Home ၀တ္ထုတိုများ ပြောင်းလဲသွားသော အန်တီလေး
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1604
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9790
mod_vvisit_counterတစ်လအတွင်း25359
mod_vvisit_counterစုစုပေါင်6း56788
Join us in Facebook
Facebook Fanbox 1.5.x.0
ပြောင်းလဲသွားသော အန်တီလေး

Views : 2153    

Favoured : 38

Rating 2.8/5 (15 votes)


ပြောင်းလဲသွားသော အန်တီလေး
ခရေဖြူ

“အန်တီလေး လင်နောက်လိုက်သွားလို့” ဒီသတင်းဟာ ညို့ကို အထိတ်တလန့် ဖြစ်စေပါသည်။ အန်တီလေးသည် ညို့ဦးလေး အငယ်ဆုံး၏ ဇနီးမဟုတ်လား။ ဖုန်းတွေ ဆက်ကြ၊ အဖေနဲ့ အမေ ခေါင်းချင်းဆိုင်၍ တီးတိုးပြောကြ၊ ညို့ကိုတော့ မလောက်လေး မလောက်စား ကလေးအရွယ်မို့လား မသိ၊ ဘာမှ ပြောမပြကြ။ ညိုကလည်း သူတို့ မျက်နှာရိပ်ကို ကြည့်၍ မမေးဝံ့၊ စိတ်ထဲကမူ သိချင်လှသည်။

“ဒီမိန်းမ ယုတ်လိုက်တာ တောက်” အဖေ့၏ တောက်ခေါက်သံများ၊ “ဟိုအကောင်နဲ့ပဲ ဖြစ်ရမယ်” အမေ့၏ ထင်ကြေးပေးသံများကို ညိုနားစွင့်ရင်းအန်တီလေး ဘာကြောင့် ဒီလိုလုပ်သွားသနည်းဟု တွေးနေမိသည်။

“သူ ရှင့်ညီကို ပေါင်းကို မပေါင်းချင်လို့ ဖြစ်ရမယ်။ ခုဘယ်မှာ ပုန်းနေတယ် ကြားလဲ”

“မော်လမြိုင်ဘက် ထွက်ပြေးတယ် ကြားတာပဲ၊ အငယ်ကောင်ကတော့ အကြီးအကျယ် ဒေါကန်နေတယ်။ မရရအောင် ရှာပြီး . . . ”

“ရှာပြီး ဘာလုပ်မှာလဲ”

“ရှာပြီး ဟိုကောင့်ကို မယားခိုးနဲ့ တရားစွဲမလို့တဲ့”

“သြော် ပြီးတော့ သူ့မယားသူ ပြန်ပေါင်းမယ်ပေါ့။ အဓိက တရားခံက သူ့မယားဟာကိုများ၊ တကယ်တော့ ယုယုစန်းက ရှင့်ညီကို ပေါင်းကို မပေါင်းချင်တော့တာ၊ ဒါကြောင့် မရ ရတဲ့လမ်းနဲ့ ထွက်ပေါက်ရှာသွားတာ”

အဖေနှင့် အမေ အပြန်အလှန် ပြောနေသည်ကို ညိုချောင်း၍ နားထောင်နေခဲ့သည်။ အမေ ဒီတခါပဲ အန်တီလေးဖက်က လိုက်ပြောဖူးလေသည်။

“တော်စမ်းကွာ စိတ်ရှုပ်ရတဲ့အထဲ” အဖေ့ ခပ်ဆတ်ဆတ် အော်သံအဆုံးတွင် အမေအိမ်နောက်ဖေးသို့ ထွက်ခွာသွားသော ခြေသံကိုပါ တဆက်တည်း ကြားရသည်။

- - - - -

မီးပျက်နေသောကြောင့် လရောင်သည် အစွမ်းကုန် သာနေသည်။ လရောင်အောက်တွင် ခြံထဲ၌ ယိမ်းထိုးနေသော အပင်များကို ညို့အခန်းပြတင်းပေါက်မှ ညိုငေးနေမိသည်။ လေနုအေး၏ ခပ်ကြမ်းကြမ်း ပွေ့ဖက်မှုကြားတွင် အပင်ငယ်လေးများ ပျော်ရွှင်စွာ ယိမ်းထိုး ကခုန်နေကြသည်လား၊ မကျေနပ်စွာ ရုန်းကန် တွန်းထိုးနေကြသည်လား ညို မဝေခွဲတတ်ပါ။ အများအမြင်တွင်တော့ လရောင်အောက်တွင် လေညှင်းသွဲ့သွဲ့ကြောင့် ယိမ်းနွဲ့နေသော အပင်ပျိုတို့သည် ကဗျာဆန်စွာ လှပနေမည်ပင်။ တအိမ်လုံး အိပ်မောကျ ကုန်ကြပြီ။ ညို တစ်ယောက်သာ အိပ်မပျော်နိုင်။ အန်တီလေးအကြောင်း စဉ်းစားနေမိသည်။ ညို၏ ရှစ်တန်း ဦးနှောက်ကလေးသည် ရှုပ်ထွေးပွေလီလှသော အိမ်ထောင်ရေး မာယာများကို ဘယ်လိုမှ လိုက်မမီနိုင်ပါပေ။ ညို သိသည်က ညို အန်တီလေးကို ချစ်ပါသည်။

အဖေတို့ ညီအစ်ကို သုံးယောက်တွင် ညို့အဖေသည် အလတ်ဖြစ်၍ အန်တီလေး၏ ယောက်ျား ညို့ဦးလေးသည် အငယ်ဆုံး ဖြစ်သည်။ အဖေ့အထက် ဦးကြီးမှာ အလုပ်တာဝန်ဖြင့် နယ်စုံလိုက် ပြောင်းနေရ၍ ညိုတို့နှင့် မတွေ့သလောက်ပင်။ ရင်းရင်းနှီးနှီးလည်း မရှိပါ။ ညို့အဖိုးအဖွားတို့နှင့် တမြို့တည်းနေသော အန်တီလေးနှင့် ဦးလေးသည် ထိုမြို့သို့ ညိုအလည် သွားသည့် အခါတိုင်း တွေ့ရသောကြောင့် အနေပို၍ ရင်းပါသည်။ ညိုတို့ မြို့လေးမှ မိုင် ၅၀ကျော်ဝေးသော အဖိုးအဖွားတို့ နေရာ မြို့သို့  ညို ကျောင်းပိတ်ရက်တိုင်း ရောက်တတ်ခဲ့သည်။

“ညိုလာ၊ အန်တီလေး ခေါင်းဖြီးပေးမယ်” အန်တီလေးက ညိုနဲ့ တွေ့တိုင်း စုတ်ဖွားဖြစ်နေတတ်သော ညို့ဆံပင်လေးများကို တယုတယ ဖြီးပေးတတ်သည်။ “မိန်းကလေးဆိုတာ သပ်သပ်ရပ်ရပ်နေရတယ် ညိုလေးရဲ့၊ မနက်အိပ်ရာထရင် မျက်နှာသစ်ပြီးတာနဲ့ ခေါင်းဖြီးရတယ်” အန်တီလေးက ညို့ကို ဤကဲ့သို့ ဆုံးမဖူးခဲ့သည်။ အန်တီလေးသည် အသားဖြူဖြူ၊ မျက်လုံးကျဉ်းကျဉ်းနှင့် ခပ်ညှက်ညှက် သာမန်ကြည့်ပျော်ရုံ မိန်းမရွယ် တစ်ယောက်သာ ဖြစ်သည်။ အန်တီလေး၏ အထူးခြားဆုံး ဆွဲဆောင်မှုမှာ သေသပ်ပါးလွှာသော နှုတ်ခမ်းပါးလေးများနှင့် ထိုနှုတ်ခမ်းလေးများမှ ထွက်လာသော စကားလုံးချိုချိုများ ဖြစ်ပါ၏။

“ဈေးသည်ဆိုတော့ နှုတ်ချိုရမှာပေါ့” ဟု ညို့အမေက မလိုတမာ ဆိုတတ်သည်။ ချွေးမ သုံးယောက်ထဲတွင် အန်တီလေးသည် အဖိုးအဖွားတို့နှင့် အဆင်အပြေဆုံး ဖြစ်သည်။ အထူးသဖြင့် အဖွားမှာ အန်တီလေးကို အထူးပင် အရေးပေးလှသည်။ မြေးဦးဖြစ်သော ညိုသည် အဖိုးအဖွားတို့၏ အသည်းကျော် ဖြစ်သည်။ ညို့၏ နွေကျောင်းပိတ်ရက်တိုင်းသည် အဖွားတို့ မြို့တွင် ကုန်ဆုံးရသည်။ စာမေးပွဲများ ပြီး၍ နွေကျောင်းပိတ်ရက် စသည်နှင့် အဖွားက ညိုအလာကို မျှော်တော့သည်။ အဖွားတို့ အိမ်၏ ဗိုလ်ဖြစ်သော ညို့ကိုလည်း အန်တီလေးက အဆင်ပြေပြေ ပေါင်းတတ်ခဲ့သည်ပင်။

“နင့်ကို ချစ်လို့မဟုတ်ဘူး၊ နင့်အဖွားကို မျက်နှာလုပ်ချင်လို့ နင့်ကို အရေးသယ်နေတာ” ဟုအမေက ပြောတတ်သည်။ ညို့အမေသည် ဘွဲ့ရပညာတတ် ကျောင်းဆရာမ တစ်ယောက်ဖြစ်သည်။ အမေသည် အန်တီလေးထက် ရုပ်ပိုလှသော်လည်း အန်တီလေးလို အပြောမချိုပါ။ စိတ်ထားမှန်သည်ဆိုသော်လည်း တခါတခါ အမေ ပြောလိုက်သည်များမှာ အမီးအရင်းဖြစ်သော ညိုပင် မခံစားနိုင်အောင် တုတ်ထိုး အိုးပေါက် နိုင်လှသည်။ ထို့ကြောင့် အမေသည် မျက်နှာလုပ်တတ်လှသော အပြောချိုချို အန်တီလေးကို လင်ညီအစ်မချင်း အမြင်ကတ်နေမည်ပင်။

အဖွားတို့အိမ်တွင် ညို့အတွက် လုပ်စရာ ဘာမှမရှိသလောက်ပင်။ မီးဖိုချောင် ၀င်ကူလျှင်လည်း အဖွားက “နေ နေ မြေး၊ ရတယ် ရတယ်” ဟု အကူမခံ၊ အပြင် သူငယ်ချင်းနှင့် သွားမည်ဆိုလျှင်လည်း အဖိုးက စိတ်မချ။ စာအုပ်ငှားဖတ်သည်ကိုပင် သွားငှားရ၊ ပြန်အပ်ရနှင့်မို့ အလုပ်ရှုပ်သည်ဟု ဆိုသည်။ အိမ်တွင် ကြည့်စရာ တီဗီပင်မရှိ။ အဖိုးက မကြိုက်၍  မ၀ယ်ရ။ ထို့ကြောင့် ညိုမှာ အဖွားတို့ အိမ်ရောက်လျှင် လုပ်စရာမရှိ၍ ပျင်းလှသည်။ ထိုအခါမျိုးတွင် အန်တီလေးမှာ ညို့အတွက် ကာတွန်းစာအုပ်တွေ အများကြီး ငှားလာပေးတတ်သည်။

ဦးလေးနှင့် အန်တီလေးတို့သည် အဖွားအိမ်နှင့် ဆယ်မိနစ်မျှ စက်ဘီး စီးသွားရုံအဝေးတွင် ကြိုးကြိမ် ဆိုင်ဖွင့်ထားသည်။ နှီး၊ ကြိမ်ဖြင့် ပြုလုပ်သော ပစ္စည်း အမျိုးမျိုး ရောင်းချသည်။ ယပ်တောင်ပုံ နှီးသော့ချိတ် သေးသေးလေးများသည် ညို့အကြိုက် မြို့ပြန်လက်ဆောင် ဖြစ်သည်။ အန်တီလေးတို့ ဆိုင်ရောက်လျှင် တစ်ခုမဟုတ် တစ်ခု အမြဲစားရသည်။ “ဟဲ့ ဒီမှာ ညို့အတွက် အကြော်သွားဝယ်လိုက်စမ်း” “ရွှေရင်အေး သွားဝယ်လိုက်စမ်း” “မုန့်ကုလားမဲ ၀ယ်ခဲ့ပါဦး” စသည်ဖြင့် မရိုးအောင် စားရသည်။ ဆိုင်တွင် မည်သူက ဆိုင်ရှင်၊ မည်သူက အလုပ်သမား ဟုပင် မခွဲနိုင်အောင် အမြဲတရုန်းရုန်းဖြင့် ခိုင်းစရာလူလည်း ပေါလှသည်။

“ကျွန်မ ဆိုင်မှာ မရှိရင် ကိုလေးညီက စိတ်မချဘူး၊ ပိုက်ဆံပုံး သော့ခတ် မထားလို့ ပါသွားလား သွားရဲ့၊ ဈေးမှား ရောင်းမိလို ရောင်းမိနဲ့ စာရင်းလည်း မနိုင်ဘူး” ဟု အန်တီလေးက အဖေသွားလျှင် တိုင်တတ်သည်။ စာရင်း မနိုင်သည်ကတော့ ဦးလေးတင် မဟုတ်ပါ။ အန်တီလေးရောပင် ဈေးပုံးထဲက တချိန်လုံး နှိုက်သုံးနေခြင်းပင်။ ပြန်ရင်းစရာ အရင်းနှင့်အမြတ် သတ်သတ်မှတ်မှတ် စာရင်းမလုပ်ထား၍ ကုန်များ အတင်လျှော့လာရသည်ဟု အဖေက ဆူတတ်သည်။ ထိုအထဲ ဦးလေးသည် ဆိုင်နီးနားချင်းများနှင့် မကြာခဏ ကတောက်ကဆဖြစ်သည်။ တခါ ကျွန်မ အလည်သွားစဉ် တဖက်ခန်းမှ မိန်းမကြီး တစ်ယောက် ရောက်လာကာ အန်တီလေးကို ဦးလေးအကြောင်း တိုင်တော နေပါသည်။ အကြောင်းရင်းက ဦးလေးက သူမ သားအကြီးကောင်ကို ကြွပ်ကြွပ်အိတ်နှင့် ခေါင်းကို စွတ်၍ ဆော့သည်တဲ့။ “သေတတ်တယ် ယုယုစန်းရဲ့ နင့်လင်ကလေ ကလေးလိုလို ခွေးလိုလိုနဲ့  ဒီအရွယ် ဆော့ရမယ့်အရွယ်လား” အချိုသာဆုံး ပြုံး၍ ပြေရာ ပြေကြောင်းပြောနေသော အန်တီလေး၏ မျက်ဝန်းများမှာ ညို့အမြင်တွင် ဝေရီနေ၏။

ကုန်ဝယ်၊ ကုန်ရှင်း၊ ကုန်သည်နှင့် စကားပြော၊ ရထားတွင် ကုန်သွားစောင့်စသော ကိစ္စများကို ဦးလေးက တာဝန်ယူဆောင်ရွက်သည်။ သို့သော် အမှားမှား အယွင်းယွင်း၊ အန်တီလေး အိမ်မှ အတိအကျ တွက်ချက် ပြောပြရသည်။ ညအိပ် ညနေခရီးထွက်ရသည့် အခါများတွင် ဦးလေးသည် ဇာတ်လမ်းတိုလေးများကိုတော့ ဖြစ်ဖြစ်မြောက်မြောက် ရှိတတ်သည်ပင်။

“ညို နင့် အန်တီလေး မေးရင် ငါလာတယ်၊ ရှစ်နာရီလောက်မှ ပြန်တယ်လို့ ပြော ကြားလား” တကယ်တော့ ညနေသုံးနာရီလောက် ရောက်လာ၍ ဆယ်မိနစ်ပင် ပြည့်အောင်မနေ။ ညို့ကို ဤကဲ့သို့မှာ၍ ပြန်ထွက်သွားသည်ပင်။ ဤလိုမျိုး အခါတွေက အကြိမ်ကြိမ်။

တခါတော့ ဦးလေးထွက်သွားပြီး မကြာခင် အန်တီလေး အဖွားတို့ အိမ်လိုက်လာသည်။

“ညို . . နင့်ဦးလေး လာလား” “ဟုတ်ကဲ့”

“ခု ဘယ်မှာလဲ” “ပြန်ထွက်သွားတယ် အန်တီလေး”

“ဒီလိုပဲ လာပြီး ပြန်ထွက်နေကြလား” ညိုအန်တီလေး၏ မျက်ဝန်းမှ မျက်ရည်စများကို စိုက်ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။

“ဟုတ်ကဲ့ လာပြီး ခဏပဲ နေပါတယ်။ ပြန်ထွက်သွားတာပဲ၊ အန်တီလေးမေးရင် ညအထိ ဒီအိမ်မှာ ရှိတယ်လို့ ညို့ကို ညာခိုင်းပါတယ်” ရိုက်မစစ်ရဘဲ ညိုဖြောင့်ချက် ပေးလိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဦးလေး ရှူးရှူးရှားရှားနှင့် ရောက်လာသည်။ ဦးလေး ပြောစကားများအရ ယမန်နေ့ညက အန်တီလေးနှင့် အကြီးအကျယ် ရန်ဖြစ်သည်ဟု သိရသည်။

“ငါတို့ လင်မယားကို နင်က ကွဲစေချင်တယ်ပေါ့ ဟုတ်လား ညို”

“နင်က ငါ့ဖက်က တူမ၊ ဘာ သူ့လူ ကိုယ့်ဖက်သား လုပ်ရတာလဲ” စသော စကား ကြီးကြီးများဖြင့် ညို့ကို ဆူလိုက် ပြောသည်မှာ အဖိုး အနား ရောက်တဲ့အထိ။ ညို့မှာ ကြောက်လွန်း၍ အသံတောင် မထွက်ရဲ ကြိတ်မျက်ရည်ကျ နေရသည်။ အဖိုးက “တော်စမ်းဟေ့ကောင် ကလေးကို ဘာမှ လာမဲ မနေနဲ့။ မင်း ရထားသံလမ်းနောက် အိမ်ပုစုက ကောင်မဆီသွားသွားနေတာ ယုယုစန်းက သိလို့ လိုက်လာတာ။ ဒီလို စာရိတ္တပျက်တာ ငါအားမပေးဘူး” အဖိုးသည် ခဏမျှ စကားရပ်၍ ညို့ဖက် လှည့်ကာ “ညို . . . တိတ် . . တိတ် . နောက်ဖေးမှာ အဖွားကို ဟင်းကျက်ပြီလားလို့ သွားမေးလိုက်” ဟု ညို့ကို ပထုတ်၏။

အဖိုးနှင့် ဦးလေးတို့ စကားများတွင် “ရပ်တန်းက ရပ်” “ဆက်ရှုပ်နေရင် ငါ့အကြောင်းသိမယ်” စသော အဖိုး၏ ဆူပူသံများမှာ အိမ်နောက်ဖေး မီးဖိုချောင်ထဲသို့ပင် လွင့်လာပါသည်။ ထိုအခေါက်အပြီး အန်တီလေး အဖွားတို့ အိမ်ဖက်သို့ ညို ပြန်သည်အထိ မလာပါ။ သို့သော် နောက်နှစ်နွေ ညို သွားလည်သောအခါ ဦးလေးနှင့် အန်တီလေးကို ဘာမှမဖြစ်သလို လုပ်မြဲကိုင်မြဲ အတိုင်း တွေ့ရပါသည်။ ထူးခြားသည်က အန်တီလေးတွင် သမီးလေး တစ်ယောက် ထွန်းကားခဲ့ပြီပင်။

ညို ခြောက်တန်းနှစ်တွင် အဖွားဆုံးပါသည်။ ထိုနောက်ပိုင်းများတွင် ညိုလည်း အတန်းကြီးလာ၍ အဖိုးဆီ၌ ခဏတဖြုတ်သာ နေနိုင်သည်။ နွေသုံးလ ကျောင်းပိတ်ရက်လုံး အရင်လို မနေနိုင်ပါ။ အန်တီလေးတို့ ဆိုင် အလည်သွားတိုင်း အလုပ်ရှုပ်နေသော အန်တီလေးနှင့် တော်ရာ ရော်ရာထိုင်နေသော (သို့) သမီးလေးနှင့် ဆော့နေသော ဦးလေးအပြင် အသားညိုညို ဗလတောင့်တောင့်နှင့် လူတစ်ယောက်ကိုလည်း တွေ့ရတတ်သည်။ အန်တီလေး စကားအရ ထီရောင်းသူ အသိဟု သိရသည်။ အခကြေးငွေမယူပဲ ၀င်ကူသူသည် ဆိုင်ရှင် ဦးလေးထက်ပင် ရောင်းတတ်၊ ၀ယ်တတ်နေသည်။ ပစ္စည်း မေးလိုက်လျှင် ချက်ချင်းဈေး ပြောနိုင်သည်။ ပစ္စည်းနေရာ ထပ်ခိုးပေါ် ရောက်နေပါစေ၊ ဖျတ်ဖျတ်လတ်လတ် တက်ယူပေးနိုင်သည်။ “ကိုနိုင်ဦး ရှိပေလို့သာပဲ” ဟူသော အန်တီလေး၏ ချီးမွမ်းသံကို မကြာမကြာ ကြားရတတ်သည်။

- - - - - -  

“ညို အိပ်တော့လေ ဘာလုပ်နေတာလဲ၊ ပြတင်းပေါက်ကြီး လည်းဖွင့်ထားတယ် အအေးမိဦးမယ်” အဖေ့အသံကြားမှ ညို သတိဝင်လာသည်။ အိပ်မည်ဟု ခြင်ထောင်ထဲဝင်၍ လှဲလိုက်သော်လည်း ခြင်ထောင် အမိုးတွင် အန်တီလေးကိုသာ မြင်ယောင်နေသည်။ ညနေက အဖေတို့ ပြောနေသော စကားထဲတွင် “အတွင်းပစ္စည်း ဆွဲကြိုးလက်ကောက် အကုန်ယူသွားတာ။ သူ့သမီးလေးကို အဖေ(အဖိုး) လုပ်ပေးထားတဲ့ ဆွဲကြိုးလေးတောင် ယူသွားတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ချေးချွတ်ပေးမယ်ဆိုပြီး ဖြုတ်ယူထားတာ။ ဖိနပ်၊ ထမီအသစ်တွေ လိုက်မပြေးခင် တပတ်ထဲက ၀ယ်ထားတာတဲ့။ အကုန်ယူ သွားတာပေါ့။ ကြိုတင် စီစဉ်ထားတာလေ” ဟူသော အဖေ့ စကားကို ကြားယောင်နေမိ၏။ အန်တီလေး ဘာကြောင့် ဒီလောက်ထိ ရက်စက်တတ် သွားသနည်း၊ ဘာကြောင့် ဒီလောက်ပြောင်းလဲသွားသနည်း။ အစဉ်အလာနှင့် ယဉ်ကျေးမှုကြား၊ အထင်မကြီးမှုနှင့် တိတ်တဆိတ် ဖောက်ပြန်မှုများကြားတွင် အန်တီလေး၏ ဗြောင်ဖောက်ပြန်မှုသည် ဓားစာခံ ဖြစ်ခဲ့လေသလား။ သမီးလေးကိုပင် မိခင် တစ်ယောက်စိတ်ထားနှင့် မငဲ့ညှာနိုင်လောက်အောင် အန်တီလေးကို ဘယ်အရာက ပြောင်းလဲစေခဲ့သနည်း။ အန်တီလေးနှင့် ဆုံလျှင် ညို မေးချင်လှပါသည်။

ခရေဖြူ
၃၀. ၀၉. ၀၉
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 2 of 2 comments

1. 17-11-2009 02:30

Who forced?
Nobody forced her to go away.It is only her choice and her unfaithfulness.Think about it.She already had her own child whom will suffer for her whole life because of her mom's fault.Doesn't she notice or thought about it?I don't think she was froced.And that's her own choice and the truth is she will get what she deserve soon.May be 10-20years later.I totally disagree with you lynn ACE. :)
Guest
Nyan

2. 16-11-2009 20:22

တိတ်တဆိတ် ဖောက်ပြန်မှုများကြားတွင် ...
Hi K, 
I like this story. Especially, the sentence " တိတ်တဆိတ် ဖောက်ပြန်မှုများကြားတွင် ဗြောင်ဖောက်ပြန်မှုသည် ဓားစာခံ ဖြစ်ခဲ့လေသ လား။ " is my favourite, as it is most common in ... in ... a .. certain country. Besides, what we should understand is that " Someone run away from a place " is because " He/She run away by his/her own will... ? OR somebody/some party forced him/her to do so ... ? " I think i know the reason. :)
Guest
Linn ACE

Display 2 of 2 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Tuesday, 10 November 2009 01:27