Home ၀တ္ထုတိုများ ပြောင်းလဲနေသော
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1683
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13150
mod_vvisit_counterတစ်လအတွင်း7676
mod_vvisit_counterစုစုပေါင်6း39106
Join us in Facebook
Facebook Fanbox 1.5.x.0
ပြောင်းလဲနေသော

Views : 1728    

Favoured : 52

Rating 2.9/5 (15 votes)

ပြောင်းလဲနေသော
သက်ဝေ

အရာရာတိုင်းသည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ လှလှ ပပ ပြောင်းလဲ နေကြသည်။ သက်ရှိတွေ သာမက သက်မဲ့အရာတွေသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်ကြသည်။ ရာသီဥတုတွေ ပြောင်းလဲတတ်သလို ရေမြေတောတောင် သဘာဝတွေကလည်း ပြောင်းလဲတတ်သည်။ အချိန်အခါတွေ ပြောင်းလည်းတတ်သလို အခြေအနေတွေသည်လည်း ပြောင်းလဲတတ်သည်။ စကားလုံးတွေက ပြောင်းလဲတတ်သလို အပြုံးတွေကလည်း ပြောင်းလဲတတ်သည်။ သစ်ရွက်လေးတွေ၊ လိပ်ပြာလေးတွေက အရောင်ပြောင်းတတ်သလို ပန်းပွင့်လေးတွေကလည်း အရောင်ပြောင်းတတ်သည်။ ပြီးတော့ လူတစ်ဦး တစ်ယောက်၏ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဓလေ့စရိုက်၊ အပြောအဆို၊ အယူအဆ၊ စွဲလမ်းသော အရာ၊ အလေးအနက်ထားသော၊ တန်ဖိုးထားသော အရာတွေ သည်လည်း တချိန်နှင့်တချိန် မည်သည့်နည်းနှင့်မျှ မတူညီနိုင်ကြ။ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ကြသည်မှာ ဓမ္မတာပင်…။  

ထိုကဲ့သို့သော ပြောင်းလဲခြင်း သဘောတရားကို မည်သူမျှ လွန်ဆန်နိုင်ခြင်း မရှိသလို မည်သူကမျှလည်း တားဆီး၍ မရနိုင်။ ပြောင်းလဲသွားသော အရာတွေကို အရင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်ရန်လဲ အတော်လေးကို မလွယ်ကူ။ ဤသို့ မလွယ်ကူမှန်း သိသိကြီးနှင့်ပင် ကိုယ့်မျက်စေ့ရှေ့မှောက်မှာ လှလှပပလေး ပြောင်းလဲသွားသော အရာတစ်ခုကို ဟိုးအရင် မပြောင်းလဲခင် အချိန်တုန်းကလို အကောင်းအတိုင်း ပြန်ဖြစ်လာစေရန် ကိုယ် ရူးသွပ်စွာ ကြိုးစားနေခဲ့မိပါသည်။  

***** 

သူ့ကို စတင်ရင်းနှီးခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ ကျောင်းမှာ မေဂျာတူ အတန်းတူ ပြီးတော့ ခုံနံပါတ်ချင်းကပ်ရက်.. သည်လိုနှင့် သူ့ကို စတင် ရင်းနှီးခင်မင်ခဲ့ရသည်။ ပင်ကိုယ် အလှတွေနှင့် အပြစ်ဆိုစရာမရှိအောင် လှပြီးသားဖြစ်သော်လည်း ခေတ်မှီ သေသပ်လှပသော ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်ခြယ်သကာ အစဉ်အမြဲ လှနေတတ်သူ၊ ရယ်စရာ ဟာသများကို ရှာရှာဖွေဖွေ ပြောတတ်ကာ အစဉ်အမြဲ ကြည်လင်စွာ ရယ်မောနေတတ်သူ၊ သူငယ်ချင်းများကို လူမျိုး ဘာသာမရွေး တရင်းတနှီး ယုံယုံကြည်ကြည် ခင်မင်ကာ စေတနာအပြည့် ထားတတ်သူ၊ သင်ခန်းစာများကို သိပ်အားမစိုက်ရပဲ လွယ်လင့်တကူ နားလည်တတ်ကျွမ်းနိုင်သူ၊ အရာရာကို အကောင်းဖက်မှ တွေးမြင်တတ်ကာ လူတိုင်းကို ရရာနေရာမှ အတတ်နိုင်ဆုံး ကူညီတတ်သူ၊ သူသည် အလွန် လန်းဆန်း တက်ကြွသော၊ လှပပြည့်စုံ၍ အပြစ်ကင်းစင်သော ချစ်စဖွယ် မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။  

သူနှင့် ရင်းနှီးခင်မင်ခဲ့ရသော အချိန် ကာလ တလျှောက်တွင် သူနှင့် ပတ်သက်၍ စိတ်တိုင်းမကျစရာများ၊ စိတ်ညစ်ညူးစရာများ၊ အလိုမကျစရာများ ဘာမျှ မတွေ့ကြုံခဲ့ရပါ။  အလွန်တရာမှ ချစ်ခင် နှစ်လိုဖွယ်ကောင်းလှသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ သည်လိုနှင့် သူသည် ကိုယ့် အရင်းနှီးဆုံး စိတ်အချရဆုံး တိုင်ပင်ဖေါ် တိုင်ပင်ဖက် တိုးတိုးဖေါ် သူငယ်ချင်း ညီအမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ ကျောင်းဖွင့်ရက်တွေမှာ သာမက ကျောင်းပိတ်ရက်တွေမှာပါ သူနှင့် အဆက်အသွယ် မပျက်၊ အသွားအလာ မပျက် အချိန်တိုင်းမှာ တတွဲတွဲနှင့် နေဖြစ်ခဲ့ရင်း ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း စာရင်းထဲမှာ သူသည် ထိပ်ဆုံးနေရာမှာ ရောက်နေခဲ့တော့သည်။  

သည်လိုနှင့် တနေ့မှာတော့ ထူးထူးဆန်းဆန်း... ပြောစရာရှိသည် ဟုဆိုကာ သူ ကိုယ့်အိမ်ကို ရောက်လာပါသည်။ တွေ့တွေ့ချင်းမှာပင် ကိုယ့်အိပ်ခန်းထဲသို့ ဝင်လာကာ တံခါးသော့ကို နှိပ်လိုက်ပြီး “နင် ဘယ်သူ့ကိုမှ မပြောပြရဘူးနော်.. ငါ့ကို ဂတိပေးပါ.. ” အစချီသော စကားလုံးများနှင့် စတင်လာပါသည်။ သူပြောနေသော စကားလုံးတွေ အများကြီးထဲမှာ ကိုယ့် နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလို ကျယ်ကျယ်လောင်လောင်ကြီး ကြားလိုက်ရသည်ကတော့ သူ့တွင် ပြင်းထန် ကြီးမားသော ရောဂါတစ်ခု ရှိနေပြီ ဖြစ်နေသောကြောင့် များမကြာမီ အချိန်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်သည် တဲ့...။ ဘုရားရေ... ကိုယ့်ခေါင်းထဲတွင် မိုက်ကနဲဖြစ်ကာ အမြင်အာရုံများလည်း ဝေဝေဝါးဝါး ဖြစ်သွားသည်။ သူ့ကိုကြည့်လိုက်တော့ ရောဂါရှိနေသူမှာ သူမဟုတ်သလို… ဘာဆို ဘာမှ မဖြစ်လေဟန်နှင့် တည်တည်ငြိမ်ငြိမ်...  

“မဟုတ်သေးဘူးလေ... ရောဂါတစ်ခုဖြစ်လာတယ်ဆိုရင် ဆေးကုရမှာပေါ့.. ဒီအတိုင်းနေလို့ ဘယ်ရမှာလဲ... ဘယ်မှာလဲ ပြ.. ဆေးစစ်ထားတဲ့ စာရွက်တွေ... ရောဂါက ဘာရောဂါမို့လဲ…”  

ကိုယ် သူ့ကို ချစ်ခင်စိတ်၊ ဆုံးရှုံးရမှာကို နှမြောစိတ်နှင့် သွေးရူးသွေးတန်း မေးမိသည်ကို သူက ခပ်အေးအေး အမူအရာနှင့်သာ တုန့်ပြန်သည်။ 

“အဲဒါတွေ မရှိတော့ဘူး… ဆေးစစ်လို့ အဲဒီရောဂါမှန်း သိပြီးကထဲက စာရွက်တွေ အကုန်လုံး မီးရှို့ပစ်လိုက်ပြီ... ”  

“ဟာ... မဟုတ်တာ.. နင်တော်တော်ဆိုးပါလား... လာ.. လာ.. ငါ့အသိ အန်တီ ဆရာဝန်မကြီးဆီကို သွားမယ်... ဒီလိုနေလို့ ဘယ်ဖြစ်မှာလဲ.. နင့်အိမ်ကရော သိပြီးပြီလား... ဘာပြောလဲ… ဒါနဲ့နေစမ်းပါအုံး… နင့်ရောဂါက ဘာရောဂါလဲ... ပြောစမ်းပါဟာ အေးစက်စက် မြုံစိစိ လုပ်မနေစမ်းပါနဲ့...”   

ပူပင်သောကများနှင့် ဒလစပ်ပြောနေမိသော ကိုယ့်ရဲ့ စကားလုံးတွေကို သူက အပြုံးအေးအေး တစ်ခုနှင့်သာ တုန့်ပြန်လေသည်။ ကိုယ် အားမလို အားမရတွေ ဖြစ်ကာ သူ့ကို ပခုံးမှ ဆွဲခါ လှုပ်ရမ်းရင်း အကြိမ်ကြိမ် အခါခါ မေးခွန်းပေါင်းများစွာ ထုတ်ပြီး အတော်ကြီးကြာမှ သူက ပြူတင်းပေါက်မှ တဆင့် လှမ်းမြင်နေရသော အရွက်စိမ်းနုနုတွေ ဝေနေသော ပိတောက်ပင်ကြီးဆီကို ငေးကြည့်ကာ စကားတချို့ကို ခပ်တိုးတိုး ဆိုလာလေသည်။  

“သူငယ်ချင်း... ငါ့ရောဂါက ဘာဆိုတာ နင်မမေးပါနဲ့၊ သိရင်လဲ ဘာမှလုပ်လို့မရတဲ့ အတူတူ မသိတာ အကောင်းဆုံးပါ။ ငါ့အကြောင်း ငါ သိပါတယ်.. ငါ အလွန်ဆုံးနေရလှ တစ်နှစ် နှစ်နှစ်ပေါ့ဟာ... နောက်ပြီး နင် ငါ့ကို ဂတိ တစ်ခုပေးပါ။ အဲဒါကတော့ ငါ့မိသားစု ငါ့ မိဘတွေကို လုံးဝ မပြောပါဘူး ဆိုတဲ့ ကတိပဲ... နင်ဒီနေ့ ပြောလိုက်ရင် နင် ငါ့ကို မနက်ဖြန် မတွေ့ရတော့ဘူး သာမှတ်... ငါ့မှာ ဆေးတွေ ရှိနေပြီးသား အချိန်မရွေး ငါ ဖြစ်ချင်တာ ငါ စီမံလို့ရတယ်... ငါ့ဘဝကို ငါ အဆုံးသတ်လို့ရတယ်... ဒီတော့ ငါ သေကာမှ သေသွားရော ငါ မသေခင် အချိန်လေးအတွင်းမှာ ငါ့ကြောင့် ဘယ်သူမှ စိတ်သောက ရောက်မနေပဲ အေးအေးချမ်းချမ်း ရှိနေကြတာကိုပဲ ငါမြင်သွားချင်တယ်... နင် ငါ့ကို နားလည်ပေးပါဟာ…”  

အိုး... ကိုယ်ဘာကိုမှပြန်မပြောလိုက်နိုင်ခင်မှာ သူက အိတ်ထဲမှ ဆေးလုံးအချို့နှင့် ဆေးကပ်အချို့ကို ထုတ်ပြနေလေသည်။ သူ့ကို ဘာပြန်ပြောရမှန်း မသိသော ကိုယ် ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိသည်။ ဒီကိစ္စကို ဘယ်လိုလုပ်ရပါ့မလဲ ဟု အပြင်းအထန် စဉ်းစားနေချိန်မှာ သူကတော့ သက်တောင့်သက်သာဖြင့် ကိုယ့်မှန်တင်ခုံပေါ်မှ နှုတ်ခမ်းနီဗူး တစ်ဗူးကို လှည့်ဖွင့်ကာ ကြည့်နေလေသည်။ ခဏအကြာမှာတော့ “ငါပြန်လိုက်အုံးမယ် နင် နှုတ်လုံပါစေနော်.. ငါက နင့်ကို အချစ်ဆုံးသူငယ်ချင်းမို့ ပြောပြတာ..” ဟု ပြောကာ ကိုယ် ဘယ်လိုမှ မတားလိုက်နိုင်ခင်မှာပင် ကားကို ဒရောသောပါး မောင်းကာ ပြန်သွားလေသည်။  

***** 

ထိုနေ့မှစကာ သူ့ကို ခါတိုင်းလို ခဏခဏ မတွေ့ရတော့ချေ။ ကျောင်းကိုလဲ မှန်မှန်လာမတက်တော့၊ တွေ့ဆုံကြရန် ချိန်းလိုက်တိုင်းလဲ ငါမအားသေးဘူး ဟူသော စကားကိုသာ ကြားရလေသည်။ တခါတလေလေး တွေ့လိုက်လျှင်လဲ ပြာယိပြာယာနှင့် ဘာတွေအရေးကြီးနေမှန်းလဲ မသိ၊ ကျန်းမာရေးအတွက်တော့ ဆေးကုနေပါသည်၊ လိုအပ်သော ဆေးထိုး ဆေးသောက်ခြင်းကိုလဲ လုပ်နေပါသည် ဟူသော အဖြေကို (ကိုယ် စိတ်ကျေနပ်အောင် ဟူသော သဘောမျိုးနှင့်) ပေးတတ်ပါသည်။ သူ့ကိုကြည့်ရသည်မှာလဲ အနည်းငယ် ပိန်သွယ်သွားသည်မှ လွဲလျှင် ဘာမှ သိပ်ထူးထူးခြားခြား မပြောင်းလဲလှချေ။ ခက်နေသည်က သူက သူ့ကိုယ်သူ သေလူလို သဘောထားကာ ဘာပြောလိုက် ပြောလိုက် “ငါက သိပ်ကြာကြာနေရတော့မှ မဟုတ်ဖူး...” ဟူသောစကားကိုသာ အဆက်မပြတ် သုံးစွဲပြီး ထင်ရာတွေ လုပ်နေခြင်းပင်။  

ကမ္ဘာကြီးသည် အလွန်ကျဉ်းပါသည်။ ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင် ဟူသော စကားအရ ဟိုက ဒီက ကြားလာရသော သတင်းများအရ လက်ရှိတွဲနေသော ချစ်သူကို လမ်းခွဲကာ နောက် ယောက်ျားလေး နှစ်ယောက် သုံးယောက်နှင့် ရှုပ်ထွေးနေခြင်း၊ ကျောင်းမှန်မှန်မတက်ပဲ သူ့မိဘက ကျောင်းစရိတ်အတွက် ဘဏ်မှာ အပ်ပေးထားသော ငွေများကို အလွယ်တကူ သုံးဖြုန်းပစ်နေခြင်း၊ နိုက်ကလပ်များ ဘားများကိုသွားခြင်း၊ ဆေးလိပ် ဘီယာ အရက်များ သောက်စား သုံးစွဲနေခြင်း စသည့် မိန်းကလေးတစ်ယောက် အနေဖြင့် မလုပ်သင့် မလုပ်ထိုက်သော အရာများကို လုပ်နေသည်ဟု ကြားရသောအခါ သူ့အစား ကိုယ် အလွန်အမင်း တုန်လှုပ်မိပါသည်။ ထို့အပြင် သူလုပ်သမျှကို ဘာမှ မပြောသာ၊ မည်သူ့ကိုမှ အသိပေး၍လဲ မရပဲ ရေငုံနှုတ်ပိတ်နေရသော ကိုယ့်အနေအထားကိုလဲ သူငယ်ချင်းကောင်း မပီသ ဟု ခံစားနေရင်း ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် မုန်းတီးနေမိပါသည်။  

တရက်မှာ သူ့ကို အတင်း မတွေ့တွေ့အောင် ချိန်းဆိုပြီး စကားပြောရန် ကြိုးစားမိပါသည်။ သူကလည်း ဒီတခါတော့ အလုပ်များနေသည် ဟူသော ဆင်ခြေတွေ မပေးဘဲ ချိန်းဆိုထားသောနေရာသို့ အလွယ်တကူပင် ရောက်လာခဲ့ပါသည်။ ပြီးတော့ ကိုယ်ဘာမှ မမေး မပြောရသေးခင်မှာပင် သူက စကား စ လာပါသည်။ ထိုနေ့က သူ ပြောခဲ့သော စကားလုံး တရှည်တလျားများကို လုံးစေ့ပတ်စေ့ သေသေချာချာ မှတ်မိနေပါသေးသည်။  

“သူငယ်ချင်း... လူတွေဆိုတာ လူအမျိုးမျိုး ဘဝတွေက အထွေထွေပါ... ပြီးတော့ လူ့ဘဝဆိုတာကလဲ တိုတိုလေးပါ.. ဘဝမှာ ကိုယ်စိတ်ချမ်းသာရာကို ကိုယ်လုပ်ရင်း အချိန်တွေကုန်သွားရတာ မကောင်းဘူးလား… နင်လဲ ကိုယ့်ဘဝအကြောင်းကို ကိုယ် လွတ်လွတ်လပ်လပ် စဉ်းစားပြီး ပျံစရာရှိတဲ့ အချိန်မှာ အမြင့်ကိုရောက်အောင် ပျံသန်းသွားပါလေ... သူများအကြောင်းတွေကို စဉ်းစားပြီး သူများကို ငဲ့ညှာနေတာ… သူများကို ကူညီချင်နေတာ သူရဲကောင်းတွေရဲ့ လုပ်ရပ် လို့ နင် တွေးမနေစမ်းပါနဲ့... သူငယ်ချင်း ဝတ္တရားတွေ သူငယ်ချင်းကောင်း မပီသတာတွေ ဘာတွေလဲ ခေါင်းရှုပ်ခံပြီး နင် စဉ်းစားမနေနဲ့… သူငယ်ချင်းဆိုတာလဲ တကယ်တော့ တံတားအောက်က ဖြတ်စီးသွားတဲ့ ရေတွေလိုပါပဲ… လမ်းကြုံလို့ တွေ့ခဲ့ကြတာပါ၊ ဘယ်လောက်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် တချိန်မှာတော့ ကိုယ့်လမ်း ကိုယ်လျှောက်ကြရင်း လမ်းကြောင်းတွေ ကွဲကုန်ကြရတာပါပဲ... ဒီတော့ သံယောဇဉ်တွေ ဘာတွေနဲ့ နင် မလိုအပ်တာတွေ သိပ်ခံစားမနေပါနဲ့ဟာ...  အေး.. ငါနဲ့ ပတ်သက်လို့ နင်တခုခု ဆုံးဖြတ်မယ်ကြံတိုင်း ငါ့ရဲ့ စကားတွေ ငါ့ရဲ့ ဆန္ဒတွေကို နင် သတိရပေါ့... စိတ်ချပါဟာ... ငါဟာ သိပ်မကြာခင် အချိန်အတွင်းမှာ အချိန်မရွေး သေသွားနိုင်တဲ့ သူတစ်ယောက်ပါ... နင် ငါ့ကိုချစ်ရင် ငါမသေခင် စိတ်ချမ်းချမ်းသာသာ နေသွားတာ မြင်ချင်စမ်းပါဟ… ဟုတ်ပြီလား…” 

ကိုယ်ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိရင်း “မဟုတ်သေးဘူးလေ… နင်မှားနေပြီ…” ဟု ရေရွတ်နေမိသည်ပဲ။ သို့သော် ထိုစကားလုံးများသည် အပြင်သို့ ရောက်မလာကြ… လည်ချောင်းဝမှာတင် တစ်ဆို့နေကြသည်။ သူ့တွင် အချိန်တိုအတွင်းမှာ လျှင်မြန်စွာ အသက်ဆုံးရှုံးရလောက်အောင် ကြီးမားသော ရောဂါ အဆောက်အအုံ တစ်ခု အမှန်တကယ် ရှိနေခြင်းပေလော...သို့တည်းမဟုတ် ဘယ်လိုအကြောင်းတွေကြောင့် သူဤသို့ ပြောင်းလဲသွားရသည်လဲ… အဖြေရအောင် သူ့ကို ချော့တလှည့် ခြောက်တလှည့် နည်းမျိုးစုံဖြင့် မေးကြည့်ရန်ကြိုးစားသော်လည်း လုံးဝ မအောင်မြင်ခဲ့ပါ။ သူ့အပေါ်မှာ ဟိုစဉ်အချိန်တွေတုန်းကလို ယုံကြည်မှုတွေ တည်ဆောက်၍ မရတော့သော ကိုယ့်အတွေးထဲတွင် သူသည် သူ ဆန္ဒရှိသော အရာများကို လုပ်ရန်၊ သူ လုပ်ချင်တာ လုပ်ရန် ဤနည်းဖြင့် ကိုယ့်ကို ခြိမ်းခြောက် နှုတ်ပိတ်ထားခြင်းလော ဟု မဝံ့မရဲ တွေးနေမိသည်မှာလဲ အကြိမ်ပေါင်းများစွာ…။ သူ့အကြောင်းတွေ တွေးလိုက်မိတိုင်း၊ သူ့အကြောင်းတွေ ကြားလာရတိုင်း၊ သူ၏ ထူးဆန်းသော ပြောင်းလဲမှုအတွက် အနီးကပ်ဆုံး သူငယ်ချင်း တစ်ယောက်အနေဖြင့် ကိုယ့်မှာ တာဝန်ရှိနေသလို ခံစားရသည်မှာလည်း နာရီတိုင်း၊ မိနစ်တိုင်း ဖြစ်ပါသည်။ သူသည် အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတတ်သော မိန်းကလေးတယောက် မဟုတ်ကြောင်း အချိန်အတော်ကြာ ပေါင်းသင်းလာသည့် ကိုယ်က သေသေချာချာ သိနေသောကြောင့် သူ၏ ပြောင်းလဲခြင်းမှာ ပို၍ ပို၍ စဉ်းစားရခက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေပေတော့သည်။  

ကိုယ်ကသာ တစ်ယောက်တည်း ကြိတ်မနိုင် ခဲမရ ပူပန်သောကတွေ ဝေနေသလောက် သူကတော့ အလှပြင်မပျက်၊ အသွားအလာ မပျက်၊ အလည်အပတ်တွေ မပျက်... လုပ်သင့် လုပ်ထိုက်သော၊ ကောင်းရာ ကောင်းကြောင်းအလုပ်များမှလွဲ၍ ကျန်တာတွေကို အကုန်လုပ်နေသော သူငယ်ချင်းအတွက် ကိုယ် ခံစားရပါသည်။ သူ့မိသားစုကို အသိမပေးနိုင်သေးသော၊ သူ့အတွက် ဘာမှ မလုပ်ပေးနိုင်ပဲ သူ လုပ်နေသမျှ ဒီအတိုင်း လက်ပိုက်ကြည့်နေရသော ကိုယ့်ဘဝကိုလဲ အလွန် မုန်းတီးမိပါသည်။ သူကလည်း ကိုယ့်အတွေးများကို သိနေသလိုပင်... မကြာမကြာ ဖုန်းဆက်မိတိုင်း သူ သေချင်ရင် အလွယ်လေး ဖြစ်ကြောင်းကို ကိုယ့်ကို သွယ်ဝိုက်သောနည်းဖြင့် အသိပေးသလိုလို၊ သတိပေးသလိုလိုလဲ လုပ်တတ်ပါသေးသည်။ 

တနေ့နေ့မှာတော့ သူငယ်ချင်းကောင်း တစ်ယောက်၏ ဝတ္တရားအတိုင်း သူ့မိသားစုကို အသိပေးနိုင်ရန်၊ သူလျှောက်နေသော လမ်းကြောင်းလေးကို အတတ်နိုင်ဆုံး ပြင်ဆင် တည့်မတ်ပေးနိုင်ရန်၊ တကယ်ပဲ သူ့ဘဝမှာ အသက်ရှင် နေထိုင်ချိန်တွေ နဲပါးနေသည် ဆိုလျှင်လည်း ကျန်ရှိနေသော ထိုအချိန်လေးတွေမှာ သူ့ဘဝလေး အဓိပ္ပါယ် ရှိရှိ ကုန်ဆုံးသွားနိုင်ရန် ကိုယ် ကြိုးစားခွင့် ရချင်ပါသေးသည်။ 

ဒီနေ့ ကျောင်းမှာ နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်းများ ထွက်သောနေ့... မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အောင်စာရင်းမှာ ခုံနံပါတ်ချင်း ကပ်လျက်နေရာမှာ သူ့နာမည်ကို မတွေ့ရသောကြောင့် ကိုယ့်အောင်မြင်မှုအတွက် ကိုယ်ဝမ်းမသာနိုင်ပဲ သူ့အတွက် ဝမ်းနည်းစွာ မျက်ရည်ကျခဲ့မိပါသည်။ သူ... အချစ်ဆုံး သူငယ်ချင်းလေး... အခုအချိန်မှာ သူ ဘယ်တွေကိုများ ရောက်နေသလဲကွယ်...။  

***** 

လူတဦး တစ်ယောက်၏ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဓလေ့စရိုက်၊ အပြောအဆို၊ အယူအဆ၊ စွဲလမ်းသော အရာ၊ အလေးအနက်ထားသော၊ တန်ဖိုးထားသော အရာတွေသည်လည်း လူတဦးနှင့် တဦး တချိန်နှင့်တချိန် မည်သည့်နည်းနှင့်မျှ မတူညီနိုင်ကြ။ အချိန်နှင့်အမျှ ရွေ့လျား ပြောင်းလဲနေတတ်ကြသည်ဟု ဆိုသော်ငြားလည်း (ကိုယ့်ဖက်က ကြည့်လျှင်တော့) အကြောင်းအရာ ခိုင်ခိုင်လုံလုံမရှိသော ပြောင်းလဲခြင်းမျိုးနှင့် ပြောင်းလဲသွားသော ချစ်သူငယ်ချင်းလေး တစ်ယောက်အတွက် ကိုယ် အမြဲတမ်း ထိခိုက်ခံစားနေရပါသည်။

ပြောင်းလဲသွားသော အရာတွေကို အရင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်ရန်မှာ အတော် မလွယ်ကူနိုင်မှန်းကို ကောင်းကောင်း နားလည်နေသော်လည်း ကိုယ့် မျက်စေ့ရှေ့မှောက်မှာ အချိန်တိုအတွင်း ပြောင်းလဲသွားသော အပြောင်းအလဲတခုကို ဟိုးအရင် အချိန်တုန်းကလို အကောင်းအတိုင်း ပြန်ဖြစ်နိုင်ရန် သေးမျှင်သော မျှော်လင့်ချက် အလင်းရောင်ခြည် တစ်ခုဖြင့် ကိုယ် ကြိုးစားကြည့်ချင်ပါသေးသည်။ ယနေ့ထက်တိုင်လဲ အတတ်နိုင်ဆုံး ကြိုးစားနေဆဲပါ။ 

သက်ဝေ
၀၄-၁၀-၀၉

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 21-11-2009 17:40

need more practise
Ma Thet Way needs more practise in writing a short story.
Guest
Thanlwin Reader

2. 17-11-2009 11:23

beautiful changing..
Hopefully....good changing is coming soon
Guest
Htar Minn

3. 16-11-2009 15:54

Changing
Every body can change in more than 1 life B4 rest .... :roll
Guest
Hmoo

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Tuesday, 10 November 2009 01:34