှင် နည်းနည်းခြင်းလျော့ချသွားနိုင်လျှင်လည်း အကျိုးယုတ်မည်မဟုတ်ပေ။
အစားလျော့စားခြင်း နေ့စဉ်စားသောက်နေသော အစာများတွင် ဘယ်အရာသည် ၀ိတ်တက်စေ၍ ဘယ်အရာသည် ၀ိတ်ကျစေသည်ကို အနည်းငယ်တော့ သိရန်လိုအပ်ပေသည်။ ၀ိတ်လျော့မည်ဟု ဆုံးဖြတ်ပြီးသော လူတစ်ယောက်သည် အစားအစာ ပိရမစ်ကိုတော့ အနည်းဆုံးသိထားသင့်သည်။ တစ်နေ့ တစ်နေ့ စားသောက်သင့်သော အရာများကို ထိုပိရမစ်က ဖော်ပြပေးလိမ့်မည်။ ထို့အပြင် နေ့စဉ်စားသောက်သင့်သော ပုံစံကို “မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကို မင်းသားလိုစား၊ ညစာကို သူတောင်းစားလိုစား” ဆိုသော စကားလေးကလည်း များစွာအထောက်အကူဖြစ်ပေသည်။ ဖြစ်နိုင်လျှင် ညစာကို သူတောင်းစားလိုပင် မစားနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ ညစာ(တနည်းဆိုသော် အိပ်ခါနီးစားသော အစာ)သည် ၀ိတ်တက်ရန် အားအပေးဆုံးအချက် ဖြစ်သည်။ ထို့ကြောင့်ညစာကို အသီးတစ်လုံး၊ ဒါမှမဟုတ် အသီးဖျော်ရည် တော်သင့်ရုံ တစ်ခွက်လောက်သာ သောက်သင့်သည်။ မနက်စာနှင့် နေ့လည်စာကို ကောင်းကောင်းစားပါဟု ဆိုထားသော်လည်း ၀ိတ်တက်စေသော အစာများကိုတော့ ရှောင်သင့်လေသည်။ ဥပမာ အနီရောင်အသားများကို ဖြစ်နိုင်လျှင် လုံးဝမစားပါနှင့်တော့။ အနီရောင်အသားဆိုသည်မှာ ၀က်သား၊ အမဲသား၊ ဆိတ်သား စသဖြင့် အနီရောင်ရှိသော အသားများဖြစ်သည်။ မိမိလိုချင်သော ကိုယ်အလေးချိန်မရမချင်း လုံးဝမထိမတို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။ လူခန္ဓာကိုယ်တွင်လိုအပ်သော အသားဓါတ်ရရန်အတွက် ကြက်သား၊ ငါး ဒါမှမဟုတ် ပရိုတင်းအများအပြားပါဝင်သည့် ပဲအမျိုးမျိုးကိုလည်း စားသုံးနိုင်လေသည်။ ထမင်းစားပြီးလျှင် ထိုင်နေခြင်း၊ အိပ်နေခြင်းများကို ရှောင်ကျဉ်ပြီး အနည်းဆုံး ၁၅မိနစ်ခန့် လမ်းလျှောက်ပေးရန်လည်းလိုအပ်လေသည်။ အစားလျော့စားခြင်းသည် ကိုယ်အလေးချိန်လျော့ကျနိုင်သည် ဆိုသည်ထက် ကိုယ်အလေးချိန်ပို၍မတက်ရန်တော့ အနည်းဆုံးထိန်းထားနိုင်လေသည်။ အမှန်တကယ် ကိုယ်အလေးချိန်လျော့ကျစေလိုပါက လေ့ကျင့်ခန်း ပုံမှန်လုပ်ရန်လိုအပ်လေသည်။
လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း “မင်း ၀ိတ်ချနေတယ်ဆို၊ ဘယ်လိုချလဲ”လို့ မေးလာလျှင် “အင်း . . ပြေးတယ်”လို့ အဖြေပေးလိုက်သည်နှင့် လူတော်တော်များများ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်ကို တွေ့ဖူးသည်။ ထိုလူများလိုပဲ လူတော်တော်များများသည် လေ့ကျင့်ခန်းလုပ်ရမှာကို ပျင်းတတ်ကြသည်။ ပင်ပန်းသည့်ဒါဏ်ကို မခံနိုင်ကြပေ။ အမှန်တကယ်ဝိတ်ကျချင်လျှင် လေ့ကျင့်ခန်းမလုပ်ပဲကျရန် အလွန်ပင်ခဲယဉ်းလေသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၏ အားသာချက်မှာ ၀ိတ်ကို သိသိသာသာ ကျစေသောကြောင့် စိတ်အားတက်ပြီး ဆက်လက်ချရန်အတွက် အားအင်များကို ဖြစ်ပေါ်စေနိုင်သည်။ သို့မဟုတ်ပဲ အစားလျော့စားသောသူများသည် ဘယ်လိုပဲ အစားလျော့စားလျော့စား ၀ိတ်မကျသောအခါ စိတ်ဓါတ်ကျလာကြပြီး မထူးတော့ပါဘူး။ ၀ိတ်က ဘယ်လိုချချ

ကျတော့မည်မဟုတ်ဟု ထင်တတ်ပြီး ပုံမှန်အတိုင်းစားမြဲစား သွားမြဲသွားတတ်ကြသည်။ အမှန်တကယ်မှာ အစားလျော့စားခြင်းကြောင့် ၀ိတ်မကျဘူးဟု မပြောနိုင်ပဲ အလွန်နှေးသော နှုန်းဖြင့် ၀ိတ်ကျခြင်းဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ပေး နိုင်လျှင်အကောင်းဆုံးဖြစ်သည်။ တစ်ပတ်ကို ပုံမှန် အနည်းဆုံး သုံးရက်၊ တစ်ရက်ကို အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် သင်၏ ခန္ဓာကိုယ်အလေးချိန်သည် သိသိသာသာ ကျဆင်းလာပါလိမ့်မည်။ စိတ်ပါလျှင် ပါသကဲ့သို့ နေ့စဉ်လုပ်နိုင်ပါက ပိုမို၍ မြန်ဆန်သောနှုန်းထားဖြင့် ကိုယ်ရည်စစ်ပေးနိုင်ပေသည်။ ပိုပင်ပန်းလေ ၀ိတ်ပိုကျနိုင်လေဖြစ်သော်လည်း တော်သင့်ရုံထက် ကျော်လွန်လျှင် လူ့ခန္ဓာကိုယ်အတွက် ကောင်းမည်မဟုတ်ပေ။
ဝိတ်ချနေချိန်အတွင်း ၀ိတ်ကျမည့် အရာ မည်သည့်အရာကို မဆိုစားသောက်သင့်သည်။ ဥပမာ - Japanese Green Tea၊ သံပရာသီး ရေနွေးစိမ်။ ရှောင်ရန်ကတော့ ဖြစ်နိုင်လျှင် ဆေးလိပ်၊ အရက်၊ ဘီယာတို့ကို ရှောင်ပါ။ ညအိပ်ယာဝင်ခါနီးအစာစားခြင်းကို ရှောင်ပါ။ ဘူဖေးလ်နှင့် အဆီများသော အစာများကို ရှောင်ပါ။ ၀သောသူ တော်တော်များများသည် အစားသောင်းကျန်းခဲ့၍ ယခုလို ခန္ဓာကိုယ်မျိုး ဖြစ်ခဲ့ပါသည်ဆိုသော အချက်ကို မည်သူမျှ မငြင်းနိုင်ပေ။ “အစာက လူနဲ့ တည့်တယ်”ဆိုသော စကားကို လက်ကိုင်မထားပဲ အစားအစာများကို စားရန်စိတ်မပါသလို နေပစ်လိုက်ပါ။ အစားအသောက်မက်မောသောကြောင့် ၀ိတ်တက်လာခြင်းဖြစ်ပြီး ၀ိတ်ကျချင်လျှင် အစားအသောက် ဟက်ဟက်ပက်ပက် မရှိသောသူဖြစ်ရန် လိုအပ်လေသည်။ ထို့အပြင် စိတ်ဓါတ်ရေးရာအရ အားတက်စေရန် မိမိငယ်ငယ်ကဓါတ်ပုံ၊ မိမိမ၀ခင်က ပုံ၊ အပိန်ဆုံးအချိန်က ဓါတ်ပုံများကို ပြန်ကြည့်ပြီး “ငါတချိန်က ဒီလိုခန္ဓာကိုယ်မျိုး ရှိခဲ့တယ်” အခုလည်း ဒီလိုခန္ဓာကိုယ်မျိုး ရအောင် လုပ်နိုင်ရမယ်ဟု ကိုယ့်ကိုယ်ကို အားပေးပါ။ ကိုယ်နှင့်နီးစပ်သောသူများထံမှာလည်း အားပေးမှုများကို ရယူပါ။ ထိုအခါ အားတက်ပြီးရင်း အားတက်လာသောကြောင့် ၀ိတ်ဆက်လက်ချနိုင်ကြပြီး Slim Body ပိုင်ဆိုင်သူလေးများ ဖြစ်လာကြရန်အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။