Home ၀တ္ထုတိုများ နတ်သမီးပုံပြင် နတ်သမီးအိပ်မက်
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1795
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13262
mod_vvisit_counterတစ်လအတွင်း7788
mod_vvisit_counterစုစုပေါင်6း39218
Join us in Facebook
Facebook Fanbox 1.5.x.0
နတ်သမီးပုံပြင် နတ်သမီးအိပ်မက်

Views : 2536    

Favoured : 46

Rating 4.4/5 (28 votes)

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်
ပန်ဒိုရာ

မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။ 

ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။



သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။ 

တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။ 

“ကျွန်တော် ဘာ အကာအကွယ်ပစ္စည်းမှ မသုံးဘူး ဆိုရင် ခင်ဗျား လက်ခံမှာလား”

အမယ်… သူက။ ကျွန်မက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးချင်ချင်နဲ့ ခေါင်းညိတ်လိုက်တယ်။

“ရပါတယ်လေ”

ကျွန်မက ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်ကို လက်လှမ်းလိုက်ပြန်တယ်။ သူက လက်ကာထားတယ်။ ဆက်မေးတယ်။

“ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ။ ခင်ဗျားကို ရောဂါတွေ ဘာတွေ ကူးမှာ မကြောက်ဘူးလား”

“ဟင့်အင်း။ ရှင့်ပုံစံက သန့်သန့်ပြန့်ပြန့်ပဲလေ။ ကူးစရာရှိ ကျွန်မမှာ ရှိရင်တောင် ရှင့်ကိုကူးဦးမှာ.. မသုံးချင်ရင်လည်း နေပေါ့။ ကဲပါ.. အချိန်ကြာတယ်”

ကျွန်မက စိတ်မရှည်ချင်တော့ဘူး။ သူက အခန်းထောင့်ကို တစ်ချက်ဆုတ်လိုက်ပြီး အမြန်ဆက်ပြောတယ်။

“ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါဗျာ။ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး။ မေးဖို့သက်သက်ပါ” 

ဟင်…. ဘယ်လိုလဲ။ ရဲလား၊ ထောက်လှမ်းရေးလား။ ကျွန်မခေါင်းထဲ အချက်ပြမီးတွေ တဖျတ်ဖျတ်လင်းသွားတာကို သူက သတိပြုမိဟန် တူပါတယ်။ 

“ဘာမှ မသင်္ကာမဖြစ်နဲ့ဦး။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်ရေးနေတဲ့ စာတမ်းအတွက် စစ်တမ်းလေး လိုချင်လို့ပါ။ ခင်ဗျားတို့တွေထဲမှာ ရောဂါမကူးအောင် အကာအကွယ် ဘယ်လောက်သုံးဖြစ် မသုံးဖြစ် ဆိုတာ သိချင်လို့ပါ”

“သြော်.. ဒီလိုလား။ စောစောက ပြောရောပေါ့”

“စောစောက ပြောရင် ခင်ဗျားဆီက အမှန်အကန်အဖြေ ရချင်မှ ရမှာပေါ့”

သူက ခပ်ပြတ်ပြတ်ပြောပြီး သူ့ရှပ်အကျီင်္အိပ်ကပ်ထဲက မှတ်စုစာအုပ်သေးသေးလေးကို ထုတ်တယ်။

“တကယ်လို့ ခင်ဗျားဧည့်သည်က သုံးချင်တယ် ပါမလာဘူး ဆိုရင်ရော ခင်ဗျားမှာ အဆင်သင့်ရှိသလား”

စစ်စစ်ပေါက်ပေါက် မေးခွန်း ဆက်မေးလာတဲ့သူ့ကို ကျွန်မ ၀သီအတိုင်း ခပ်ရွဲ့ရွဲ့ လုပ်ချင်လာတော့တယ်။  

“ကျွန်မက ဒီဟာတွေကို သွားလေရာမှာ တဆောင်ဆောင်နဲ့ လုပ်ရမလား။ အဲဒါ ရဲတွေ့သွားရင် သက်သေခံပစ္စည်းရှင့်”

“ဟာ.. ဒါကတော့ မဟုတ်သေးဘူးလေ။ ဒီပစ္စည်းတွေ့တိုင်း ဒီအလုပ် လုပ်တဲ့လူလို့ စွပ်စွဲလို့ ဘယ်ရမလဲ။ အိမ်ထောင်ရှင်တွေ သမီးရည်းစားတွေလည်း လိုမှာပေါ့။ အဲလိုထင်မယ်ဆိုရင် လူတွေက ဘယ်သုံးဖြစ်ကြတော့မလဲ”

“အဲဒါတော့ မသိဘူး။ နိုင်ငံခြားမှာတော့ ဟုတ်မှာပေါ့။ ဒီမှာက ဒီလိုပဲ။ ရှင့်ဘာသာ ရဲတွေကို သွားပြောချေ”

သူက မျက်ခုံးတစ်ချက်ပင့်သွားတယ်။

“စောစောကလည်း ခင်ဗျားက ပြောတယ်။ ကျနော့်ပုံစံက ရောဂါမရှိလောက်ဘူး ထင်လို့ အကာအကွယ် မသုံးလည်း လက်ခံတယ် ဆိုတာမျိုး။ ရောဂါပိုးရှိမရှိဆိုတာ လူပုံသဏ္ဍာန်မှာ မူတည်မနေဘူး။ အပြင်ပန်းမှာ ကျန်းကျန်းမာမာ ဖြစ်ပေမယ့်လည်း အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ် ဖြစ်ချင်ဖြစ်နေတတ်တာ ခင်ဗျား မသိဘူးလား”

သူက ကျောင်းဆရာတစ်ယောက်က ကျောင်းသားကို ဆူသလိုလို အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို ဆုံးမသလိုလို လေသံနဲ့ ပြောလာတယ်။ 

“နောက်ဆိုရင်တော့ ဖြစ်နိုင်ရင် ခင်ဗျား အဲလို လက်မခံဖို့ ကျွန်တော်အကြံပေးချင်တယ်”

အလေးအနက် ပြောပြလာတဲ့သူ့ကို နည်းနည်းအားနာလာတာနဲ့ ကျွန်မလည်း လေသံလျှော့ပြီး ကောင်းကောင်းမွန်မွန် ပြန်ရှင်းပြလိုက်ပါတယ်။

“ဒီလို ဟိုတယ်တွေမှာက အဆင်သင့် ရှိပါတယ်။ လိုရင် ယူလိုက်လို့ရတယ်။ ကျွန်မကလည်း နေရာတကာမှာ လူတကာကို ဘယ်လိုဖြစ်ဖြစ် လက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း ကြည့်ပါတယ်”

စိတ်ထဲမှာတော့ မှားပါတယ်လို့ အော်ပစ်လိုက်ချင်နေတယ်။ သူ့ကို အလွယ်တကူ လက်ခံလိုက်မိတာနဲ့ သူက ကျွန်မကို ဘယ်လိုအဆင့်အထိများ ထင်သွားလဲ မသိပါဘူး။ 

“ခင်ဗျားရဲ့.. ဟို.. လုပ်ဖော်ကိုင်ဖက်တွေထဲမှာရော ဒီလိုပဲလား”

“ကျွန်မတို့ ဆိုင်မှာ သီချင်းဆိုကြတဲ့ အထဲကတော့ ကျွန်မလို အနေအထား လောက်ပါပဲ။ ဒါပေမယ့် သိမ်ကြီးဈေးအောက်တို့ ဆိပ်ကမ်းသာလမ်းတို့က မိန်းကလေးတွေတော့ မပြောတတ်ဘူးရှင့်”

“ဒါနဲ့ ခင်ဗျား ဘယ်အတန်းအထိ ကျောင်းတက်ခဲ့သလဲ”

ဘွဲ့ရ.. ပေါ့.. လို့ ခပ်တိုတို ဖြေလိုက်တော့ သူက ကျွန်မမျက်နှာကို မျက်လုံးတစ်ချက် လှန်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။ နောက်တော့ မေးခွန်းတချို့ ထပ်မေးတယ်။ သူ့စာအုပ်လေးထဲမှာ တော်တော်လေး ရေးခြစ်ပြီးတဲ့နောက် ဒီလောက်ပါပဲ လို့ဆိုပြီး ထောင်တန်အုပ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး အနားက စားပွဲပုလေးပေါ်လှမ်းတင်ပေးတယ်။ ကျွန်မက ပိုက်ဆံတွေကို သူ့ဘက် ပြန်တွန်းပို့လိုက်တာပေါ့။

“မပေးနဲ့တော့လေ။ ရှင်က မေးခွန်းမေးရုံ သက်သက်ပဲ”

“မဟုတ်ပါဘူး။ ယူပါ။ ခင်ဗျား ပရော်ဖက်ရှင်နယ် အချိန်တွေက တန်ဖိုးရှိတာပဲ”

အလို.. ။ ပရော်ဖက်ရှင်နယ် တဲ့။ တန်ဖိုး တဲ့။ နားကြားများ လွဲသလား။ ကျွန်မအတွက် ဒီလိုပြောတာကို ပထမဆုံး ကြားဖူးလိုက်ခြင်း။ သိလား။ ကျွန်မတို့တွေကို သုံးနှုန်းတဲ့စကားတွေမှာ ပရော်ဖက်ရှင်နယ် ဆိုတာမရှိဘူး။ ကြေးစားဆိုတာပဲ ရှိတယ်။ တန်ဖိုးဆိုတာ မရှိဘူး။ ကြေး ဒါမှမဟုတ် ဈေးနှုန်းဆိုတာပဲ ရှိတယ်။ 

သူ့အသုံးအနှုန်းတွေက ကျွန်မအတွက် ဆန်းနေတယ်။ သူ့လေသံက မနူးညံ့ မသိမ်မွေ့ပါဘူး။ သူ့အ၀တ်အစားတွေကလည်း မတောက်ပြောင်ဘူး။ သူ့ဥပဓိကလည်း သိပ်ဖြူစင်ချောမော နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူဟာ ကျွန်မ တွေ့ဖူးသလောက် ယောင်္ကျားတွေထဲမှာ အဆင့်အတန်းရှိ ယဉ်ကျေးသူတစ်ဦးမှန်း သိပ်သိသာနေတယ်။ “အကြံပေးချင်တယ်”၊ “လုပ်ဖော်ကိုင်ဖက်”၊ “ပရော်ဖက်ရှင်နယ်”၊ “တန်ဖိုး”။ ဒီညတော့ ကျွန်မအတွက် ထူးထူးခြားခြား စိတ်ဝင်စားစရာတစ်ခု တွေ့ရတာပါပဲ။ ဗြုန်းဆို ကျွန်မရဲ့ ခပ်ညစ်ညစ်စိတ်ထဲ သူ့ကို စနောက်ချင်စိတ် ပေါက်လာပြန်တယ်။

“ဒါဆို ပြီးပြီလား။ မေးခွန်းမေးရုံ ဆိုတာ သေချာရဲ့လား။ အချိန်က ရသေးတယ်နော်”

သူ့မျက်နှာ ရဲကနဲ ဖြစ်သွားတာက သဘောကျဖို့ ကောင်းလိုက်တာ။ သူက ဘာမှ ဆက်မပြောပဲ ရှေ့ကနေ ထွက်သွားတယ်။ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ သူ့သူငယ်ချင်းက စောင့်ပေးနေတယ်။ 

အိမ်ပြန်ရောက်တော့ ကျွန်မနဲ့ တိုက်ခန်းမှာ အတူနေတဲ့ သူငယ်ချင်း ၀ါလေး ကိုတောင် ပြန်ပြောလိုက်သေးတယ်။ သူက ဘာမှမလုပ်ဘူး ဟုတ်လား လို့ ၀ါလေးက တအံ့တသြ ပြန်မေးတယ်။ နင် ဒိုင်နိုဆောနဲ့ တွေ့ခဲ့တာပဲ ဆိုပြီး ရယ်နေတယ်။ 

ဝါလေးက ရှေ့လလောက်ဆိုရင် ကျွန်မနဲ့အတူ ရှိမှာမဟုတ်တော့ဘူး။ ဆိုင်မှာလည်း မလုပ်တော့ဘူးလေ။ အန်ကယ်ကြီး တစ်ယောက် စီစဉ်ပေးမယ့် တိုက်ခန်းကို ပြောင်းဖို့ လုပ်နေပြီ။ သူက ကျွန်မလို မဟုတ်ဘူး။ စိတ်ပျော့တယ်။ တခါကတော့ ကဗျာဆရာ ဆိုလား ဘာလား နဲ့ ကြိုက်ခဲ့လေရဲ့။ ကျွန်မကတော့ ဘာမှ ငွေကြေး အလားအလာ မရှိတဲ့လူမျိုးကို နေရင်းထိုင်ရင်း အလကား ပေးရမလားလို့ သူ့ကိုဆူတာပဲ။ အဲဒီလိုလူတွေက ရူးရူးသွပ်သွပ်နဲ့ စိတ်ကူးယဉ် ဆန်လွန်းတယ်။ ကျွန်မတို့တွေကို တကယ်ချစ်တယ် ဘာညာ ဆိုတာမျိုးလည်း အဲလို ခပ်ကြောင်ကြောင်လူမျိုးတွေပဲ ပြောတာ။ ပြီးတော့လည်း ကိုယ့်ဘ၀ကို ပြောင်းပေးသွားစေနိုင်တာ မဟုတ်ဘူးလေ။ 

သူ့ကို အဲဒီ ကဗျာဆရာက ရေးပေးသွားတဲ့ ကဗျာတစ်ပုဒ် ရှိတယ် တဲ့။ အဲဒီလူ ရေးတာတော့ မဟုတ်ပါဘူး။ တခြားနာမည်ကြီး ကဗျာဆရာ တစ်ယောက်ရေးတဲ့ နာမည်ကြီးကဗျာ ဆိုပဲ။ ကျွန်မက ကဗျာတွေဘာတွေ စိတ်မ၀င်စားဘူး။ အဲဒီကဗျာကိုလည်း သူပြောပြောပြနေတာ သေသေချာချာတော့ အလွတ်မရပါဘူး။ အ၀င်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ဒီဘ၀ကို ဘယ်လိုရောက်လာလဲ မေးတယ်ဆိုတာလည်း ပါတယ်။ မှတ်မိနေတာကတော့ … ပြီးတော့လည်း တခြားလူတွေလိုပါပဲ။ အိပ်လိုက်တာပါပဲ တဲ့… အဲဒီလိုစော်ကားမိပါတယ်.. တဲ့။ အဲဒီကဗျာက ဘာလုပ်တာလဲ။ နင့်ကို အဲဒါ ရေးပေးပြီး နှစ်ထပ်ကွမ်း စော်ကားသွားတာပဲ လို့ ကျွန်မက ရက်ရက်စက်စက်ပြောတော့ ၀ါလေးမှာ ငိုလိုက်တာ။

အခုတော့လည်း ၀ါလေးဟာ ဘိုးတော်တစ်ယောက်နဲ့ ငြိသွားလို့ တိုက်ခန်းတွေ ဘာတွေ ရတော့မယ် ဖြစ်နေပြီ။ ထုံးစံအတိုင်းပေါ့။ တစ်ပတ်တစ်ခါဖြစ်ဖြစ် သူ့ကို လာပေါင်းပါလိမ့်မယ်။ ဒါမျိုးက သူ့အတွက်တော့ အကောင်းဆုံးပဲလို့ ကျွန်မထင်ပါတယ်။ တကယ်တော့ အဲဒီခွင်က နိုင်တီးဂွမ်တီးက လုပ်လေ့ရှိကြတာမျိုး။ ဒီလောကက လွတ်မြောက်လမ်းလို့လည်း ပြောတတ်ကြတယ်။ ကျွန်မကတော့ တွေးပုံ တစ်မျိုး။ လူတစ်ယောက်တည်းအတွက်ပဲ ကတိက၀တ်ထား ချည်နှောင်လိုက်ရဖို့ကို သိပ်မစဉ်းစားချင်ပါဘူး။ အဲလိုချည်နှောင်လိုက်ရင် သူ့ကိုပဲ အားကိုးရတော့မယ်။ ဘာကိုမှ ယုံရတာ မဟုတ်ဘူး။ ပြီးတော့ သူက ထားခဲ့ရင် ကိုယ့်အရွယ်က ကျန်ပါဦးမလား။ အဲဒီဘိုးတော်တွေကိုယ်တိုင် စီးပွားရေးအခြေအနေတွေက ဒီခေတ်ကြီးထဲ နေ့မြင်ညပျောက်။ 

အခုအချိန်မှာ သူများတွေကြားထဲမှာ ကိုယ့်ကိုပဲ ထင်ပေါ်နေစေဖို့နဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာပါပါ သိမ်းကျုံးယူရမလဲ ဆိုတာပဲ စိတ်ဝင်စားတော့တာလေ။ သီချင်းဆို ဖျော်ဖြေနေချိန်မှာ အရက်ရောနိုင်ဆုံးဆိုတဲ့ လူတွေရဲ့စိတ်နှလုံးကို ရှာဖွေ သိမ်းပိုက်လိုက်ဖို့။ တခါကဆို ဆိုင်သိမ်းချိန်အထိ မပြီးနိုင်မဆုံးနိုင် ကျွန်မကို အပြိုင်အဆိုင် ပန်းကုံးလာစွပ်တဲ့ ယောင်္ကျားနှစ်ယောက်ကို ကြုံဖူးတယ်။ ဆိုင်က တောင်းပန်ယူရတယ်။ ဂုဏ်သိက္ခာ အတွက်လား၊ မာနတွေပဲလား။  ယောင်္ကျားတွေဟာ ဘာမဟုတ်တဲ့နေရာမှာလည်း ပိုက်ဆံတွေနဲ့ ချခင်းယှဉ်ပြိုင်ကြတဲ့အထိ ရူးသွပ်ကြပြန်သတဲ့။ အဲဒီညက ကျွန်မ၀င်ငွေလည်း အတော်စံချိန်တင်သွားခဲ့တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို မြှင့်တင်လာနိုင်လေ ကျွန်မကို ရယူနိုင်ဖို့ ဈေးနှုန်းကလည်း ပိုမြင့်လေပဲ။ 

ဟိုးအရင်ခေတ်ကတော့ အနုပညာကို ၀ါသနာပါလွန်းလို့ သရုပ်ဆောင် မင်းသမီးလုပ်ချင်လို့ ဘ၀နဲ့ရင်းကြရတယ်တဲ့။ ကိုယ်ခန္ဓာနဲ့ ရင်းကြရတယ်တဲ့။ အခုခေတ်ကတော့ တချို့နေရာတွေမှာ ဒါဟာ အရောင်းမြှင့်တင်မှု တမျိုးပေါ့။ တချို့က မင်းသမီး မော်ဒယ် စာရင်းထဲဝင်ဖို့ အရင် ကြိုးစားကြတယ်။ ဒါဆို ဒီနေရာမှာ ပိုပြီး ဈေးကွက်မြင့်သွားမယ်။ ဒါပဲလေ။ အနာဂတ်.. ဆိုတာ လား။ ကျေးဇူးပြုပြီး ဒါကိုတော့ မပြောပါနဲ့။ အနာဂတ်ဆိုတာကို သိပ်မတွေးတော့တာ ကြာလှပေါ့။ တကယ် လွတ်မြောက်တယ်ဆိုတာက နိုင်ငံရပ်ခြားကို အပြီးထွက်သွားနိုင်တာမျိုးလေ။ ထားပါတော့။ ဒါကတော့ အခုအချိန်မှာ နည်းနည်းလေး ဝေးနေသေးတယ်။ ဒီလိုဘ၀ကို ဘာလို့ ဘယ်လို ရွေးချယ်ခဲ့တာလဲ ဆိုတာ မေးကြရင်တော့ ခပ်ပေါ့ပေါ့ရယ်သံနဲ့သာ တုံ့ပြန်လိုက်ချင်တယ်။ ရွေးချယ်တယ်ဆိုတာ ဘာလဲ လို့ ပြန်မေးလိုက်ချင်တာလေ။ အတိတ်ဆိုတာကိုလည်း ကျွန်မ မတွေးတော့တာ ကြာမှပဲ။

ကျွန်မရဲ့ ဆေးရောင်စုံဆိုးထားတဲ့ ပုံမှန်နေ့တွေထဲမှာ ဆက်လည်ပတ်ရင်း အဖြူရောင် တစ်စကို တခါတလေတော့ သတိရမိတာ အမှန်ပါ။ သူထိုင်ခဲ့တဲ့ ထောင့်စားပွဲမှာ ပြန်ပေါ်လာဦးမလား ကြည့်နေမိသေးတယ်။ အင်း.. တကယ်တော့လည်း ပြန်လာစရာ ဘာအကြောင်းမှ မရှိတော့ဘဲနော်။

သူ့ကို ကျွန်မပြန်တွေ့လိုက်တာက ထင်မှတ်မထားတဲ့နေရာ။ အဲဒီနေ့က နာမည်ကြီး ဖက်ရှင်ဆိုင် တစ်ဆိုင်က ဒီဇိုင်းသစ်တွေ ရောက်နေတယ်လို့ ဖုန်းဆက်ခေါ်တယ်။ ဟိုးအရင် ကာလတွေကတော့ အဲဒီလို ဆိုင်တွေရှေ့ကနေ ငေးမောခဲ့ရတာ။ အခုတော့လည်း အဲဒီ နောက်ဆုံးပေါ်တွေ ဈေးကြီးကြီး အ၀တ်အစား အသုံးအဆောင်တွေကို အရင်းအနှီးလို အသုံးချတတ်လာတော့တာလေ။ ဆိုင်ထဲမှာ ကျွန်မလျှောက်ကြည့်နေတုန်း ထောင့်တစ်နေရာမှာ သူ့ကို တွေ့လိုက်ရတယ်။ ဒီတခါတော့ ရှပ်အဖြူလေးနဲ့ မဟုတ်ဘူး။ တီရှပ်နက်ပြာလေးတစ်ထည်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားတယ်။ ဒီမှာ.. လို့ ၀မ်းသာအားရ လှမ်းခေါ်လိုက်တော့ မျက်နှာတစ်ဝက် နီးပါးရှိတဲ့ နေကာမျက်မှန် အကြီးကြီးကို  တပ်ထားတဲ့ ကျွန်မကို သူ မှတ်မိပုံ မပေါ်ဘူး။ 

“ဘယ်လိုလဲ။ ရှင့် စစ်တမ်းကောက်တာတွေ ပြီးသွားပြီလား”

ဒီတော့မှ သြော် ဆိုပြီး သူက ကျွန်မကို ကြည်ကြည်လင်လင် ပြုံးပြပါတယ်။ 

“ပြီးပြီခင်ဗျ။ ကျွန်တော် စာတမ်းတောင် အပြီးသတ်လုပြီ”

“ဟုတ်လား။ ဘယ်သူတွေကို မေးဖြစ်သေးလဲ။ အဖြေက ဘယ်လိုထွက်လဲ”

“မေးတာကတော့ နေရာတော်တော်စုံပါတယ်။ ကျွန်တော် နယ်တွေတောင် သွားလိုက်သေးတယ်။ အဖြေတွေကတော့.. အင်း”

သူက ခေါင်းရမ်းတယ်။ ရှင်ပိုက်ဆံ တော်တော်ကုန်သွားမှာပေါ့ လို့ ပြောလိုက်တော့ သူက ရယ်ကျဲကျဲလုပ်နေတယ်။ 

“နေပါဦး ရှင့်ရဲ့စာတမ်းပြီးတော့ ဘာဖြစ်မှာလဲ”

“ကျွန်တော် ဘွဲ့လွန် တစ်ခုရမှာပေါ့”

“အဲဒီစာတမ်းကရော”

“ကျောင်းက သိမ်းထားမှာပေါ့”

“ဟင်.. ဒါဆို ကျွန်မတို့ ဖြေတာတွေက အလကားပေါ့”

“ခင်ဗျားကို အလကား မေးခဲ့တာတော့ မဟုတ်ဘူးလေ”

“သြော်.. ပိုက်ဆံပေးတာကို ပြောတာလား။ ဟုတ်တယ်။ ဒါပဲ။ ယောင်္ကျားတွေက ဒါပဲလေ။ အင်းပေါ့။ ပိုက်ဆံပေးရင် ဘာမဆို တရားနေတာပဲ”

“ဟာ….” သူ့ မျက်နှာ ရဲကနဲ  နီမြန်းသွားတယ်။ 

“ခင်ဗျား ကျွန်တော့်ကို သူများတွေထဲ ဆွဲမထည့်နဲ့လေ။ ဘာမှမဆိုင်ဘူး” 

ကျွန်မက တကယ်တော့ သူ့စာတမ်း ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။ ကိုယ်နဲ့သူကြားမှာ ဆက်စပ်ခဲ့တာ ဒါပဲရှိတာမို့ စကားရှာကြံ ပြောလိုက်တာမျိုးလောက်ပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူနဲ့ စတွေ့ကတည်းက ကန့်လန့် တိုက်ချင်သလိုလို ရင်းနှီးပြီးသားလိုလို လေသံတွေနဲ့ ပြောနေမိတော့တာ။ သူကတော့ အီစီကလီ အရောဝင်ချင်ပုံလည်း မပြသလို မတူမတန်လိုမျိုးလည်း မဆက်ဆံတာ သေချာလှတယ်လေ။ မျက်လုံးတွေထဲမှာ ဘာအရောင်မှမပါတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ကြည့်ပုံဟာ ကျွန်မအတွက် သိပ်ကိုဆန်းကြယ်နေတာ။

“ကျွန်တော်တို့ဆီမှာ လိုအပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ လုပ်ချင်တာတွေရှိတယ်။ မလုပ်နိုင်သေးတာတွေ ရှိတယ်။ ဒီစာတမ်းကို ကျွန်တော်က အလေးအနက် ရေးနေတာပါ။ တနေ့နေ့ပေါ့ဗျာ...”



သူက စိတ်ရှည်လက်ရှည် လေသံအေးအေးနဲ့ ပြောပြနေပြန်တယ်။ နောက်တော့ ဘေးမှာချိတ်ထားတဲ့ တီရှပ်လေးတွေဘက်ကို လှည့်သွားတယ်။ မိန်းကလေးဝတ် တွေပဲ။ ရင်ဘတ်မှာ ပန်းပွင့်ပုံ အရုပ်လှလှလေးတွေပါတဲ့ ပိန်ရှည်ရှည် တီရှပ်လေးတွေ။ 

အဲဒီတုန်း သူ့ဟန်းဖုန်းလေးက အသံမြည်လာတယ်။

“ကိုယ်က ဒီဘက် တီရှပ်တွေ ချိတ်ထားတဲ့ ထောင့်မှာ”

သူက တစ်ခွန်းပဲ ပြန်ပြောပြီး ဖုန်းချလိုက်တယ်။ တအောင့်ကြာတော့ ခြေသံကြားလိုက်ရတယ်။ သူ့ထက် နည်းနည်းလောက်ပဲ ငယ်ပုံရမယ့် အမျိုးသမီးလေးတစ်ယောက်။ ညိုညိုပါးပါးလေးပဲ။ ချည်အကျီင်္ဖြူလေးနဲ့ လုံချည်စကပ် အနက် ရှည်ရှည်လေးနဲ့။ မျက်နှာမှာ ဘာမှ လိမ်းခြယ်မထားသလောက်ပဲ။ အကောင်းစား ရေမွှေးနံ့ကတော့ သင်းနေတယ်။ လက်သည်းတွေကို တိုတိတိ ညှပ်ထားတယ်။ တကယ်တော့ အဲဒီမိန်းကလေး မျက်နှာပေါက်က ရွက်ကြမ်းရေကျို လောက် လို့ပဲ ပြောလို့ရမယ်။ သူက မိန်းကလေး ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တယ်။ ကောင်မလေးက အနားမှာ ရပ်နေတဲ့ ကျွန်မကို စူးစမ်းသလို တစ်ချက်ကြည့်လာတယ်။

“ကိုယ့် Interviewees တွေထဲကပါ”

“သြော်..”

ကောင်မလေးက ရေရွတ်တယ်။ဒီလောက်ဆို ကျွန်မက ဘာ ဆိုတာကို သဘောပေါက် သွားလောက်ရောပေါ့။ ကျွန်မရဲ့ ရုပ်ရည် ၀တ်စားထားပုံတွေနဲ့ ဒီလို မထင်ရလောက်တာကို အံ့သြသွားတာမျိုးက ကျွန်မက ခဏခဏ ကြုံခဲ့ဖူးပါပြီ။ 

Interviewees တွေထဲကပါ လို့ပြောလိုက်ပုံက ကျွန်မကို နှိမ့်ချတဲ့ လေသံ မဟုတ်တဲ့ သာမန်ပါပဲ။ ကောင်မလေးက ကျွန်မကို တစ်ချက် ပြုံးပြလိုက်တာလည်း သာမန်ပါပဲ။ မိန်းကလေးရဲ့ အကြည့်တွေက အံ့သြတာ နည်းနည်းလောက် စွန်းထင်းနေတာကလွဲလို့ ဘာမှမပါဘူး။ ဒါပေမယ့်လေ… ကျွန်မက အများသူငါတွေလို ချစ်သူအနားမှာ နောက်ထပ် မိန်းကလေးချောချောလှလှ တစ်ယောက်ကို မြင်တော့ မနာလို အကြည့်တွေဘာတွေနဲ့ ကြည့်လို့၊ သူ့လူကို သ၀န်တို လို့၊ အဲလိုမျိုးဖြစ်ရင် ပိုကောင်းမှာပဲ လို့ တွေးနေမိတယ်။ သူတို့နှစ်ယောက်ဟာ တကယ့်ကို လိုက်ဖက်ညီပါတယ်လေ။ “ပရော်ဖက်ရှင်နယ်” ဆန်တယ် ဆိုတာမျိုး။ အဲဒီစကားလုံးလေးက ခေါင်းထဲ ဖြတ်ကနဲ ၀င်လာပြန်တယ်။  အိုး…. ကျွန်မက ဘာတွေများ မျှော်လင့်နေမိပါလိမ့်။ ဗြုန်းဆို …. ကျွန်မကိုယ်ကျွန်မ ဟိုးအဝေးကမ္ဘာက ဂြိုဟ်သားတစ်ယောက်လိုလို ဖော်ပြရခက်တဲ့ ဝေးကွာမှုမျိုး ပထမဆုံး ခံစားလိုက်ရတာ...။ 

ကျွန်မ လှည့်ထွက်လာတော့ သူတို့နှစ်ယောက်က တီရှပ်လေးတွေကို ဆက်ပြီးကြည့်နေရင်း ကျန်ခဲ့တယ်။ သွားတော့မယ်လို့ နှုတ်ဆက်မိခဲ့ရဲ့လားဘာလား ကျွန်မ မမှတ်မိတော့ဘူး။ 

အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကျွန်မ ဘာလို့ ထူးထူးခြားခြား သည်းသည်းထန်ထန် ငိုချလိုက်မိသလဲ ဆိုတာကိုလည်း ဘယ်တော့မှ ပြန်တွေးအဖြေမရှာတော့ဘူး။

ပန်ဒိုရာ
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 10 of 10 comments

1. 03-01-2010 12:47

နည်းတောင်နည်းသေးတယ်
ဘာမှ သနားစရာ မရှိ ။ ၀တ်ချင်စား ချင်ပလွှားချင်စိတ်ကို အရင်းခံပြီးဘ၀ ပျက်တာ နည်းတောင်န ည်းသေးတယ် ။
Guest
ကိုစိုး

2. 21-11-2009 17:46

Outstanding one!
The best short story in this issue. 
Well done !
Guest
Thanlwin Reader

3. 18-11-2009 23:53

နတ်သမီးပုံပြင် နတ်သမီးအိပ်မက
ကောင်း ပါ တယ်။ ကျွှန် တော် မြင် တာ က နတ် သ မီး ရဲ့ အ နေ ထား ထက် အဲ ဒီး အ ခြေ နေ ဖြစ် ပေါ် စေ တဲ့ တိုင်း ပြည် ရဲ့ သ ရုပ် မှန် ကို လှ လှ ပ ပ ရေး ဆွဲ လိုက် တဲ့ မ ပြီး ဆုံး သေး သော ပန်း ချီး ကား တ ချပ် လို့ မြင် ပါ တယ်။
Guest
myintsoe

4. 17-11-2009 11:15

Professional
Professional Pan Pan :)
Guest
Hmoo

5. 16-11-2009 23:57

အမှောင်ထဲက ဘဝတွေအကြောင်း
အကြောင်းအမျိုးမျိုးေ ကြာင့် ဒီလိုဘဝတွေ မှာ ကျင်လည်နြေ ကရပေမယ့် သူတို့လေးေ တွလဲ တချိန်ချိန်မှာတော့ သူတို့ဘဝအတွက် အပြစ်ကင်းတဲ့ ချစ်ခြင်းေ တွကို တောင့်တကြ အလိုရှိကြမှာပဲပေါ့... 
လူအများစုရဲ့ နှိမ့်ချခြ င်းကို ခံကြရတဲ့ အမှောင်ထဲက ဘဝလေးတွေကို ဂရုဏာဖြစ်ချင်စရာကောင်းအောင် ရေးပြတတ်တဲ့  ပန်ပန်... တော်ပေ၏...။
Guest
သက်ဝေ

6. 16-11-2009 20:42

ကြိုက်တယ်
မေးခွန်းလေးတွေ ဒီထပ်ပို့ထ ည့်ပေးထားရ င် ကောင်းမလား မသိဘူး..။ 
ဖတ်လို့အတော်ကောင်းတယ် 
မပန်က ခေတ်ကြီးအေ ကြာင်းကို ပြောပြတယ်။ :) :)
Guest
lynndepa

7. 16-11-2009 19:43

nice
ှုI like it alot mama pan. :)
Guest
Cho April

8. 16-11-2009 18:05

သနားစရာ သိပ်မဖြစ်လို့ပါ..
အတွေးလေး ဆန်းသစ်လို့  တော်တော် ကောင်းပါတယ်။ 
ဒါပေမယ့် ကိုယ်သာ interviewer ဆိုရင် ဘွဲ့ရတစ်ယောက် ဖြစ်ရဲ့သား နဲ့ ဘယ်လောက်ကြီးတဲ့ အကြောင်းပြ ချက်မျိုးေ ကြာင့် (ရိုးရိုးသးသား သီချင်းပဲ ဆိုလည်း ဖြစ်သားနဲ့ ) ဒီဘဝ ရောက်ရလဲ ဆိုတာ မေးကြည့်ချ င်ပါသေးတယ် ။
Guest
သိင်္ဂါကျော်

9. 16-11-2009 15:25

Nice Post
အရမ်းကြိုက်တယ် ပန်ပန်
Guest
sdl

10. 16-11-2009 14:34

အကြိုက်ဆုံး
အရမ်: ကောင်းတယ်၊ ဒီ issue မှာ အကြိုက်ဆုံးအဖြစ် ဒီ post ကိုရွေးလို က်တယ်၊ ပညာပေး အချစ် ဘဝ အကုန်ပါတယ်
Guest
ခရေဖြူ

Display 10 of 10 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Tuesday, 10 November 2009 01:00