ဘလော့ဂါ နေဘုန်းလတ်၏ ၂၉ နှစ်ပြည့်မွေးနေ့ ကျင်းပ
Views : 3911
Favoured : 153
စင်ကာပူ (ဇွန် ၂၈) ဘားအံ အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ နေဘုန်းလတ် ၏ ယနေ့ကျရောက်သော ၂၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စင်ကာပူနိုင်ငံတွင် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်။
သံလွင်အိပ်မက်၏ အယ်ဒီတာတစ်ဦးဖြစ်သူ နေဘုန်းလတ်အား ရည်စူး၍ သံဃာတော်များကို သံလွင်အိပ်မက်နေအိမ်သို့ ပင့်ဖိတ်ကာ ဆွမ်း၊ သင်္ကန်းနှင့် ဝတ္ထုငွေကြေးများ ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ သံဃာတော်များက တရားဒေသနာတော်များ ချီးမြှင့်ခဲ့ကြပြီး နေဘုန်းလတ် ကျန်းမာအဆင်ပြေပါစေကြောင်း မေတ္တာပို့ ပရိတ်တော်များ ရွတ်ဖတ်ပေးခဲ့ကြသည်။ ယနေ့ကျင်းပသော အဆိုပါ ဆွမ်းကပ်လှူဒါန်းပွဲသို့ နေဘုန်းလတ်ကို ရင်းနှီးချစ်ခင်ကြသော သံလွင်အိပ်မက် မဂ္ဂဇင်းမှ ကလောင်ရှင်များ၊ ဘလော့ဂါများ၊ သူငယ်ချင်းမိတ်ဆွေများ တက်ရောက်ကုသိုလ်ယူခဲ့ကြသည်။
ယနေ့ကျရောက်သော နေဘုန်းလတ်၏ ၂၉ နှစ်မြောက်မွေးနေ့သည် ၄င်းအတွက် မတရား အကျဉ်းချခံထားရစဉ်အတွင်း ဖြတ်သန်းရသော ဒုတိယအကြိမ်မြောက် မွေးနေ့လည်းဖြစ်သည်။ ယမန်နှစ်က ကျရောက်သော ၂၈ နှစ်ပြည့် မွေးနေ့ကိုလည်း သံလွင်အိပ်မက်မှ ကျင်းပပေးခဲ့သည်။
နေဘုန်းလတ်မှလည်း သူ၏ မွေးနေ့အတွက် ယနေ့တွင် ထောင်အတွင်း စားသောက်ဖွယ်ရာများ ဝေငှကုသိုလ်ယူရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ နေဘုန်လတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် ဘလော့အချို့တွင်လည်း အမှတ်တရ စာနှင့်ကဗျာများ ရေးသားတင်ဆက်ထားသည်ကို တွေ့ရသည်။ နေဘုန်းလတ်သည် “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ” နှင့် “အလင်းနဲ့ရေးတဲ့ပန်းချီ ” ဘလော့များကို ရေးသားသူဖြစ်ပြီး သူ၏သတင်းများကို www.freenpl.blogspot.com တွင်လည်း ဖတ်ရှုနိုင်သည်။
(သံလွင်သတင်းစဉ်)
Users' Comments
Average user rating
ဘလော့ဂါ နေဘုန်းလတ်၏ ၂၉ နှစ်ပြည့်မွေးနေ့ ကျင်းပ
Sunday, 28 June 2009 21:14